အမျိုးသားပညာရေးလား၊ ကျွန်ပညာရေးလား။ by ဒေါက်တာ သိန်းလွင်

ပြည်သူလူထု၏လိုလားချက်ကို ဖော်ဆောင်သောပညာရေး

ကျွန်ပညာရေးစနစ်ကို အလိုမရှိသဖြင့် အမျိုးသားကျောင်းများ နိုင်ငံအနှံ့ ထူထောင်ခဲ့ကြသော အမျိုးသားပညာရေး လှုပ်ရှား မှုကြီးတစ်ရပ် မြန်မာ့သမိုင်းတွင် အထင်အရှားရှိခဲ့ဖူးပါသည်။ အမျိုးသားပညာရေးလှုပ်ရှားမှုသည် ပြည်သူ ပြည် သားများ၏ အသိဥာဏ်ပညာကို မြှင့်တင်ယုံမျှမက လွတ်လပ်ရေး တိုက်ပွဲအတွက်လည်း တွန်းအားဖြစ်စေခဲ့ပါသည်။ သမိုင်းဖြစ်ရပ်များကို အခြေခံလျှက် “အမျိုးသား ပညာရေး” ကို အဓိပ္ဗါယ်ဖွင့်ဆိုလျှင် အမျိုးသား ပညာရေးသည် အုပ်ချုပ် သူတို့၏အလိုကျ ပေးအပ်သော ပညာရေးမျိုး မဟုတ်ဘဲ ပြည်သူလူထု၏ လိုလားချက်ကို ဖော်ဆောင်သော ပညာရေး ဖြစ်ပါသည်။

စစ်အစိုးရလက်ထက်က ပညာရေးသည် အုပ်ချုပ်သူတို့၏အလိုကျပညာရေးဖြစ်၍ ကျွန်ပညာရေးဟုသာ အဓိပ္ဗါယ်ဖွင့်လို ပါသည်။ ၂ဝဝ၈ အခြေခံဥပဒေအရကျင်းပသော ရွေးကောက်ပွဲဖြင့်တက်လာသည့် အစိုးရကလည်း “အမျိုးသား ပညာ ရေး ဥပဒေ” ဆိုသည်ကို ပြဋ္ဌာန်းလာပါသည်။ ဤအမျိုးသားပညာရေးသည် ပြည်သူလူထုလိုလားသည့် ပညာရေးလား၊ အုပ်ချုပ် သူတို့အလိုကျပြုလုပ်သည့် ကျွန်ပညာရေးလား ဆန်းစစ်သင့်ပါသည်။

ယခင်နှစ် (၃ဝ) ပညာရေး စီမံကိန်းလား ။

၂ဝဝ၈ အခြေခံဥပဒေဖြင့်ဖွဲ့စည်းသည့်အစိုးရလက်ထက်တွင် ပညာရေးဥပဒေကြမ်းများဖြစ်သော အခြေခံပညာရေး ဥပဒေကြမ်း၊ စာစစ်အဖွဲ့ဥပဒေကြမ်း၊ ပညာရေးသုတေသနဥပဒေကြမ်း၊ မြန်မာစာအဖွဲ့ဥပဒေကြမ်းနှင့် တက္ကသိုလ် ပညာရေးဥပဒေကြမ်းတို့ကို လွှတ်တော်သို့တင်သွင်းခဲ့ပါသည်။ အဆိုပါ ဥပဒေကြမ်းများသည် ယခင်စစ်အစိုးရလက် ထက်ကရှိခဲ့သော ဥပဒေများကို စကားလုံး အနည်းငယ်ပြင်ရုံမှလွဲ၍ အနှစ်သာရမှာအတူတူပင်ဖြစ်ပါသည်။ ထိုစဉ်က တာဝန်ယူခဲ့သော ပညာရေးဝန်ကြီးကလည်း “အနှစ် ၃ဝ ပညာရေးစီမံကိန်း” ကိုဆက်လက်အကောင်အထည်ဖော်မည် ဟု ပြောကြားခဲ့ပါသည်။ အဆိုပါ “အနှစ် ၃ဝ စီမံကိန်း” သည် စစ်အစိုးရက ဖွဲ့စည်းခဲ့သော ဗိုလ်ချုပ်ခင်ညွှန့် ဥက္ကဋ္ဌလုပ်သည့် အမျိုးသားပညာရေး ကော်မတီ၏ စီမံကိန်းသာဖြစ်ပါသည်။

