မသန်စွမ်းကျောင်းသားများအတွက် ပညာသင်ဆုအစီအစဉ် စတင်မည်


photo:google

မသန်စွမ်းကျောင်းသား၊ သူများ တက္ကသိုလ်ပညာ တက်ရောက်သင်ကြားနိုင်ရေးအတွက် ထောက်ပံ့ပေးမည့် ပညာတော်သင်ဆု ချီးမြှင့်မည့် အစီအစဉ် တစ်ခုကို နိပွန်ဖောင်ဒေးရှင်း(Nippon Foundation) နှင့် ဧဒင်ဖောင်ဒေးရှင်း (The Eden Foundation)တို့က ပူးပေါင်း၍ ယခုနှစ် ဇွန်လအတွင်း စတင်ပြုလုပ် မည်ဖြစ်ကြောင်း သတင်းရရှိသည်။

ပညာတော်သင်ဆုမှာ စာသင်နှစ်တစ်နှစ်လျှင် ကျောင်းသား၂၀ မှ ၂၅ ဦးအထိ ပေးအပ် ချီးမြှင့်သွားရန် စီစဉ်ထားပြီး အဆိုပါ ကျောင်းသားများကို နိပွန် ဖောင်ဒေးရှင်းမှ ပညာသင်စရိတ်နှင့် အခြားနေထိုင်ကုန်ကျ စရိတ်များကို ထောက်ပံ့ပေးသွားမည်ဖြစ်သည်။

‘‘နိပွန်ဖောင်ဒေးရှင်းရဲ့ ဘုတ်အဖွဲ့က ခွင့်ပြုချက်ရတာနဲ့ စကောလားရှစ်အစီအစဉ်ကို စတင်ဆောင်ရွက်မှာ ပါ။ အခု ဇွန်လအတွင်းမှာ မသန်စွမ်းကျောင်းသား အယောက်၂၀ ကနေ ၂၅ ယောက်အထိကို တက္ကသိုလ် တက်ရောက်နိုင်ဖို့ ဖောင်ဒေးရှင်းက စကော်လာပေးသွားမယ်။ နောက်ပိုင်း အစီအစဉ်တိုးတက်လာ ရင် ကျောင်းသားတွေကို တိုးချဲ့ပြီး စကော်လာပေးသွားမှာပါ’’ ဟု နိပွန်ဖောင်ဒေးရှင်းမှ စီမံကိန်း ညှိနှိုင်းရေးမှူး မစ္စတာ Dai -ji Tateishi က ပြောသည်။

အဆိုပါ နိပွန်ဖောင်ဒေးရှင်းမှ ပညာတော်သင်ဆု ရရှိသည့် ကျောင်းသားများ၏ လိုအပ်သည့် ပညာရေးထောက်ကူပစ္စည်းများကို ၀ယ်ယူနိုင်ရန် ဧဒင်ဖောင်ဒေးရှင်းက အတိုးမဲ့ချေးငွေများကို ထုတ်ပေးမည်ဖြစ်သည်။

‘‘နိပွန်ဖောင်ဒေးရှင်းက စကောလားရှစ်ပေးတဲ့ ကျောင်းသားတွေကို သူတို့အထောက်အကူပြု လိုအပ်မယ့် ကွန်ပျူတာလို ပစ္စည်းမျိုးတွေ ၀ယ်တဲ့အခါမှာ အတိုးမဲ့ချေးပေးဖို့ပါ။ နိပွန်ဖောင်ဒေးရှင်းရဲ့ ပေးတဲ့ကျောင်းသား အရေအတွက်အပေါ် မူတည်ပြီးတော့ လုပ်ပေးသွားမှာပါ။ ကူညီပေးမယ်ဆိုတာကို ကတိပေးထားပြီးပြီ။ ပြီးသွားရင် သူတို့တွေကို အလုပ်အကိုင်တွေပေးနိုင်အောင် ကျွန်တော်တို့ ကြိုးစားသွားမယ်’’ ဟု ဧဒင်အုပ်စု က ဥက္ကဋ္ဌ ဦးချစ်ခိုင်ကပြောသည်။

7Day Daily
No.360 Saturday, April 26,2014 

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...