နေရာ၊ လုပ်ပိုင်ခွင့်၊ လုပ်ရမည့်အရာနှင့် လုပ်တတ်သည့်အရာ

လူတို့၏စိတ်ကို မြင့်တက်အောင်၊ ကျအောင် လုပ်နိုင်သကဲ့သို့ စိတ်ကျေနပ်မှု၊ စိတ်တိုင်းမကျမှု၊ မိတ်ဆွေပေါ များမှု၊ မိတ်ဆွေနည်းပါးမှု၊ ထင်ပေါ်ကျော်ကြားမှု စသည်တို့မှစပြီး ညီညွှတ်မှု၊ ပြိုကွဲမှုတို့နှင့် လူသတ်မှု အထိ ဖြစ်စေနိုင်သည့် အရာမှာ နေရာဖြစ်သည်ဟု ယူဆပါသည်။ ထို့ကြောင့် နေရာသည် ကောင်းခြင်း များ ဖြစ်စေသကဲ့သို့ ဆိုးခြင်းများလည်း ဖြစ်စေသည်ဟု ဆိုချင်ပါသည်။



ယနေ့ ကျွန်တော်တို့နိုင်ငံတွင် ဖြစ်ပျက်နေသည့် အကြောင်းအရာ အများစုမှာ နေရာပေါ် အခြေခံသည့် အကြောင်း အရာများ ဖြစ်သည်ဟု ဆိုနိုင်မည် ထင်ပါသည်။ နိုင်ငံရေးနယ်ပယ်တွင် ဖြစ်ပျက်နေသည့် အရာများမှာ လည်း နေရာနှင့် တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက်ပြီးဖြစ်စေ ပတ်သက်နေသည်ဟု ဆိုချင်ပါသည်။

ထို့အတူ စီးပွားရေး နယ်ပယ်တွင်လည်း နေရာနှင့် ပတ်သက်ပြီး ပြောဆိုသံများမှာ အမြဲလိုလို ကြားနေရပါ သည်။ ဘယ်သူတွေကတော့ ဘယ်မြေတွေကို သိမ်းလိုက်ပြီ စသည့် အသံများမှာလည်း အချိန်အတော်ကြာ ကြားခဲ့ရသကဲ့သို့ ယခုတိုင်လည်း ကြားနေရဆဲ ဖြစ်ပါသည်။ ဒါဟာ ဒီမြေပေါ်မှာ စီးပွားရေး လုပ်ဖို့အ တွက် နေရာနှင့် ပတ်သက်ပြီး ပြောကြ၊ ဆိုကြ၊ တိုင်ကြနှင့် နေရာရဲ့ လွှမ်းမိုးမှုကို ခံနေရကြောင်း ပြသသည့် အချက်ဟု ဆိုရမည်ထင်ပါသည်။

ဒါ့အပြင် လူ့ပတ်ဝန်းကျင် နေထိုင်မှုမှာလည်း နေရာနှင့် ပတ်သက်ပြီး ဖြစ်ပျက်နေသည့် အကြောင်းအရာ များကို မကြာခဏဆိုသလို ကြားနေရပါသည်။ ကျူးကျော်တွေကို ဖယ်ခိုင်းနေပုံများ၊ ပိုမိုခက်ခဲလာ သည့် ကျောတစ်ခင်းစာအတွက် သက်စွန့်ဆံဖျား လုပ်ကိုင်နေကြရသည့် သူများအကြောင်း စသည်တို့မှာ လည်း ဂျာနယ်များနှင့် လူမှုကွန်ရက် စာမျက်နှာများတွင် နေ့စဉ်လိုလို မြင်နေတွေ့နေ၊ ကြားနေရသည့် အကြောင်းအရာများ ဖြစ်ပါသည်။

ဒီ့အပြင် ဝန်ထမ်းလောကမှာလည်း နေရာနှင့်ပတ်သက်ပြီး ခင်မင်ရင်းနှီးသွားကြသူများ ရှိသကဲ့သို့ မခေါ်နိုင် မပြောနိုင် နှုတ်မဆက်နိုင်လောက်အောင် အမုန်းကြီး မုန်းသွားသူများလည်း ရှိမည်ဟု ထင်ပါသည်။ ထို့အတူ ကျွန်တော်တို့နေထိုင်ရာ လူမှုပတ်ဝန်းကျင်မှာလည်း သူက ဘယ်သူ၊ ဘယ်က စသည်ဖြင့် နေရာ မာန်လေးတွေ မကြာခဏ တွေ့ရတတ်ပါသည်။ ထိုနည်းတူစွာ ယနေ့ ကျောင်းသားလူငယ် အချို့မှာပင် လျှင် နေရာနှင့် ပတ်သက်ပြီး မာန်မာနလေးတွေ ထားနေကြသည်ကို စိတ်မကောင်းစွာ တွေ့မြင်နေရ ပါသည်။ ငါက ဘယ်ကျောင်းက၊ ငါက ဘယ်နေရာက စသည်ဖြင့် တလွဲမာန်များကို လူငယ်အချို့ထံ မှာ တွေ့နေရပါသည်။

