ပညာရေးဖြင့် ကွာဟချက်များကိုဖြည့်ဆည်းပေးခြင်း



မြန်မာနိုင်ငံ ရှမ်းပြည်နယ်အတွင်းရှိ ရွှံ့နှစ်ရောင်ထနေသော အင်းလေးကန်ရေပြင်ပေါ်တွင် မော်တော်ဘုတ် များ ပြေးလွှားနေကြသည်။ သံဃာတော်များကိုတင်ဆောင်လာသည့် လှေများသည် ဘုရားများဆီသို့ လည်းကောင်း၊ ရွာသူရွာသားများကို တင်ဆောင်လာသော လှေများသည် ဈေးဆီသို့လည်းကောင်း သွား လာနေကြသည်။ နောက်ကျိနေသော ရေထဲမှ ဝါးမြှုံးကြီးများကို တံငါသည်များက ဆယ်တင်နေကြသည်။ ထိုစဉ်တွင် နိုင်ငံခြားသား ကမ္ဘာလှည့် ခရီးသည်များကို တင်ဆောင်လာသည့် လှေကြီးတစ်စင်းပေါ်လာ သည်။ ရိုးရာဓလေ့တွေ ပျောက်ကွယ် နေပြီဖြစ်သော မြင်ကွင်းကိုပင် သူတို့က ဓာတ်ပုံရိုက်မှတ်တမ်းတင် ရန် ပြင်ဆင်နေကြသည်။

မြန်မာနိုင်ငံ၏ ကမ္ဘာလှည့်ခရီးသွားလုပ်ငန်းသည် ဖွံ့ဖြိုးတိုးတက်ရန် အရှိန်ယူနေပြီဖြစ်သည်။ ဟိုတယ် သစ်များ၊ လေဆိပ်များနှင့် စားသောက်ဆိုင်များကို တစ်နိုင်ငံလုံးတွင် ဆောက်လုပ်နေကြသည်။ အင်းလေး ကန်လို နေရာမျိုးတွင် ထိန်းချုပ်မှုများကြောင့် ထင်သလောက် ဖွံ့ဖြိုးတိုးတက်မှုများ မရှိခဲ့ကြောင်းတွေ့ရ သည်။ ဆယ်စုနှစ်ပေါင်းများစွာ စစ်အစိုးရ တို့၏ စိုးမိုးအုပ်ချုပ်ခံရပြီးသည့်နောက်တွင် ပညာရေးကလည်း ဦးစိုက်ကျဆင်း၊ အသက်မွေးကြောင်းပညာ လေ့ကျင့် သင်ကြားရခြင်းများ ကလည်းကင်းမဲ့၊ နိုင်ငံခြားဘာသာ စကားကိုပင် အခြေခံလောက်ကစပြီး မသိသည့် ဘဝသို့ရောက်ခဲ့ကြ ရသည်။

ပညာရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး ကွာဟချက်များကို ဖြည့်ဆည်းပေးရန်အတွက် ရှေ့ပြေးအစီအစဉ်တစ်ခုကို ပြီးခဲ့ သည့်နှစ် နွေရာသီကတည်းက စတင်ခဲ့သည်။ နော်ဝေးနိုင်ငံမှ လူမှုစီးပွားအဖွဲ့အစည်းတစ်ခုဖြစ်သည့် Partnership for Change အဖွဲ့က မတည်ကူညီကာ ဆောင်ရွက်နေခြင်းဖြစ်သည်။ ထိုအဖွဲ့က အင်းလေးဒေသတွင် ကမ္ဘာလှည့် ခရီးသွားလုပ်ငန်း လုပ်ဆောင်သူများနှင့် ဧည့်ကြိုလုပ်ငန်း လုပ်ဆောင်နေ သူများကို အင်္ဂလိပ်စာသင်တန်း တစ်လ ခွဲပေးခဲ့သည်။ ထိုသင်တန်းကို နယ်ခြားဒေသများတွင် အင်္ဂလိပ်စာ လိုက်လံသင်ကြားပေးနေသည့် Teachers Across Borders အဖွဲ့မှ ဆရာများက သင်ကြားပို့ချပေးပြီး သင်တန်းသား ၇၇ ဦးတက်ရောက်ခဲ့ကြသည်။ သူတို့ကို အင်္ဂလိပ်ဂရမ်မာ အပါအဝင်၊ အင်္ဂလိပ် စကားပြောကိုပါ သင်ကြားပို့ချပေးခဲ့သည်။ ထိုသင်တန်းသည် အောင်မြင်သည်ဟုဆိုရမည်။ ယခုနှစ်နွေရာသီ သင်တန်းဖွင့်ချိန်တွင် သင်တန်းတက်ရန် လာရောက်စာရင်းပေးသူ ပေါင်း ၁၂၀ ခန့်ဖြစ်လာသည်။