အသစ်ပြန်လည်ရေးဆွဲရန် ဆုံးဖြတ် ။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ကိုယ်စားလှယ်များလွှတ်တော် ထဲရောက်ပြီးနောက် ပြည်သူ့လွှတ်တော် စတုတ္ထပုံမှန် အစည်းအဝေးတွင် ဒေါ်အောင်ဆန်းစုကြည်က တက္ကသိုလ်ဥပဒေသည် ဗဟိုချုပ်ကိုင်မှုလွန်ကဲသည်၊ ကိုယ်ပိုင်ပြဋ္ဌာန်း ခွင့်ရ တက္ကသိုလ်များ ဖြစ်သင့်သည်ဟု ဆွေးနွေးရာမှ တက္ကသိုလ်ဥပဒေကြမ်းကို အသစ်ပြန်လည်ရေးဆွဲရန် ဆုံးဖြတ်ခဲ့ကြ ပါသည်။ အထက်ပါ ဆုံးဖြတ်ချက်နှင့်ဆက်နွယ်ပြီး အခြားတင်သွင်းထားသည့် ပညာရေးဥပဒေကြမ်း (၄)ခုကို ဆိုင်းငံ့ ထားရန်လည်း လွှတ်တော်မှ ဆုံးဖြတ်ခဲ့ပါသည်။ ပညာရေးဥပဒေများကို လွှမ်းခြုံသည့် “အမျိုးသားပညာရေးဥပဒေ” တစ်ရပ်ရှိသင့်သည် ဟုလွှတ်တော်မှ စဉ်းစားဆုံးဖြတ်ခဲ့ပြီးနောက် ပြည်သူ့လွှတ်တော် ပညာရေးမြှင့်တင်မှု ကော်မတီမှ အမျိုးသားပညာရေး ဥပဒေ (မူကြမ်း)ကို ရေးဆွဲခဲ့ပါသည်။

ပညာရေးမူဝါဒနှင့် ပတ်သက်၍ ဆောင်ရွက်နေသောအဖွဲ့ (၃) ဖွဲ့ရှိပါသည် (၁) အစိုးရအဖွဲ့ (၂) လွှတ်တော်နှင့် (၃) ပြည်သူ့ အဖွဲ့အစည်းများဖြစ်ပါသည်။ ပညာရေးစနစ် ပြုပြင်ပြောင်းလဲရေးနိုင်ငံလုံးဆိုင်ရာ ကွန်ရက် (NNER) သည် ပြည်သူ့အဖွဲ့အစည်းများနှင့် ပညာရှင်များ ပါဝင်ဖွဲ့စည်းထားသော ကွန်ရက်ဖြစ်ပါသည်။ ပညာရေးလုပ်ငန်းများကို ဆောင်ရွက်ကြသည့် နိုင်ငံရေးအဖွဲ့အစည်းများ၊ ဘာသာရေးအဖွဲ့အစည်းများ၊ စာပေနှင့်ယဉ်ကျေးမှုဆိုင်ရာ အဖွဲ့ အစည်းများ၊ တိုင်းရင်းသား ပညာရေးအဖွဲ့အစည်းများ၊ ကျောင်းသားသမဂ္ဂများ၊ ဆရာသမဂ္ဂများ၊ အခြားပညာရေး အဖွဲ့အစည်းများ နှင့် တသီးပုဂ္ဂလ ပညာရှင်များ ပါဝင်ပါသည်။

