ဒီမိုကရေစီခေတ်ပြောင်းချိန် ပညာရေးအတွေးအမြင်များ (by ဒေါက်တာမြင့်သိန်း)



ကျွန်တော်တို့မြန်မာနိုင်ငံ၏ ခေတ်ပြောင်းချိန်တိုင်းတွင် ပညာရေးအပြောင်းအလဲများ ဖြစ်ပေါ်လေ့ရှိစမြဲ၊ အဆိုပါအပြောင်းအလဲများအနက် ဂျပန်ခေတ်ကိုလေ့လာကြည့်လျှင် ဒုတိယကမ္ဘာစစ်ကာလဖြစ်သဖြင့် ရည်မှန်းထားသည့်အတိုင်း အကောင်အထည်မဖော်နိုင်ခဲ့သော်လည်း အင်္ဂလိပ်လက်အောက်တွင် တွေ့ကြုံခံစားခဲ့ရသော ကိုလိုနီပညာရေးစနစ်၏ အားနည်းချက်များကို ကုစားရန်အလို့ငှာ အခွင့်အရေး ရသည်နှင့် ပညာရေးအပြောင်းအလဲလုပ်ရန် ကြိုးစားပြီးအားနည်းချက်တို့ကိုပြုပြင်ရန် အားထုတ်ခဲ့ကြ သည်ကို တွေ့ရပါသည်။ ဥပမာအားဖြင့် ကိုလိုနီခေတ်တစ်လျှောက်လုံး မြန်မာစာ၊ မြန်မာစကားသည် နေရာမှန်မရခဲ့သဖြင့် အခွင့်ရသည်နှင့် မြန်မာစာကိုသင်ကြားမှုသုံးဘာသာစကား (Medium of Instr-uction) အဖြစ်သတ်မှတ်ခြင်း၊ ဘာသာရပ်အသီးသီးကို မြန်မာဘာသာဖြင့်သင်ကြားခြင်း၊ ဗြိတိသျှ ကိုလိုနီခေတ်အတွင်း ကျောင်းသုံးမျိုးသုံးစားရှိခဲ့သည်ကို ကျောင်းတစ်မျိုးတစ်စားတည်းအဖြစ် သတ် မှတ်ဖွင့်လှစ်စေခြင်းတို့ ပြုလုပ်ခဲ့သည်ကိုတွေ့ရပါသည်။

ထို့နောက်လွတ်လပ်ရေးရပြီးကာလ ပညာရေးအပြောင်းအလဲများကိုကြည့်လျှင် Education Policy ထုတ်ပြန်ကြေညာခြင်း၊ ယူနက်စကိုမစ်ရှင် နှစ်ကြိမ်တိုင်တိုင်လာရောက်ပြီး မြန်မာနိုင်ငံ ပညာရေးအခြေ အနေကို ကွင်းဆင်းလေ့လာတာ အစီရင်ခံစာများတင်သွင်းခြင်း၊ မြန်မာနိုင်ငံပညာစုံစမ်းလေ့လာရေး မစ်ရှင်း (The Burma Educational Observation and Study Mission) ကိုဖွဲ့စည်းခဲ့ပြီး အင်္ဂလန်၊ အမေရိကန်၊ ကနေဒါ၊ မက္ကဆီကိုနှင့် ပါကစ္စတန်စုစုပေါင်း ငါးနိုင်ငံကို ခြောက်လတာအတွင်း သွား ရောက်ပြီး ပညာရေးကဏ္ဍအသီးသီးကိုလေ့လာခြင်း၊ ထိုခြောက်ဦးအဖွဲ့ ပြန်လည်ရောက်ရှိလာသည့် အခါထင်ရှားသောပညာရှင်နှင့် ပညာရေးပါရဂူ ၁၅ ဦးတို့ဖြင့် အင်အားဖြည့်တင်းကာ စုစုပေါင်း အဖွဲ့ဝင် ၂၁ ဦးပါရှိသည့် ပညာရေးပြန်လည်ဖွဲ့စည်းရေးကော်မတီ (Education Reorganization Committee) တစ်ရပ်ကိုဖွဲ့စည်းခဲ့ပြီး ပညာရေးစီမံကိန်း တစ်ရပ်ရေးဆွဲခဲ့စေခြင်း၊ အဆိုပါစီမံကိန်းကို ပြည်တော်သာ ညီလာခံတွင် ‘ဘဝသစ်ဖန်တီးမှု ပြည်တော်သာပညာရေးစီမံကိန်း (Pyidawtha Educational Plan For Welfare State) အဖြစ်တင်သွင်းဆွေးနွေးကာ အတည်ပြုချက်ရယူခဲ့ခြင်း၊ ဤစီမံကိန်းတွင် ရည်ရွယ်ချက် (၅) ရပ်ကို ပထမဦးဆုံးအကြိမ်အဖြစ် ချမှတ်နိုင်ခဲ့ခြင်းဟူသည့် ထူးခြားသော ပညာရေး ဖြစ်စဉ်တို့ကို ပေါ်ပေါက်ခဲ့ပါသည်။