အင်လေးကန်တွင် သင်ကြားနေသော ထိုအင်္ဂလိပ်စာသင်တန်းသည် အသက်မွေးဝမ်းကျောင်း ပညာ သင်ကြားရေး အစီအစဉ် တစ်ဒါဇင်ခန့်ရှိသည့်အနက် တစ်ခုဖြစ်ပြီး မြန်မာနိုင်ငံတွင် သင်ကြားပေးခွင့် ရရှိခဲ့ခြင်းဖြစ်သည်။ မြန်မာနိုင်ငံသည် ယခုအခါ နိုင်ငံတကာက ရင်းနှီးမြှုပ်နှံရန် စိတ်ဝင်စားသည့် နေရာ တစ်နေရာ ဖြစ်နေသည်။ ဧည့်ကြိုသင်တန်းများ၊ နည်းပညာ သင်တန်းများနှင့် သူနာပြုသင်တန်းများကို အမြန်ဆုံး သင်ကြားပို့ချ ပေးရန် လိုအပ်နေသည့် နိုင်ငံတစ်နိုင်ငံလည်းဖြစ်သည်။

ဥပမာပြရလျှင် မြန်မာနိုင်ငံ၌ Telenor ကုမ္ပဏီသည် ယမန်နှစ်က မိုဘိုင်းလ်ဖုန်းဝန်ဆောင်မှု လုပ်ငန်းအ တွက် လေလံပွဲကို အောင်မြင်ခဲ့သည်။ ယခုနှစ်အကုန်တွင် ထိုကုမ္ပဏီမှ ဝန်ထမ်းပေါင်း ၁၀၀၀ ကိုငှားရမ်း အသုံးပြုမည်ဟု ဆိုထားသည်။ တယ်လီနော-မြန်မာ အကယ်ဒမီသင်တန်းကို ဒီဇင်ဘာလကတည်းက စတင်ဖွင့်လှစ်ခဲ့သည်။ ထိုသင်တန်းဖွင့်ရခြင်းမှာ ကျွမ်းကျင်ဝန်ထမ်းများ ရရှိရန်နှင့် ပညာရှင်များပေါ်ထွန်း ရန်ဖြစ်သည်။

အလားတူ မြန်မာနိုင်ငံ တက္ကသိုလ်ပညာရေးကလည်း ပြောင်းလဲရန် ခြေလှမ်းပြင်နေကြောင်းတွေ့ရသည်။ ၂၀၁၂ ခုနှစ် အောက်တိုဘာလတွင် ပညာရေးဆိုင်ရာဆွေးနွေးပွဲတစ်ခုကို စတင်ကျင်းပပြုလုပ်ခဲ့သည်။ ပညာရေးကဏ္ဍတွင် မူလတန်းမှ သည် တက္ကသိုလ်ပညာရေးအပါအဝင် သက်ကြီးပညာရေးအထိ နိုင်ငံတ ကာပညာရေး အဆင့်မီစေမည့် ပြုပြင်ပြောင်းလဲမှုများ ကို ဆောင်ရွက်နိုင်ရေးအတွက် ထိုဆွေးနွေးပွဲကို ကျင်းပကြခြင်းဖြစ်သည်။

