တောင်ကြီး အတက်လမ်းတွင် ကားမီးလောင်မှုဖြစ်

ဂျွန်ချစ်ငြိမ်း
တောင်ကြီး၊ မဇ္ဈိမ။ ။ ရှမ်းပြည်နယ်တောင်ပိုင်း အေးသာယာမြို့မှ တောင်ကြီးမြို့သို့ တက်လာသည့် ဟွန်ဒါဖစ်ခဲရောင် အမျိုးအစား ကားတစ်စီးသည် ဧပြီလ ၂၄ ရက် ညနေ ၄ နာရီ ၁၅ မိနစ်က တောင်ကြီး အတက်လမ်း 'ပ'ကွေ့ ရဲကင်းအနီး အရောက်တွင် အင်ဂျင်အပူလွန်ကဲရာမှ ဝါယာရှော့ခ်ဖြစ်ကာ ကားတစ်စီးလုံး မီးလောင်ကျွမ်းခဲ့သည်ဟု အခင်းဖြစ်ပွားရာ နေရာတွင် ရောက်ရှိနေသည့် တောင်ကြီးမြို့ မီးသတ်ဦးစီးဌာနက တာဝန်ရှိသူတစ်ဦးက မဇ္ဈိမကို ပြောသည်။
ကားမီးလောင်ကျွမ်းမှုကြောင့် လူထိခိုက်မှုမရှိခဲ့ပေ။ ယာဉ်မောင်းနှင့် အတူပါသူ အမျိုးသမီးတစ်ဦးမှာ ထွက်ပြေးသွားခဲ့ပြီး စုံစမ်းဆဲဖြစ်သည်ဟု အဆိုပါ တာဝန်ရှိသူက ပြောသည်။
ကားမီးလောင်ကျွမ်းမှုကို တောင်ကြီးမြို့ မီးသတ်ဦးစီးဌာနမှူး ဦးအောင်သူငြိမ်းနှင့် အဖွဲ့ နှင့် အမှတ် (၂) ရဲတပ်ဖွဲ့စခန်းမှ တပ်ဖွဲ့ဝင်များ ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ရာ ညနေ ၄နာရီ ၂၅မိနစ်တွင် မီးငြိမ်းခဲ့ပြီး ယင်းကဲ့သို့ ကားမီးလောင်ကျွမ်းခြင်းကို အရေးယူရန် ဆောင်ရွက်ဆဲဖြစ်သည်ဟု ဆိုသည်။
Mizzima News