အဆိုပါခေတ်ပြောင်းကာလနှစ်ရပ်အတွင်း ဖြစ်ထွန်းခဲ့သော ပညာရေးအပြောင်းအလဲတို့၏ အနှစ်သာရ မှာအခွင့်ရသည်နှင့် တိုင်းပြည်၏ပညာရေးတိုးတက်အောင် အစွမ်းရှိသရွေ့ ကြိုးစားခဲ့သည့် တိုင်းကျိုး ပြည်ပြုသမိုင်းဝင်အားထုတ်မှုများဖြစ်နေခြင်းပင်။ ဤသို့သူ့ခေတ်သူ့အခါ ပညာရေးတာဝန်ကျေခဲ့ပုံကို အတုယူလျက်ယခုကဲ့သို့ ဒီမိုကရေစီခေတ်ဆန်းချိန်တွင် ကျွန်တော်တို့အားလုံးတက်ညီလက်ညီဖြင့် တိုင်းကျိုးပြည်ပြု ပညာရေးပြောင်းလဲမှုများတွင် ကျရာနေရာမှစည်းစည်းလုံးလုံးပါဝင်ဆောင်ရွက်ခြင်း ဖြင့်ကျွန်တော်တို့တိုင်းပြည်၏ ပညာရေးမြင့်မားလာသည်နှင့်အမျှ တိုင်းပြည်၏စီးပွားရေးတိုးတက်မှုကို အထောက်အကူပြုမည့်အပြင် ခေတ်မီဖွံ့ဖြိုးတိုးတက်သော နိုင်ငံတော်ကြီးပေါ်ထွန်းလာရေးအတွက်ပါ အထောက်အကူပြုမည်ဟု ကျွန်တော်ယုံကြည်မိပါသည်။

ထို့ပြင် ကျွန်တော်တို့နိုင်ငံ၏သမိုင်းကြောင်းအရ ၁၉၆၂ ခုနှစ် မတ်လမှစ၍ တော်လှန်ရေးကောင်စီ ခေတ်၊ ထို့နောက်ပြည်ထောင်စုဆိုရှယ်လစ်သမ္မတ မြန်မာနိုင်ငံတော်ခေတ်ကာလများတွင် အထွေထွေ ပညာရေးနှီးနှောဖလှယ်ပွဲ (၁၉၆၄ ခုနှစ်)၊ အခြေခံပညာရေးနှီးနှောဖလှယ်ပွဲ (၁၉၆၈ ခုနှစ်)၊ စာမေးပွဲနှင့် စစ်ဆေးမှုဆိုင်ရာ နှီးနှောဖလှယ်ပွဲ (၁၉၇၀ ပြည့်နှစ်) စသည့် ပညာရေးနှီးနှောဖလှယ်ပွဲများကျင်းပပြီး ပညာရေးစနစ်ကို ပြုပြင်ပြောင်းလဲခဲ့ကြသည်ကို တွေ့ရပါသည်။

ကျွန်တော်ကိုယ်တိုင် ဤပညာရေးစနစ်ကာလများအတွင်း ကျောင်းသားဘဝဖြင့် ကြီးပြင်လာခဲ့ပြီး ဝန်ထမ်းဘဝဖြင့်ပညာရေးတာဝန်တို့ကို အဆင့်ဆင့်ထမ်းဆောင်ခဲ့ပါသည်။ အဆိုပါ ပညာရေးစနစ်များ ၏အားသာချက်အားနည်းချက်တို့ကို ကျွန်တော်ကိုယ်တွေ့ကြုံခဲ့ရသည့်နည်းတူ အခြားကိုယ်တွေ့ကြုံ သူတိုင်းမှာလည်း ခံစားချက်များ၊ သုံးသပ်ချက်များကိုယ်စီရှိကြမည်ဟု ကျွန်တော်မျှော်လင့်ပါသည်။