မည်သည့် နယ်ပယ်တွင်မဆို နေရာတစ်ခု ရအောင် ကြိုးစား လုပ်ကိုင်သည်မှာ ကောင်းမွန်သည့် အချက်ဟု ဆိုရပေမည်။ သို့သော် မှန်ကန်သော ကြိုးစားယှဉ်ပြိုင်မှု ဖြစ်ရန် လိုအပ်ပါသည်။ မိမိတို့ လိုချင်သည့် နေ ရာရောက်အောင် ရိုးရိုးသားသားနှင့် ကြိုးစားကြသူများ ရှိသကဲ့သို့၊ နည်းလမ်းပေါင်းစုံ သုံးသူများလည်း ရှိမှာ သေချာပါသည်။ မိမိတို့ လိုချင်သည့် နေရာတစ်ခုသို့ ရောက်ရှိသွားသည့်အခါ ကိုယ့်နေရာရဲ့ တာဝန်နှင့် အလုပ်ကို ကျော်ကြည့်တတ်ပြီး ပိုလုပ်သူများ ရှိသကဲ့သို့၊ တာဝန်နှင့်အလုပ်ကို လျှော့ တွက်ပြီး လျှော့လုပ်သည့်သူများ ရှိနေပါသည်။ ထိုကဲ့သို့သော သူများကြောင့် နေရာနှင့် ပတ်သက် သည့် ပြဿနာများ ဖြစ်လာရသည်ဟု ထင်မြင်မိပါသည်။

ဒါ့အပြင် နေရာနှင့်ပတ်သက်ပြီး ဖြစ်နေကြသည့် အကြောင်းအရာနှင့် လူအချို့ကို စဉ်းစားကြည့်လျှင် နေ ရာနှင့်အတူ ပါလာမည့် လုပ်ပိုင်ခွင့်ဆိုသည့် အရာကြောင့်ဟု ဆိုနိုင်မည် ထင်ပါသည်။ စာရေးသူတို့ နိုင်ငံမှာ ရှိသည့် လူအများစုမှာ လုပ်ပိုင်ခွင့်ဟု ဆိုလိုက်သည်နှင့် မိမိလုပ်ချင်သည့် အရာကို လုပ်နိုင်သည်ဟု အလွယ်တကူ မှတ်ယူကြသည့် အကျင့်ဆိုးလေး ရှိနေသည်ဟု ဆိုရမည်လားမသိ။ အမှန်က ဥပဒေဘောင် အတွင်းက သတ်မှတ်ချက်များနှင့်အညီ လုပ်ကိုင်နိုင်စွမ်း ရှိသည်ဟု ဆိုရမည် ထင်ပါသည်။ မိမိကို ပေးအပ် ထားသည့် ရာထူးနေရာအရ ဥပဒေဘောင်အတွင်းမှ လုပ်ကိုင်နိုင်သည်ထက် မိမိမှာ လုပ်ပိုင်ခွင့်ရှိသည်၊ မိမိလုပ်နိုင်သည် ဆိုသည့် အသိလေး ကဲလာသည့်အခါ ဥပဒေဆိုတဲ့ စကားလုံးကို စာလုံးပေါင်းရော အဓိပ္ပာယ်ပါ မေ့သွားကြသည်ဟု ထင်ပါသည်။ ဒီအတွက်လည်း နေရာကို တမ်းတမ်းတတ မက်မက်မောမော ခုံမင်နေကြခြင်း ဖြစ်ဟန်တူပါသည်။

