ဘာစီလိုနာနည်းပြဟောင်း ဗီလန်နိုဗာ ကွယ်လွန်



ဘာစီလိုနာအသင်း၏ နည်းပြဟောင်း တီတို ဗီလန်နိုဗာသည် သောကြာနေ့ (ဧပြီ ၂၄ ရက်) တွင် ကွယ်လွန် သွားပြီဖြစ်ကြောင်း သိရှိရသည်။ အသက် ၄၅ နှစ်အရွယ်ရှိပြီဖြစ်သည့် ဗီလန်နိုဗာသည် ကင်ဆာရောဂါကို ကာလရှည်ကြာ ခံစားခဲ့ရပြီးနောက် ကွယ်လွန် သွားခဲ့ခြင်းဖြစ်သည်။ ဗီလန်နိုဗာသည် ကင်ဆာရောဂါကို ၂ နှစ်ကျော်ကြာ ခံစားခဲ့ရပြီး အဆိုပါ ကျန်းမာရေးပြဿနာကြောင့် ဘာစီလိုနာနည်းပြအဖြစ်မှ ယမန်နှစ် ဇူလိုင်လတွင် နုတ်ထွက်ခဲ့ရသည်။ နည်းပြဟောင်း ဗီလန်နိုဗာ ကွယ်လွန်ကြောင်း ဘာစီလိုနာ အသင်းက ယနေ့တွင် သတင်းထုတ်ပြန်ခဲ့သည်။



၂၀၁၁ ခုနှစ်ကတည်းက ကင်ဆာရောဂါ ခံစားနေခဲ့ရသည့် နည်းပြဟောင်း ဗီလန်နိုဗာ ကွယ်လွန်သွားခြင်း အတွက် မိသားစုနှင့်ထပ်တူ ဝမ်းနည်းရကြောင်း၊ ကလပ်အသင်းသားများ၊ ပရိသတ်များ၊ ဘောလုံးနှင့်အား ကစား လောကနှင့်အတူ ကြေကွဲရသည့် အခိုက်အတန့်ပင်ဖြစ်ကြောင်း ဘာစီလိုနာအသင်း၏ ထုတ်ပြန် ချက်တွင် ဖော်ပြသည်။ ဘာစီလိုနာအသင်းသည် နည်းပြဟောင်း ဗီလန်နိုဗာအတွက် ဝမ်းနည်းခြင်းအထိမ်း အမှတ် လာရောက်ပြုလုပ်လိုသည့် ပရိသတ်များအတွက် ၎င်းတို့၏ နူးကမ့်ကွင်းတွင် နေရာတစ်ခု ဆောင် ရွက်ပေးထားမည်ဖြစ်သည်။



ဗီလန်နိုဗာသည် ၁၉၈၄ ခုနှစ်မှ ၁၉၈၈ ခုနှစ်အထိ ဘာစီလိုနာအသင်းနှင့်အတူ ၎င်း၏ လူငယ်ကစားသမား ဘဝကို ဖြတ်သန်းခဲ့သူဖြစ်သည်။ ထို့နောက် ၁၉၈၈ ခုနှစ်မှ ၁၉၉၀ ခုနှစ်အထိ ဘာစီလိုနာ ဒုတိယအသင်း တွင် ဘောလုံးကစားခဲ့ပြီး ၅၂ ပွဲ ပါဝင်ခဲ့ပြီး ၆ ဂိုး သွင်းယူခဲ့သည်။ ကွင်းလယ် ကစားသမားတစ်ဦးဖြစ်သူ ဗီလန်နိုဗာသည် ဆဲလ်တာ၊ မာယော့ကာ၊ အယ်လ်ချီ စသည့် အသင်းများ အပါအဝင် အသင်း ၈ သင်းတွင် ကစားသမားဘဝကို ဖြတ်သန်းခဲ့သည်။ ထို့နောက် ပလာဖရူဂျဲလ်အသင်းငယ်လေးတွင် နည်းပြအဖြစ် ၂၀၀၃ ခုနှစ်မှ ၂၀၀၄ ခုနှစ်အထိ ဆောင်ရွက်ခဲ့သည်။



၂၀၀၇-၀၈ ဘောလုံးရာသီတွင်မူ ဘာစီလိုနာ ဒုတိယအသင်း၏ လက်ထောက်နည်းပြ၊ ၂၀၀၈ ခုနှစ်မှ ၂၀၁၂ ခုနှစ်အထိ ဘာစီလိုနာအသင်း၏ လက်ထောက်နည်းပြအဖြစ် တာဝန်ယူခဲ့သည်။ ၂၀၁၂ ခုနှစ်တွင်မူ ဘာစီလိုနာအသင်း နည်းပြအဖြစ် ဆောင်ရွက်ခဲ့ပြီး ထိုနှစ်၌ပင် စပိန်လာလီဂါဆုဖလားကို ရယူနိုင်ခဲ့သည်။ ထို့နောက် ကင်ဆာရောဂါ ခံစားခဲ့ရပြီး ၂၀၁၃ ခုနှစ် ဇူလိုင်လတွင် ကျန်းမာရေးကြောင့် ဘာစီလိုနာနည်းပြ အဖြစ်မှ နုတ်ထွက်ခဲ့ရသည်။ ဗီလန်နိုဗာနှင့် ၎င်း၏ ဇနီးသည် မွန့်စ်တို့တွင် သမီးတစ်ယောက်နှင့် သားတစ်ယောက်ရှိပြီး သားဖြစ်သူ အက်ဒရီယာမှာ ဘာစီလိုနာ ဒုတိယအသင်းတွင် ဘောလုံးကစားနေ သူလည်း ဖြစ်သည်။

Planet Myanmar Network

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...