ယခုကဲ့သို့ မြန်မာနိုင်ငံ၏ပညာရေးကို ပြုပြင်ပြောင်းလဲရန် ကြိုးပမ်းနေချိန်တွင် ကျွန်တော်တို့ကိုယ်တိုင် ဖြတ်သန်းခဲ့သော အတွေ့အကြုံများ (Lived Experiences) အပေါ်အခြေခံလျက်ပညာရေးစနစ်၏ အားသာချက်အားနည်းချက်များကို သင်ခန်းစာယူပြီး ကျရာနေရာမှာ တိုင်းပြည်၏ပညာရေးကို မြှင့်တင်ပေးခြင်းသည် တိုင်းပြည်၏တာဝန်ကိုကျေပွန်ရာရောက်ရုံမက တိုင်းပြည်၏ကျေးဇူးကိုလည်း ဆပ်ရာရောက်မည်ဟု ကျွန်တော်သုံးသပ်ထင်မြင်မိပါသည်။

မြန်မာနိုင်ငံပညာရေးလေ့လာရေးလုပ်ငန်းဆိုင်ရာ သမိုင်းနောက်ခံနှင့်သုံးသပ်ချက်

ကျွန်တော်တို့နိုင်ငံ၏ ပညာရေးသမိုင်းကြောင်းကို ပြန်ပြောင်းကြည့်လျှင် ယူနက်စကိုအဖွဲ့ကြီးမှ စေလွှတ်လိုက်သည့် လေ့လာရေးမစ်ရှင်အဖွဲ့တစ်ဖွဲ့သည် ၁၉၄၇ ခုနှစ် ဒီဇင်ဘာ ၂၂ ရက်တွင် မြန်မာ နိုင်ငံသို့ရောက်ရှိခဲ့ပြီး နှစ်လခန့်ကွင်းဆင်းလေ့လာခဲ့ကြောင်း၊ လေ့လာတွေ့ရှိချက်တို့ကို ယူနက်စကို အဖွဲ့ချုပ်ထိ အစီရင်ခံစာတင်သွင်းခဲ့ကြောင်း လေ့လာမှတ်သားရပါသည်။ ထို့နောက် ၁၉၅၀ ပြည့်နှစ် ဒီဇင်ဘာ ၁၇ ရက်တွုင် ယူနက်စကိုပညာရေးအတိုင်ပင်ခံ မစ်ရှင်အဖွဲ့တစ်ဖွဲ့နောက်ထပ်ရောက်ရှိလာခဲ့ ပြီးသုံးလခွဲကြာကွင်းဆင်းလေ့လာရေးခရီးအပြီး ၁၉၅၁ ခုနှစ် မေ ၁၁ ရက်တွင် မစ်ရှင်အဖွဲ့၏ အစီရင်ခံ စာ “Report of the Mission to Burman” ကိုအဖွဲ့ခေါင်း Dr.Richard M.Tisinger ကိုယ်တိုင် မြန်မာ နိုင်ငံယူနက်စကို အမျိုးသားကောမစ်ရှင်ဥက္ကဋ္ဌဖြစ်သူ ပညာရေးဝန်ကြီးထံ တင်သွင်းခဲ့ပါသည်။ အဆိုပါ ကွင်းဆင်းလေ့လာသည့် လုပ်ငန်းနှင့်အစီရင်ခံစာသည် မြန်မာနိုင်ငံအတွက် ပထမဆုံးသော ပညာရေး ကဏ္ဍလေ့လာရေးလုပ်ငန်း (The First Education Sector Study of Myanmar) ဟုကျွန်တော်ထင် မြင်ယူဆမိပါသည်။ ခြွင်းချက်အနေဖြင့် ဤပညာရေးလေ့လာမှုလုပ်ငန်းကို နိုင်ငံခြားများကသာ အဓိက ဆောင်ရွက်ခဲ့ခြင်းဖြစ်ပါသည်။