ရာထူးနှင့်နေရာပေါ် မူတည်ပြီး လုပ်ပိုင်ခွင့်များ ကွာခြားသည်ကို အားလုံး လက်ခံကြပါသည်။ သို့သော် လုပ်ပိုင်ခွင့်အရ လုပ်ရမည့်အရာနှင့် မလုပ်ရမည့်အရာကို ခွဲခြားရန် သတိမေ့သွားကြသည့်အခါ မလိုလား အပ်သည့် အရာများ ဖြစ်ပေါ်လာရပါသည်။ မိမိနေရာနှင့် လုပ်ပိုင်ခွင့်အရ တစ်ရာပဲသုံးခွင့် ရသော် လည်း နှစ်ရာသုံးသည့်အခါ၊ မိမိကို အပ်နှင်းထားသည့် လုပ်ပိုင်ခွင့်ထက် ပိုမိုလုပ်ကိုင်သည့်အခါ မသမာ မှုများ ဖြစ်ပေါ်လာသကဲ့သို့ ကိုယ်ကျင့်တရားတို့ ထိခိုက်ဒဏ်ရာ ရကုန်ကြပါသည်။

အချင်းချင်း အဆင်မပြေမှုများ၊ ခြေထိုးမှုများ တွေ့နေရခြင်းမှာ နေရာပေါ်မူတည်ပြီး လုပ်ပိုင်ခွင့်အရ လုပ်ရမည့် အလုပ်ထက် မလုပ်ရမည့် အလုပ်များကို လုပ်ကြသည့်အတွက်ဟု ဆိုရမည်ထင်ပါသည်။ ဤသည်ကို နေရာအပေါ် ယစ်မူးပြီး လုပ်တတ်သည့် အလုပ်ဟု ဆိုရမည် ထင်ပါသည်။ လုပ်ရမည့် အလုပ်မျိုးကို မလုပ်ဘဲ ရသည်ထက် ပိုလိုချင်၊ ရှိသည်ထက် ပိုရှိချင်လျှင် ဒီနေရာကို ရောက်လာသည့် မူလတာဝန်တို့ ကို မေ့လျော့သွားမည် ထင်ပါသည်။

တစ်နည်းပြောရလျှင် ဘဝမေ့သွားကြသည်ဟု ပြောရမည် ထင်ပါသည်။ နေရာတစ်ခုသို့ ရောက်လာခဲ့လျှင် ထိုနေရာ၏ လုပ်ပိုင်ခွင့်နှင့် လုပ်ရမည့်အရာများကို တိတိကျကျ လုပ်ကိုင်ဆောင်ရွက်မှသာလျှင် ကောင်းမွန် သည့် လူ့အဖွဲ့အစည်းတစ်ခု ဖြစ်လာမည် ဖြစ်ပါသည်။ ချမှတ်ပေးထားသည့် စည်းကမ်းကို လိုက်နာခြင်း မရှိဘဲ မိမိအရေး တစ်ခုပဲ ကြည့်သည့်သူများ ရှိနေသမျှ ကောင်းမွန်သည့် လူ့အဖွဲ့အစည်း ဖြစ်ဖို့ ခက်ခဲနေ မည် ထင်ပါသည်။

ထိုသို့ မဖြစ်စေရန် နေရာနှင့် လိုက်ဖက်သည့် စိတ်အဆင့်အတန်းတစ်ရပ် ထားရှိပိုင်ဆိုင်ရေးမှာ အင်မတန် အရေးကြီးလှပါသည်။ အချို့က ကြီးပေမယ့် ကပ်သည်၊ တွက်သည်၊ အချို့က ငယ်ပေမယ့် သွက်သည်၊ တတ်သည်။ အချို့က ကြီးပေမယ့် ဖျတ်သည်၊ လတ်သည်၊ သွက်သည်၊ အချို့က ငယ်ပေမယ့် ပေ သည်၊ တေသည်၊ တွက်သည်၊ ကပ်သည်။ မိမိတို့ လုပ်ကိုင်နေရသည့် အလုပ်၏ အဆင့်အတန်းနှင့် မိမိတို့တွင် ရှိသည့် စိတ်အဆင့်အတန်း တစ်သားတည်း မကျသည့်အခါ နေရာနှင့်လူ၊ လူနှင့်နေရာ အံချော်ပြီး အလုပ်မပြီးမြောက်ဘဲ ဖြစ်ကြရပါသည်။ ဒီအခါ မိမိကိုပဲ အကျိုးရှိစေပြီး လူမှုပတ်ဝန်းကျင်ကို ဒုက္ခပေးသကဲ့သို့ ဖြစ်တတ်သည်ကို မမေ့ဖို့ အရေးကြီးပါသည်။