နိုင်ငံအနှံ့အပြား ပညာရေးဆွေးနွေးပွဲများ NNER မှစတင် ။

မြန်မာနိုင်ငံ၏ပညာရေးမူဝါဒသည် ပညာရေးနှင့်သက်ဆိုင်သူများ အပါအဝင်ပြည်သူလူထု၏ဆန္ဒအပေါ် အခြေခံသော မူဝါဒ မျိုးဖြစ်သင့်သည်ဟု NNER ကခံယူပြီး ၂ဝ၁၂ အောက်တိုဘာလမှစတင်၍ ပညာရေးဆွေးနွေးပွဲများကို မြန်မာ နိုင်ငံ အနှံ့အပြားတွင် ကျင်းပခဲ့ပါသည်။ တိုင်းနှင့်ပြည်နယ်အသီးသီး၌ ဆွေးနွေးပွဲ (၂၅)ကြိမ် ကျင်းပပြီးနောက် ၂ဝ၁၃ ဇွန်လတွင် ပညာရေးညီလာခံတစ်ရပ်ကို ရန်ကုန် ခဝဲခြံရှိ မျက်မမြင်ကျောင်းတွင် ကျင်းပခဲ့ပါသည်။ ဒေသအသီးသီးမှ ဆရာ၊ ဆရာမများ၊ ကျောင်းသားကျောင်းသူများ၊ မိဘများ၊ သာသနာရေးဆိုင်ရာပုဂ္ဂိုလ်များ၊ စာပေနှင့်ယဉ်ကျေးမှုဆိုင် ရာပုဂ္ဂိုလ်များ၊ နိုင်ငံရေးနယ်ပယ်မှပုဂ္ဂိုလ်များ၊ တိုင်းရင်းသားကိုယ်စားလှယ်များ၊ ပညာရေး နယ်ပယ်အသီးသီးမှ ပုဂ္ဂိုလ် များနှင့် ပညာရှင်များအပါအဝင်စုစုပေါင်း (၁၂ဝဝ) ကျော် တက်ရောက်ခဲ့ပါသည်။ ညီလာခံမှ ထွက်ပေါ်လာသော အကြံ ပြုချက်များကို အခြေခံသည့် “အမျိုးသားပညာရေးမူဝါဒ (မူကြမ်း)” တစ်ရပ်ကို NNER မှ မှတ်တမ်းတင် ပြုစုခဲ့ပါသည်။ NNER အနေဖြင့် ပညာရေးမူဝါဒများကို အကျေအလည် ဆွေးနွေးပြီးမှသာအဆိုပါမူဝါဒကို အကောင်အထည် ဖော်ရန် အတွက် ဥပဒေပြဋ္ဌာန်းရန် လိုလားပါသည်။

အမျိုးသားပညာရေးကော်မတီကို NNER ကန့်ကွက် ။

အစိုးရအဖွဲ့သည် “လက်တွေ့ကျသော ပညာရေးမြှင့်တင်မှုအကောင်အထည်ဖော်ရေးအဖွဲ့ (EPIC)” ကို ၂ဝ၁၃ အောက်တိုဘာလတွင် စတင်ဖွဲ့စည်းခဲ့ပါသည်။ လုပ်ငန်းအဖွဲ့ (၁၈)ဖွဲ့ကို တာဝန်ပေးပြီး ကဏ္ဍအသီးသီးအတွက် ပညာ ရေးမူဝါဒများကို ပြုစုစေပါသည်။ လုပ်ငန်းအဖွဲ့များတွင် ပါဝင်သူများမှာ ပညာရေးဌာနမှ အရာရှိများနှင့်အငြိမ်းစား အရာရှိများဖြစ်ကြပါသည်။ လုပ်ငန်းအဖွဲ့များမှ တင်သွင်းသော အမျိုးသားပညာရေးဥပဒေ (ပထမ မူကြမ်း) သည် ယခင် စစ်အစိုးရလက်ထက်က အသုံးပြုခဲ့သော ဥပဒေများနှင့် အလားတူပင် ဖြစ်ပါသည်။ အဆိုပါ ဥပဒေသည် ပညာရေး လွတ်လပ်ခွင့်ကို ချုပ်ကိုင်ထားရုံမျှမက အတွေးအခေါ်ကိုပါ ချုပ်ကိုင်ထားပါသည်။ အစိုးရအဖွဲ့၏ ပညာရေးရည်မှန်း ချက်တွင် “အတွေးအခေါ်မှန်ကန်သော နိုင်ငံသားများမွေးထုတ်ရန်” ဟု ပါရှိပါသည်။

အာဏာရှင်တို့၏အတွေးအခေါ် အတိုင်း တွေးခေါ်မှသာ မှန်ကန်သောအတွေးအခေါ်ဟု အဓိပ္ဗါယ်ရပါသည်။ အစိုးရအဖွဲ့၏ဥပဒေတွင် ကျောင်းသား၊ ကျောင်းသူများ၏လွတ်လပ်ခွင့်၊ ဆရာ ဆရာမများ၏ လွတ်လပ်ခွင့်၊ ဒေသဆိုင်ရာလိုအပ်ချက်များအရ သင်ရိုးညွှန်းတမ်း ဖွံ့ဖြိုးခွင့်၊ တိုင်းရင်းသားများ၏ဘာသာစကားလွတ်လပ် ခွင့်တို့ကို ချုပ်ကိုင်ထားပါသည်။