ထို့နောက် ၁၉၉၀ ပြည်နှစ် နှစ်လယ်ပိုင်းမှစ၍ ပညာရေးဝန်ကြီးဌာန UNDP နှင့် UNESCO တို့ပူးပေါင်း ၍ ပညာရေးကဏ္ဍလေ့လာရေးလုပ်ငန်း (ESS Education Sector Study) ကိုစီမံချက်အသွင်ဖြင့် ဆောင်ရွက်ခဲ့ရာတွင် မြန်မာ့ပညာရေးကဏ္ဍနှင့်ပတ်သက်၍ အတွေ့အကြုံရှိပြီး ပညာရေးလုပ်ငန်းများ တွင်ကိုယ်တိုင်ကျ ပါဝင်တောင်ရွက်နေသူ ၄၇ ဦးနှင့် နိုင်ငံတကာကျွမ်းကျင်ပညာရှင်ခြောက်ဦးတို့သည် National Project Director ဖြစ်သူ ဆရာကြီးဒေါက်တာခင်မောင်ကြွယ် (ဥက္ကဋ္ဌ၊ မြန်မာနိုင်ငံပညာရေး သုတေသနဗျူရို) နှင့် Mr.Antoine Schwartz (UNESCO Chief Technical Adviser) တို့၏ဦးဆောင် မှုဖြင့်ကွင်းဆင်း သုတေသနစာတမ်း ၃၀ နှင့် Education Sector Study Phase 1 (Final Report) တို့ ကို ၁၉၉၂ ခုနှစ် ဖေဖော်ဝါရီလတွင် ပြုစုပြီးစီးခဲ့ပါသည်။

ထို့နောက် ESS Phase Two ကိုဆက်လက်ဆောင်ရွက်ခဲ့ရာ ၁၉၉၃ ခုနှစ် ဧပြီလတွင် Draft Proposal for Education Sector Development Vol.I Strategy Development (1993-2012) and Vol.II Project Profiles တို့ကိုပြုစုပြီးစီးခဲ့ပါသည်။ သို့သော်အဆိုပါစီမံချက်များသည် အကောင်အထည်ဖော် သည့်အဆင့်သို့ မရောက်ခဲ့ဘဲ ပြီးဆုံးခဲ့ပါသည်။ ဤသို့ ၁၉၉၁ ပြည့်နှစ် နှစ်လယ်မှ ၁၉၉၃ ခုနှစ် ဧပြီလ အထိကြာမြင့်ခဲ့သောလုပ်ငန်းကို မြန်မာနိုင်ငံ၏ ဒုတိယအကြိမ်ပညာရေးကဏ္ဍ လေ့လာရေးလုပ်ငန်းဟု ကျွန်တော်ဆိုချင်ပါသည်။ ယခုတစ်ဖန် ဘက်စုံလွှမ်းခြုံနိုင်သော ပညာရေးကဏ္ဍလေ့လာရေးလုပ်ငန်း (CESR-Comprehensive Education Sector Review) ကို ၂၀၁၂ ခုနှစ် သြဂုတ်လမှစ၍ အဆင့် (၃) ဆင့်ဖြင့် အကောင်အထည်ဖော်လျက်ရှိရာ အဆင့် (၁) အချိန်တိုအတွင်း အကဲဖြတ်ခြင်း (Repid Assessment) ပြီးဆုံးပြီးနောက် အဆင့် (၂) အသေးစိတ် လေ့လာဆန်းစစ်ခြင်း (In-depth Analysis) ၏ နောက်ဆုံးအပိုင်းဖြစ်သော လေ့လာတွေ့ရှိချက် အစီရင်ခံစာများအပေါ် အစည်းအဝေးများကျင်းပ၍ အကြံဉာဏ်များရယူကာ အပြီးသတ်ပြုစုလျက်ရှိနေကြပါသည်။ ထို့နောက် အဆင့် (၃) ကုန်ကျစရိတ် လျာထားချက်ပါဝင်သည့် ပညာရေးကဏ္ဍစီမံကိန်းများ ရေးဆွဲတင်ပြကြမည်ဖြစ်ပါသည်။ မြန်မာနိုင်ငံ၏ ပညာရေးသမိုင်းစဉ်အရ CESR ကိုတတိယအကြိမ်မြောက် ပညာရေးကဏ္ဍ လေ့လာရေးလုပ်ငန်းဟု ကျွန်တော်သတ်မှတ်ချင်ပါသည်။