စာရေးသူတို့ဆီမှာ ဖြစ်နေသည်က နေရာလေး ရလာသည်နှင့် တက်ကုန်ဖွင့်၊ ရွက်ကုန်လွှင့်ပြီး ပညာခန်း ပြ သည့်သူများကို တွေ့နေရပါသည်။ အမှန်က မည်သူကမျှ မည်သည့်အလုပ်ကို လုပ်ရမည်၊ မလုပ်လျှင် ဘာ အပြစ်ပေးမည် စသည်ဖြင့် မရှိဟုယူဆပါသည်။ အဲဒီအတွက် လုပ်ချင်သောကြောင့် ဝင်ရောက် လုပ်ကိုင်ပြီး လျှင် အတတ်နိုင်ဆုံး ကြိုးစားလုပ်ဆောင်ရမည်ဟု ထင်ပါသည်။ ငါက အနစ်နာခံပြီး လုပ်ပေးနေတာ၊ မင်းတို့မသိဘဲ လာမရှုပ်နဲ့ စသည်ဖြင့် ကိုယ်ရည်သွေးမှုများ လုပ်ရမည့် အချိန် မဟုတ် သကဲ့သို့ လုပ်လည်း မလုပ်သင့်ပါ။ ဒီနေရာကို ရောက်လျှင် နေရာနှင့်လိုက်သည့် အလုပ်ကို လုပ်ရ မည် ဖြစ်ပါသည်။ ဒီနေရာ ရောက်လာပြီး ဒီအလုပ် လုပ်နေရတာကိုပဲ သူသာ စွန့်လွှတ် အနစ်နာခံသူကြီး၊ သူသာ ချစ်တတ်သူကြီး၊ သူသာလျှင် အကုန်လုပ်နိုင်သူဟု ထင်မှတ်ပြီး စိတ်ကြီးဝင်နေလျှင်တော့ လူ့အဖွဲ့ အစည်းက လက်ခံမည်မဟုတ်ဟု ထင်မြင်မိပါသည်။

ထို့အတူ မိမိသည် ဌာနတစ်ခု၏ အကြီးအကဲ ဖြစ်ပါက မိမိ၏အလုပ်သည် ဌာနနှင့်ဆိုင်သော အလုပ်များ ပြီးစီးအောင် ဆောင်ရွက်ရမည် ဖြစ်သကဲ့သို့ မိမိ၏ လက်အောက်ငယ်သားတို့၏ ဘဝနေထိုင်မှုကိုလည်း ကြည့်ရမည် ဖြစ်ပါသည်။ ထိုသို့မဟုတ်ဘဲ ငါ့အောက်ကလူတွေ ငါလောက်မသိဘူး၊ ငါခွင့်မပြုရင် မရဘူး ဆိုသည့် ငါစွဲများဖြင့် လုပ်ကိုင်နေခဲ့လျှင်မူ လုပ်ပိုင်ခွင့်အရ လုပ်ရမည့် အလုပ်ကို မလုပ်ဘဲ မလုပ်ရမည့် လုပ်တတ်လေ့ ရှိသည့် အရာများကို လုပ်နေသည်ဟု ဆိုရမည် ထင်ပါသည်။

ကောင်းမွန်သည့် လူ့အဖွဲ့အစည်း တစ်ခုဖြစ်စေရန် သီအိုရီပဲ ကောင်းနေရုံနှင့် မပြီးဟု ယူဆပါသည်။ ဘုရားဟော တရားများထက် ပိုမိုကောင်းမွန်သည့် အကိုးအကားမျိုး မရှိနိုင်ဟု ထင်ပါသည်။ ထိုကဲ့သို့ ခိုင်မာတိကျ ကောင်းမွန်သည့် ပြဋ္ဌာန်းချက်များ ရှိသော်လည်း စာရေးသူတို့ ယခုတိုင် လက်တွေ့ အကောင် အထည် မဖော်နိုင်သေးပေ။ ဒါ့ထက် ပိုဝမ်းနည်းစရာ ကောင်းသည်မှာ လက်တွေ့ အကောင် အထည်ဖော် ရန် မဆိုထားနှင့်၊ ရှိပြီးသား အရာများကိုပင် လွဲမှားအောင် လုပ်ဆောင်နေသူများ ရှိများရှိနေပြီလား မပြော တတ်ပေ။ မည်သို့ပင်ဆိုစေ နေရာနှင့်လိုက်ဖက်သည့် စိတ်အဆင့်အတန်း၊ လုပ်ရမည့် အလုပ်တို့ကို တိတိကျကျ ထားနိုင်၊ လုပ်နိုင်မှသာလျှင် ပိုပြီးလှပသော၊ ပိုပြီးကောင်းမွန်သော လူ့အဖွဲ့အစည်း တစ်ခုကို ဖန်တီးနိုင်မည်ဟု ထင်မြင်ယူဆမိပါသည်။

The Voice Weekly

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...