ကမ္ဘာကြီးကို ပြောင်းလဲပစ်ခဲ့တဲ့ တီထွင်ဖန်တီးမှု ဆယ်ခု (အပိုင်း -၁ )
Angel on 2014-04-28 15:05
လူသားတွေနဲ့ တိရစ္ဆာန်တွေ ကွာခြားတဲ့အဓိကအချက်ကတော့ လူသားတွေဟာ တီထွင်ဖန်တီးဥာဏ် ပိုမို မြင့်မားခြင်းဖြစ်တယ်လို့ ဆိုပါတယ်။ အားကြီးသူက အားနည်းသူကို အနိုင်ယူတဲ့ သဘာဝလောက ကြီးမှာ ကျွန်တော်တို့ လူသားတွေဟာ တီထွင်ဖန်တီးမှု၊စဉ်းစားဆင်ခြင်ဥာဏ်ရှိမှုတို့ နဲ့ နှစ်ပေါင်းများစွာ အသက်ရှင် နေထိုင်ခဲ့ပြီး ဒီကမ္ဘာကြီးကို ကြီးစိုးနိုင်ခဲ့ကြပါတယ်။
ကျွန်တော်တို့ ကမ္ဘာကြီးဟာ လွန်ခဲ့တဲ့ နှစ် သန်းပေါင်း လေးထောင့်ငါးရာ လောက်က စတင် ဖြစ်တည် လာခဲ့ပြီး Homo Sapiens လို့ ခေါ်တဲ့ ကျွန်တော်တို့ လူသားမျိုးနွယ်တွေကတော့ လွန်ခဲ့တဲ့ နှစ်ပေါင်း နှစ် သိန်းကျော် ၀န်းကျင်ကမှ စတင်ပြောင်းလဲဖြစ်တည်လာတယ်လို့ သိပ္ပံပညာရှင်တွေက ခန့် မှန်းထားပါတယ်။
လူသားမျိုးနွယ်နဲ့ ကမ္ဘာကြီးကို ပြောင်းလဲပစ်ခဲ့တဲ့ တီထွင်ဖန်တီးမှု ဆယ်ခု ကို ကြည့်ကြည့်ရအောင်။
၁၀။ ဘီး
ဘီစီ ၃၅၀၀ ခန့် မှာ ဘီး တွေကို စတင်မတီထွင်နိုင်သေးခင်က လူသားတွေဟာ ကုန်းလမ်းခရီးသယ်ယူ ပို့  ဆောင်ရေးမှာ ဘယ်လောက်ဝေးဝေး၊ ဘယ်လောက်များများ သယ်နိုင်သလဲဆိုတဲ့အပေါ် ဆိုးရွားစွာ ကန့်  သတ်ခံထားရပါတယ်။ တစ်နည်းပြောရရင် ကုန်ပစ္စည်းအနည်းငယ်နဲ့ ခရီးတို လောက်ကိုပဲ လူသားတွေ သွားနိုင်ခဲ့ပါတယ်။ ဘီး တွေကို စတင်တီထွင်တွေ့ ရှိပြီးနောက်မှာတော့ ပိုမိုမြန်ဆန်တဲ့ သယ်ယူပို့ ဆောင်ရေး သာမက စိုက်ပျိုးရေးနဲ့ စီးပွားရေးလုပ်ငန်းတွေ တစ်ရှိန်ထိုးတိုးတက်ခဲ့ပါ တယ်။ ဝေးကွာလှတဲ့ ခရီးတွေကို လူအများ ပိုမိုမြန်ဆန်သက်သာစွာနဲ့ ရောက်ဖို့ အကောင်းဆုံး အထောက် အကူပြုခဲ့ပါတယ်။ ဒီဘက်ခေတ်အထိ ဘီး တွေဟာ ကျွန်တော်တို့ လူနေမှုပုံစံရဲ့ မရှိမဖြစ်အရေးအကြီးဆုံး အရာတစ်ခုအဖြစ် ရှိနေဆဲပါပဲ။
၉။ သံရိုက်ခြင်း