အဆိုပါ CESR ၏သုတေသနတွေ့ရှိချက်များအပေါ် အခြေပြုလျက် လက်တွေ့ကျသော ပညာရေးမြှင့် တင်မှုလုပ်ငန်းများ အကောင်အထည်ဖော်ရန် စီမံစိုင်းပြင်းမှုများ ရှိလာပါသည်။ အထူးသဖြင့် ၂၀၁၃ ခုနှစ် အောက်တိုဘာလ ၇ ရက်နေ့က နေပြည်တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းဗဟိုဌာန ၌ကျင်းပခဲ့သည့် လက်တွေ့ကျသော ပညာရေးပြုပြင်ပြောင်းလဲမှုဆိုင်ရာ ဆွေးနွေးပွဲတွင် နိုင်ငံတော် သမ္မတကြီးကိုယ်တိုင် အဖွင့်မှာစကားပြောကြားပြီးချိန်မှစ၍ အရှိန်ရလာခဲ့ပါသည်။ ယခုအခါရန်ကုန် တက္ကသိုလ်နယ်မြေ စိန်ရတုခန်းမသည် အဆိုပါလက်တွေ့ကျသော ပညာရေးမြှင့်တင်မှုလုပ်ငန်းများ၏ ဗဟိုအချက်ချာ ဒေသသဖွယ်ဖြစ်တည်လာပါသည်။ လုပ်ငန်းအဖွဲ့ (၁၈) ဖွဲ့သည် အဖွဲ့လိုက်ရည်မှန်း ချက်များချမှတ်ခြင်း၊ လိုအပ်သောမူဝါဒများချမှတ်ခြင်းနှင့် မူဝါဒအလိုက် အကောင်အထည်ဖော်ရမည့် လုပ်ငန်းစဉ်များကို ပထမမူကြမ်းအဖြစ် ရေးဆွဲခြင်း၊ ဒေသန္တရအလုပ်ရုံဆွေးနွေးပွဲများ ကျင်းပခြင်းဖြင့် လည်းကောင်း၊ လူကိုယ်တိုင်သော်လည်းကောင်း၊ ဖုန်းဖြင့်သော်လည်းကောင်း၊ စာဖြင့်သော်လည်း ကောင်း၊ e-mail ဖြင့်သော်လည်းကောင်း ဝေဖန်အကြံပြုချက်များကို ထည့်သွင်းစဉ်းစားသော လုပ်ငန်း အဖွဲ့လိုက်ချမှတ်ထားသော ရည်မှန်းချက်များမူဝါဒများနှင့် လုပ်ငန်းစဉ်များကို ပြန်လည်မွမ်းမံကြပါ သည်။

ကျွန်တော့်အမြင်အရ မြန်မာနိုင်ငံ၏ ပညာရေးသမိုင်းတွင်သုံးကြိမ်တိုင်တိုင် ဆောင်ရွက်သည့်ပညာရေး ကဏ္ဍလေ့လာရေး (Education Sector Study) လုပ်ငန်းတို့တွင်ပါဝင်သည့် အကြောင်းအရာတို့ကို လေ့လာသည့်အခါ အောက်ပါအကြောင်းရပ်တို့သည် ဘုံပါဝင်နေကြောင်းတွေ့ရှိရပါသည်။

- ပညာရေးဖွဲ့စည်းတည်ဆောက်မှု (Education Structure)

- သင်ရိုးပြုပြင်ပြောင်းလဲရေး

- ဆရာအတတ်ပညာရေးနှင့်သင်ပြမှု အရည်အသွေးမြင့်မားရေး

- စာမေးပွဲစနစ်ပြုပြင်ရေး

- ကျောင်းစစ်ဆေးရေး

- မသင်မနေရမူလတန်းပညာရေး

- သူငယ်တန်း (Kindergarten)