မြန်မာအစိုးရကဦးဆောင်သည့် ထိုဆွေးနွေးပွဲကို အာရှဖွံ့ဖြိုးတိုးတက်ရေးဘဏ်၊ ဗြိတိသျှကောင်စီနှင့် Unesco တို့ကပူးပေါင်းပါဝင် ကူညီခဲ့ကြသည်။ ထိုဆွေးနွေးပွဲမှရလဒ်များကို မူကြမ်းအဖြစ် တင်သွင်းထား ခဲ့ရာ လာမည့် ဇွန်လတွင် ကျင်းပရန်ရှိသော လွှတ်တော်တွင်အတည်ပြုနိုင်လိမ့်မည်ဟု မျှော်လင့်ရသည်။ ထိုပညာရေးဥပဒေ ထွက်ပေါ်လာလျှင် သင်ရိုးညွှန်းတမ်း၊ တက္ကသိုလ်ဝင်တန်း စာမေးပွဲနှင့် ကျောင်းလုပ်ငန်း ဆိုင်ရာ သဘောတရားများ ပြောင်းလဲသွားလိမ့်မည်ဟု ခန့်မှန်းရသည်။

“ပညာရေးစနစ်မှာ အထူးသဖြင့်တော့ အဆင့်မြင့်ပညာရေးကို ပြုပြင်ပြောင်းလဲရေးဟာ နိုင်ငံဖွံ့ဖြိုးတိုး တက်ရေး အတွက် အဓိကကျတဲ့ အချက်ဖြစ်တယ်” ဟု IIE (Institute of International Education) မှ ဒုတိယဥက္ကဋ္ဌ ဒင်နီရယ် အော့ဘ်စ်ကဆိုသည်။ IIE အဖွဲ့သည် နယူးယောက်ခ် အခြေစိုက် NGO အဖွဲ့တစ် ဖွဲ့ဖြစ်ပြီး ကမ္ဘာ့ ပညာရေး အဖွဲ့အစည်းများနှင့် ချိတ်ဆက်ပြီး အစိုးရများကို အကူအညီပေးလျက်ရှိသည်။ သူက

“မြန်မာနိုင်ငံကို ကုမ္ပဏီတွေက ထိုးသုတ်ဝင်ရောက်ပြီး ရင်းနှီးမြှုပ်နှံမှုတွေ လုပ်ကြတော့မယ်။ ဒီလိုအချိန်မှာ မှန်ကန်တဲ့ ပညာရေးကို သင်ကြားမပေးနိုင်ဘူးဆိုရင်၊ ပါမောက္ခတွေက မှန်ကန်တဲ့ ပညာကို မသတ် မှတ်ပေးနိုင်ဘူးဆိုရင် စိန်ခေါ်မှုတွေနဲ့ ရင်ဆိုင်ရဖို့သေချာနေပြီ” ဟုပြောကြားသည်။

မြန်မာနိုင်ငံ၏ပညာရေးသည် စစ်အစိုးရများ အုပ်ချုပ်ခဲ့သည့် နှစ်ပေါင်း ငါးဆယ်ကျော်ကာလအတွင်း သုံးစားမရ နိုင်လောက်အောင် အကြီးအကျယ် ပျက်စီးခဲ့သည်ဟုဆိုရမည်။ ပျက်စီးမှုသည် ၂၀၁၁ ခုနှစ်လောက်အရောက်တွင် လမ်းစကုန် ဇာတ်သိမ်းပြီဟု ယူဆရသည်။ ၁၉၈၈ ခုနှစ်တွင် နိုင်ငံတစ်ဝှမ်း လုံးတွင် ကျောင်းသားများကစတင်ခဲ့သည့် ဆူပူ အုံကြွမှုကြီးတစ်ခု ဖြစ်ပွားခဲ့သည်။ ရက်စက်စွာ ဖြိုခွင်းနှိမ်နင်းခြင်းခံခဲ့ရပြီး ထောင်ပေါင်းများစွာ သေဆုံးခဲ့ရ၊ ဖမ်းဆီးခံခဲ့ကြ ရသည်။ အငြိုးကြီးသည့် စစ်အစိုးရကလည်း တက္ကသိုလ်ပညာရေးကို သုံးစားမရသည်အထိ တစ်စစီဆွဲဖျက်ကာ ပျက်စီး စေခဲ့သည်။ တက္ကသိုလ် ကောလိပ်များကို မြို့နှင့် အဝေးဆုံးနေရာများသို့ပို့ပြီး လူစုခွဲခဲ့သည်။ အထူးသဖြင့် ရန်ကုန်နှင့် မန္တလေးမြို့ကြီးများတွင်ဖြစ်သည်။