သံရိုက်တဲ့နည်းပညာသာ မရှိခဲ့ရင် လူ့ ယဉ်ကျေးမှုအဖွဲ့ အစည်းကြီး တစ်ခုလုံး ဖြစ်ပေါ်လာစရာမရှိပါဘူး။ ဒီ အဓိက ကျတဲ့ တီထွင်မှုကို နောက်ကြောင်းပြန်ကောက်မယ်ဆိုရင် လွန်ခဲ့တဲ့နှစ်ပေါင်း ၂၀၀၀ ကျော်၊ ရှေး ရောမခေတ်လောက်ကလို့  မှတ်တမ်းတွေမှာ ဖော်ပြထားပါတယ်။ ဖြစ်နိုင်တာကတော့ သံသတ္တုပစ္စည်းတွေကို ဖြတ်တောက်ပုံသွင်းတဲ့ အတတ်ပညာကိုတွေ့ ရှိပြီးမှ သံရိုက်ခြင်း နည်းပညာ ပေါ်ပေါက်လာတာဖြစ်ပါတယ်။ သစ်သားချောင်းတွေကို တစ်ခုနဲ့ တစ်ခု ခက်ခက်ခဲခဲ ဂျီသြမေတြီကျကျ တွဲဆက်ပြီးမှ ဆောက်လုပ်ခဲ့ရတဲ့ ဆောက်လုပ်ရေးလုပ်ငန်းတွေရဲ့ မြန်ဆန်ထိရောက်မှုကို သံရိုက်ခြင်းနည်းပညာက အကောင်းဆုံး အထောက်အပံ့ပေးနိုင်ခဲ့ပါတယ်။
၈။ သံလိုက်အိမ်မြှောင်
ရှေးခေတ်ရေကြောင်းသွားလာသူတွေဟာ ကြယ်တွေကို အမှတ်အသားပြုသွားလာခဲ့ကြပါတယ်။ ဒါပေမယ့် ဒီနည်းလမ်းက နေ့ ဘက်အချိန်တွေနဲ့ တိမ်ထူထပ်တဲ့ညဘက်တွေမှာ အလုပ်မလုပ်ပါဘူး။ ရေကြောင်းခရီး သွားလာခြင်းဟာ အန္တရာယ်အများဆုံးလုပ်ရပ်တစ်ခု ဖြစ်ခဲ့ပါတယ်။
၉ ရာစုနဲ့ ၁၁ ရာစု ကြားမှာ တရုတ်တွေက ပထမဆုံး သံလိုက်အိမ်မြှောင်ကို တီထွင်ခဲ့ပါတယ်။ သဘာဝ အလျောက်သံလိုက်ဓာတ်ပါတဲ့ သံလိုက်ကျောက်ကို အသုံးပြုပြီး တီထွင်ခဲ့တာပါ။ တရုတ်တွေဟာ ဒီသံ လိုက်ကျောက်ရဲ့ ဆွဲငင်သတ္တိကို သိရှိဖို့ ရာစုနှစ်များစွာ လေ့လာခဲ့ရတယ်လို့ ဆိုပါတယ်။ (ပုံမှာ ဖော်ပြထား တာကတော့ ဟန်မင်းဆက်ခေတ်က တရုတ်သံလိုက်အိမ်မြှောင်ပုံစံတစ်ခု ဖြစ်ပါတယ်။ သံလိုက်ကျောက် တစ်တုံးကို ပုံစံသွင်း အရောင်တင်ပြီး တောင်အရပ်ကို အမြဲညွှန်ပြနေတဲ့ ဇွန်းပုံစံ ပြုလုပ်ထားတာပါ။ သိပ်မကြာခင်ပဲ ဒီနည်းပညာဟာ ရေကြောင်းဆက်သွယ်ရေးကနေပဲ ဥရောပနဲ့  အာရပ်လူမျိုးတွေ ဆီ ရောက်ရှိသွားခဲ့ပါတယ်။ သံလိုက်အိမ်မြှောင်ကြောင့် ရေကြောင်းခရီးသွားလာသူတွေဟာ ကုန်းမြေနဲ့ အ လှမ်းကွာတဲ့ ပင်လယ်သမုဒ္ဒရာတွေဘက် ရွက်လွှင့်နိုင်ခဲ့ကြပြီး ပင်လယ်ရေကြောင်း ကုန်သွယ်ရေးကို တိုးတက်စေခဲ့သလို နယ်ပယ်ရှာဖွေရေးခေတ်ကိုလည်း အစပျိုးပေးခဲ့ပါတယ်။