တက္ကသိုလ်ဥပဒေနှင့်ပတ်သက်၍ ဝန်ကြီးဌာနအသီးသီးမှဖွင့်လှစ်ထားသည့် တက္ကသိုလ်ပေါင်း (၁၆၈)ခုကို ဝန်ကြီးဌာန အောက်မှထုတ်ပြီး ဝန်ကြီးများနှင့်ညွှန်ကြားရေးမှူးများပါဝင်ဖွဲ့စည်းမည့် တက္ကသိုလ်များဗဟိုကောင်စီမှ အုပ်ချုပ်ရန် တင်ပြလာပါသည်။ NNER အဖွဲ့ဝင် ကျောင်းသားသမဂ္ဂများနှင့် ဆရာများသမဂ္ဂတို့မှ ကန့်ကွက်ခဲ့ပြီးဖြစ်ပါသည်။ NNER သည် အစိုးရအရာရှိများ၏ စွက်ဖက်ချုပ်ချယ်မှုမှ ကင်းလွှတ်၍ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ရှိသည့် တက္ကသိုလ်များဖြစ်ရန် လိုလားပါသည်။ အစိုးရအဖွဲ့မှ ၂ဝ၁၄ မတ်လ (၁၆-၁၇) ထုတ် အစိုးရပိုင်သတင်းစာများတွင် အမျိုးသားပညာရေး ဥပဒေကြမ်းကို တင်ပြလာပါသည်။ အဆိုပါ ဥပဒေကြမ်းတွင် ချုပ်ကိုင်မှုများ ဆက်လက်ပါရှိပြီး ဒုသမ္မတနှင့်ဝန်ကြီးများ ပါဝင်သည့် “အမျိုးသားပညာရေးကော်မတီ” ဖွဲ့စည်းရန် ဖော်ပြထားပါသည်။ ဤကော်မတီသည် ယခင် ဗိုလ်ချုပ် ခင်ညွှန့် ဥက္ကဋ္ဌလုပ်ခဲ့သည့် ပညာရေးကော်မတီနှင့်အလားတူပင်ဖြစ်၍ NNER က ကန့်ကွက်ပါသည်။

ဥပဒေကြမ်း (၂)ရပ် အတည်ပြုရေး လွှတ်တော်တွင် တစ်ပေါင်းတည်းဆွေးနွေး ။

အစိုးရအဖွဲ့မှထုတ်ပြန်သည့် ပညာရေးဥပဒေများသည် ကျောင်းသားများ၊ ဆရာများနှင့် ပြည်သူပြည်သားများ၏ဆန္ဒနှင့် ဆန့်ကျင်လျှက် ယခင်စစ်အစိုးရ၏လမ်းစဉ်အတိုင်း ဗဟိုချုပ်ကိုင်မှုကိုသာကျင့်သုံးလိုကြောင်းတွေ့ရှိရပါသည်။ နဝမ အကြိမ်လွှတ်တော်မနားမီ မတ်လ (၁၃)ရက်နေ့က အမျိုးသားပညာရေးဥပဒေကြမ်းကို အစိုးရအဖွဲ့က ပြည်သူ့လွှတ် တော်သို့တင်သွင်းကြောင်းသိရှိရပါသည်။ ပြည်သူ့လွှတ်တော် ပညာရေးမြှင့်တင်မှုကော်မတီကလည်း အမျိုးသား ပညာ ရေး ဥပဒေ(မူကြမ်း)ကို ရေးသားထားပါသည်။ အဆိုပါ ဥပဒေကြမ်း(၂)ရပ်ကို ပြည်သူ့လွှတ်တော်တွင် တစ်ပေါင်းတည်း ဆွေးနွေးကြကြောင်းလည်း သိရှိရပါသည်။ ဥပဒေကြမ်း (၂)ရပ်ပေါင်း၍ လွှတ်တော်မှအတည်ပြုမည့် အမျိုးသားပညာ ရေးဥပဒေ မည်သို့ဖြစ်လာမည်ကို မသိသေးပါ။ အတည်ပြုမည့်အမျိုးသားပညာရေးဥပဒေသည် ကျောင်းသားများ၊ ဆရာများ၊ ပြည်သူ ပြည်သားများ၏ဆန္ဒနှင့်ကိုက်ညီမှုမရှိပါက အောင်မြင်မည်မဟုတ်ဘဲ ဆန့်ကျင် ကန့်ကွက်မှု များနှင့်သာ ရင်ဆိုင်ရပါမည်။ ဤသို့ဖြစ်လျှင် ကျောင်းသူကျောင်းသားများအတွက် အလွန် နစ်နာပါသည်။