“ကျောင်းသားတွေက ပညာသင်ဖို့ ရွှံ့ထဲ ဗွက်ထဲ၊ လယ်ကွင်းတွေထဲကိုဖြတ်ပြီး တက္ကသိုလ်တွေဆီ သွားနေကြရတယ်။ အဲဒီလို လုပ်တာဟာ ကျောင်းသားတွေရဲ့ စုစည်းမှုကို ဖြိုခွဲရုံသာမက နိုင်ငံရေးလှုပ်ရှား မှုတွေကို မဆောင်ရွက်နိုင်အောင်ဆိုတဲ့ စိတ်ကူးနဲ့ လုပ်ဆောင်ခဲ့ခြင်းဖြစ်တယ်” ဟု မြောက်ပိုင်း အီလီနွိုက်စ် တက္ကသိုလ်တွင် မြန်မာစာ ပါမောက္ခအဖြစ် တာဝန်ထမ်းဆောင်နေသော မသရဖီသန်းကဆိုသည်။

မြန်မာနိုင်ငံတွင် တက္ကသိုလ်များကို ပြည်သူပိုင်သိမ်းခဲ့ပြီး ဝန်ကြီးဌာန ၁၃ ခုက အဆင့်မြင့်ပညာရေး၏ ကြီးကြပ်မှုများကို ခွဲဝေတာဝန်ယူကြသည်။ ပညာသင်နှစ်များကိုလည်း နိုင်ငံတကာအဆင့်မီစေရန်ဟု အကြောင်းပြပြီး လျှော့ချခဲ့ကြသည်။

နိုင်ငံတွင် လွန်ခဲ့သည့် သုံးနှစ်ကစပြီး တံခါးဖွင့်ဝါဒကျင့်သုံးခဲ့ပြီးနောက် အဆင့်မြင့်ပညာရေး တွင် ပြောင်းလဲမှုများ အလျှင်အမြန်လုပ်ဆောင်လာကြကြောင်းတွေ့ရသည်။ ထိုပြောင်းလဲမှုများထဲတွင် ရန်ကုန်ပင်မတက္ကသိုလ်ကြီးကို ပြန်လည်ဖွင့်လှစ်ပေးခဲ့ခြင်းကလည်း တစ်ခုအပါအဝင်ဖြစ်သည်။ ပြီးခဲ့သည့်နှစ် ဒီဇင်ဘာလကစပြီး ကျောင်းသား ၁၀၀၀ ခန့်ကို ရန်ကုန် တက္ကသိုလ် အိပ်ဆောင်များ တွင် ပြန်လည်တွေ့မြင်ခဲ့ကြရပြီး စာသင်ခန်းများတွင် ပြန်လည်တွေ့မြင်လာခဲ့ ရသည်။

တက္ကသိုလ်များကို ကိုယ်ပိုင်အုပ်ချုပ်ခွင့်ပေးပြီး ဗဟိုကအစချုပ်ကိုင်ထားမှုများကို လျှော့ချလာခဲ့သည်။ အထူးသဖြင့် ဝန်ကြီး ဌာနများ၏ချုပ်ကိုင်မှုလက်အောက်မှ လွတ်မြောက်စပြုလာပြီဟုဆိုရမည်ဖြစ်သည်။

လွှတ်တော်တွင်လည်း အဆင့်မြင့်ပညာရေးဥပဒေများကို ပြန်လည်ပြင်ဆင်ရေးဆွဲရေးနှင့် ရန်ကုန် တက္ကသိုလ်ကို ခေတ်မီစွာ ပြုပြင်ပြောင်းလဲရေးများ ဆွေးနွေးနေကြကြောင်း သိရသည်။ လက်ရှိ သင်ကြားနေကြသည့် အသက်မွေးဝမ်းကျောင်း ပညာရပ်များနှင့် အဆင့်မြင့်ပညာရေး၏ သင်ရိုးညွှန်းတမ်း များသည် အလုပ်အကိုင် ဈေးကွက်အတွက် အံဝင်ခွင်ကျ မဖြစ်တော့ကြောင်း အာဏာပိုင်တို့ ကောင်းစွာ သဘောပေါက် နားလည်ထားကြသည်။