၇။ ပုံနှိပ်စက်
သက္ကရာဇ် ၁၄၄၀ ၀န်းကျင်မှာ ဂျာမန်လူမျိုး Johannes Gutenberg က ပုံနှိပ်စက်ကို စတင်တီထွင်ခဲ့ပါတယ်။ သူ့ ရဲ့ သတ္တုကိုအရည်ကြိုပြီး စာလုံးပုံစံသွင်းပြီး စာရွက်မှာ ဖိနှိပ်ကာ ပုံနှိပ်တဲ့ နည်းပညာအသစ်က နှစ်ချီ လများအချိန်ယူပြီး လက်နဲ့ ရေးခဲ့ရတဲ့ စာအုပ်တွေကို နိဂုံးချုပ်စေခဲ့ပြီး ဘာသာရေး၊နိုင်ငံရေး၊နည်းပညာ၊ အနုပညာနယ်ပယ်အသီးသီးက စာအုပ်အမြောက်အများကို အချိန်အနည်းငယ်အတွင်း အမြောက် အများမိတ္တူ ပွားနိုင်ခဲ့ပါတယ်။ သက္ကရာဇ် ၁၅၀၀ ပြည့်နှစ်အရောက်မှာ အနောက်ဥရောပအတွင်း စာအုပ် စာစောင်ပေါင်း နှစ်သန်းကို ပုံနှိပ်ခဲ့နိုင်ပြီး နည်းပညာဗဟုသုတကို စာအုပ်တွေကနေ တဆင့် မြန်ဆန် စွာ ဖြန့် ဝေနိုင်ခဲ့ပါတယ်။
Gutenberg ရဲ့ ပထမဆုံး ပုံနှိပ်စက် ပုံစံတူ
၆။ အတွင်းပေါက်ကွဲအင်ဂျင် (Internal combustion engine)
ဆီနဲ့လေအရောကိုသွင်းပြီးမှ Spark Plug ကမီးပွင့်စေကာ combustion ဖြစ်စေတဲ့အင်ဂျင်မျိုးကို Spark Ignition Engine လို့ခေါ်တယ်။ အဲဒီလို လေညှစ်ဆီပန်း ဒါမှမဟုတ် ဆီလေအရောသွင်းပြီး spark plug ကနေ မီးပွင့်စေပြီး combustion ဖြစ်စေတဲ့ အင်ဂျင်တွေကို cylinder အတွင်းမှာ combustion ဖြစ်တဲ့ အတွက် အတွင်းပေါက်ကွဲအင်ဂျင် (Internal Combustion or IC Engine)ဆိုပြီးခေါ်ဆိုပါတယ်။ ဒီအင်ဂျင်တွေဟာ စက်မှုခေတ်အစပိုင်းမှာ စတင်ပေါ်ထွက်ခဲ့ပြီး ရေယာဉ် သဘောင်္၊ မော်တော်ကားတွေ ကနေအစ လေယာဉ်ပျံ တွေ အပါအ၀င် နောက်ထပ် အမျိုးအမည်များပြားလှတဲ့ စက်ပစ္စည်းများစွာ တီထွင် ဖန်တီးမှုကို ဖြစ်ပေါ်စေခဲ့ပါတယ်။
ပြင်သစ်-ဆွီဒင်လူမျိုး တီထွင်သူ Isaac de Rivaz ရဲ့ ၁၈၀၇ ခုနှစ်၊အတွင်းပေါက်ကွဲအင်ဂျင်သုံး ပထမဆုံး ကား
နောက်ထပ်ဖော်ပြပါမည်။
Ref: Wikipedia.org, livescience.com
Trend Myanmar