စင်ပြိုင်ပညာရေးစနစ်များပေါ်ထွန်းလာနိုင် ။

အစိုးရမှချုပ်ကိုင်သည့်ကျွန်ပညာရေးကိုအလိုမရှိသဖြင့် ဒေသဆိုင်ရာပညာရေးအဖွဲ့အစည်းများသည် မိမိတို့ဒေသ၏ ဓလေ့ထုံးစံ၊ ယဉ်ကျေးမှုများနှင့် ကိုက်ညီသော ပညာရေးရည်မှန်းချက်များကို အကောင်အထည်ဖော်မည့် ကျောင်းများ တည်ထောင်လာနိုင်ပါသည်။ ကချင်၊ ကရင်၊ ကရင်နီ၊ မွန် နှင့်ရှမ်းလက်နက်ကိုင် အဖွဲ့အစည်းများသည် ၄င်းတို့ အုပ်ချုပ်ရာဒေသတွင် စာသင်ကျောင်းများဖွင့်လှစ်ပြီး ကိုယ်တိုင်ရေးဆွဲသည့် သင်ရိုးညွှန်းတမ်းများဖြင့် သင်ကြားလျှက်ရှိ ကြပါသည်။ ဗဟိုအစိုးရ၏ပညာရေးစနစ်သည် တိုင်းရင်းသားများ၏ ပညာရေးလွတ်လပ်ခွင့်ကို ဆက်လက်ချုပ်ကိုင်ထား ပါက အစိုးရနှင့် စင်ပြိုင်ပညာရေးစနစ်များကို ထူထောင်ကြမည်ဖြစ်ပါသည်။ အလားတူပင် ဘာသာရေးအဖွဲ့ အစည်း များနှင့် အခြားပညာရေးအဖွဲ့အစည်းများကလည်း ပြည်သူလူထုလိုလားသည့် ပညာရေးစနစ်ကို အကောင်အထည် ဖော်ရန်အတွက် အမျိုးသား ပညာရေးလှုပ်ရှားမှုများပေါ်ပေါက်လာနိုင်ပါသည်။

ပြည်သူပြည်သားများ၏ဆန္ဒနှင့်ကိုက်ညီသည့် အမျိုးသား ပညာရေးမူဝါဒ ။

နိဂုံးချုပ်အနေဖြင့် အစိုးရနှင့်လွှတ်တော်ထံ ပန်ကြားလိုသည်မှာ ပြည်သူပြည်သားများ၏ဆန္ဒနှင့်ကိုက်ညီသည့် အမျိုး သား ပညာရေးမူဝါဒ တစ်ရပ်ကို ချမှတ်နိုင်ရန်အတွက် ပြည်သူ့အဖွဲ့အစည်းများနှင့်တိုင်ပင်ဆောင်ရွက်သင့်ပါသည်။ ပြည်သူ့အဖွဲ့အစည်းများသည် ပြည်သူပြည်သားများအကြားတွင် တည်ရှိသဖြင့် ပြည်သူပြည်သားများ၏အသံကို ထင်ဟပ်ပါသည်။ အစိုးရအရာရှိများ၊ အငြိမ်းစား အရာရှိများနှင့် အစိုးရအလိုတော်ရိ ပညာရှင်ဆိုသူများ၏အုပ်ချုပ်ရေး အမြင်ဖြင့်စဉ်းစားသည့် အယူအဆများသည် ပြည်သူပြည်သားများကို ကိုယ်စားမပြုပါ။ မြန်မာနိုင်ငံ အနာဂတ် မျိုးဆက်သစ်များအတွက် အသိဉာဏ် မြင့်မားသော၊ စဉ်းစားတွေးခေါ်မြှော်မြင်သော၊ ဘဝရပ်တည်မှုအတွက် စွမ်းရည် များကို ပေးအပ်နိုင်သော ပြည်သူပြည်သားအားလုံးလိုလားသည့် အမျိုးသားပညာရေးမူဝါဒတစ်ရပ် ချမှတ်သင့်ပါသည်။ သို့မှသာ ငြိမ်းချမ်း၍ သာယာဝပြောသော ပြည်ထောင်စုကို တည်ဆောက်နိုင်ပါမည်။

ပြည်သူ့ခေတ်
၂ဝ၁၄၊ ဧပြီလ (၁ဝ)ရက်။
Maukkha Education Magazine

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...