အဆင့်မြင့်ပညာဌာန ညွှန်ကြားရေးမှူး ဦးဇော်ဌေးကလည်း အီးမေးလ်တစ်စောင်ထဲတွင် “လက်တွေ့ကျ သည့် အလုပ်အကိုင်အခွင့်အလမ်းများနှင့် ကိုက်ညီမှုရှိသော သင်ရိုးညွှန်းတမ်းများကို ရေးဆွဲသွား မည်ဖြစ်ကြောင်း၊ လက်ရှိ ကျင့်သုံး နေသည့် ပညာရေးစနစ်သည် ညီညွတ်မျှတမှု မရှိကြောင်း၊ ပြန်လည် အစားထိုး ပြုပြင်ပြောင်းလဲ ပေးရန် လိုအပ်နေပြီ ဖြစ်ကြောင်း” ပြောကြားခဲ့သည်။

“တက္ကသိုလ်ကနေထွက်သွားတဲ့သူတွေဟာ လုပ်ငန်းခွင်တွေမှာ လိုအပ်နေတဲ့ ကျွမ်းကျင်မှု အရည်အသွေးတွေ ပါမသွားကြဘူး။ ကုမ္ပဏီတွေကလည်း ခုချိန်မှာ ကျွမ်းကျင်တဲ့လုပ်သားတွေကို စုဆောင်းရှာဖွေနေကြတယ်။ လူသစ်တွေစုဆောင်းရာမှာ ထိုးထွင်းတီထွင် ဖန်တီးနိုင်စွမ်းလည်းရှိရမယ်၊ လုပ်ငန်းဆိုင်ရာ စီမံခန့်ခွဲမှုပညာလည်း ကျွမ်းကျင်ရမယ်၊ အင်္ဂလိပ်လိုလည်း ကောင်းကောင်း တတ်ရမယ် ဆိုတဲ့ လူတွေ အလွန့်အလွန် ရှားနေပြီ” ဟု မစ္စတာ မက္ကင်ဇီကဆိုသည်။

နိုင်ငံတကာနှင့် တက္ကသိုလ်ပညာရေးကို ချိတ်ဆက်ခြင်းဆိုသည်မှာ သင်ကြားနေသည့် သင်ရိုးညွှန်းတမ်း များကို ကမ္ဘာ့အလုပ် အကိုင်ဈေးကွက်နှင့် ချိတ်ဆက်မိရန်ဖြစ်သည်။ ဒင်နီရယ် အော့ဘ်စ်က

“ကျွန်တော်ကတော့ ပညာရေးပြုပြင်ပြောင်းလဲရာမှာ ဥပဒေတွေ ထုတ်ပြန်နေတဲ့အထိ မစောင့်သင့်ဘူး ထင်တယ်။ ခုကတည်းက တစ်ခုခုစတင်လုပ်ဆောင်ဖို့လိုမယ်။ နိုင်ငံခြား တိုင်းပြည်တွေက တက္ကသိုလ် တစ်ခုခုနဲ့ ချိတ်ဆက်မထားဘဲနဲ့ သင်ရိုးညွှန်းတမ်းတွေကို ဘယ်လိုလုပ်ပြီး ပြန်ဆွဲကြမှာလဲ။ နိုင်ငံခြား တိုင်းပြည်တစ်ခုခုနဲ့ ပူးပေါင်းမထားဘဲ သင်ရိုးတွေကို ပူးပေါင်းသင်ကြားဖို့ဆိုတာလည်း ဘယ်လို လုပ်ပြီးတော့ ဖြစ်နိုင်မှာလဲ” ဟုသုံးသပ်သည်။

မှတ်ချက်။ ၂၀၁၄ ခုနှစ် မတ်လ ၁၀ ရက်နေ့ထုတ် The International New York Times သတင်းစာပါ Ginanne Brownell ရေးသားသည့် "Education Programs Try to Close Gaps in Myanmar" ကို ပြန်ဆိုပါသည်။

မောက္ခပညာရေး Magazine

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...