- ဘာသာစကားဆိုင်ရာမူဝါဒ

- ကျောင်းအဆောက်အအုံ၊ ပရိဘောဂနှင့် သင်ထောက်ကူပစ္စည်းလိုအပ်ချက်များ

- ဘဏ္ဍာရေးအခြေအနေ

- ပညာရေးစီမံခန့်ခွဲမှုအခြေအနေ

- ကိုယ်ပိုင်ကျောင်းများ

- စက်မှုလက်မှုနှင့် သက်မွေးပညာရေးအဆင့်မြင့်ပညာရေးနှင့် ပတ်သက်၍ ၁၉၅၁ ခုနှစ် မေလတွင် တင်သွင်းခဲ့သည့် ယူနက်စကိုမစ်ရှင်၏ အစီရင်ခံစာတွင် မတွေ့ရသော်လည်း ၁၉၉၀ ပြည့် နှစ် နှစ်လယ်မှစတင်ဆောင်ရွက်ခဲ့သော ESS (Education Sector Study) နှင့် ၂၀၁၃ ခုနှစ် သြဂုတ် လမှစတင်ခဲ့သော CESR (Comprehensive Education Sector Review) တို့တွင် ပါဝင်လာသည်ကို တွေ့ရှိရပါသည်။

အထက်ဖော်ပြပါ ဘုံပါဝင်နေသည့်အကြောင်းအရာတို့နှင့်ပတ်သက်၍ သူ့ခေတ်သူ့အခါအလိုက် အကောင်းဆုံးဖြစ်လာအောင် အကြံပြုခဲ့သည်ကိုတွေ့ရသည့်အပြင် အဆိုပါနယ်ပယ်များသည် ပြောင်း လဲနေသည့်ခေတ်ကာလလိုအင်၊ တိုင်းပြည်လိုအင်၊ ကျောင်းသူ၊ ကျောင်းသားတို့၏ လိုအင်များနှင့် အညီအမြဲပြုပြင် ပြင်ဆင်နေရမည့် နယ်ပယ်များဖြစ်လာပြီး ကျွန်တော့်အမြင်အရ ဤနယ်ပယ်များအ ကြောင်းရပ်များသည် မြန်မာ့ပညာရေး၏ မပြီးသေးသော ပန်းချီကားများဟု ကျွန်တော်တင်စားချင်ပါ သည်။

ဤမပြီးသေးသော ပန်းချီကာများအတွက်မှ ပထမတစ်ချပ်ကို ကျွန်တော်နမူနာသဘော ဆွေးနွေးလိုပါ သည်။ ထိုမပြီးသေးသော ပန်းချီကားမှာအခြေခံပညာရေး ဖွဲ့စည်းတည်ဆောက်မှု (Basic Education Structure) ဖြစ်ပါသည်။

မြန်မာနိုင်ငံ၏ ပထမဆုံးသော ပညာရေးလေ့လာမှုအဖြစ် ကျွန်တော်သတ်မှတ်ချင်သော ၁၉၅၁ ခုနှစ် မေလတွင်တင်သွင်းခဲ့သည့် ယူနက်စကိုပညာရေးမစ်ရှင်အဖွဲ့၏ အစီရင်ခံစာတွင် အောက်ပါအတိုင်း တစ်နှစ်တိုးရန် အကြံပြုထားခဲ့ပါသည်။

“Most counrties have established 12 years of school as necessary for proper prepara-tion, either for life or university work. Burma should consider extending the present 9 years to 10”.

ထို့နောက် ၁၉၈၀-၈၁ ခုနှစ်မှစ၍ အခြေခံပညာအဆင့်တွင် သင်ရိုးညွှန်းတမ်းပြုပြင်ပြောင်းလဲမှုများ ဆောင်ရွက်နေချိန်တွင် ဧကာ ဒသမတန်းအထိထားရှိပြီး သင်ရိုးများရေးဆွဲရန် လမ်းညွှန်ချက်နှင့်အညီ ကျောင်းသုံးစာအုပ် (တည်းဖြတ်ပြီးစာမူ) များကို ၁၁ တန်းအထိ ရေးသားပြုစုခဲ့ပြီး ဖြစ်ခဲ့ဖူးပါသည်။ သို့သော် ၁၁ တန်းအထိ တိုးချဲ့ရန်နှင့်ပတ်သက်၍ အထက်မှထပ်မံလမ်းညွှန်ပြန်သဖြင့် ရပ်ဆိုင်းခဲ့ရပြန် ပါသည်။

ထို့နောက် ၁၉၉၀ ပြည့်နှစ် နှစ်လယ်မှစခဲ့သော ESS (Education Sector Study) ၏ Phase 1, Final Report တွင် ပညာရေးဖွဲ့စည်းတည်ဆောက်မှုကို အောက်ပါအတိုင်းသုံးသပ်ထားပါသည်။

“Under the present structure KG is treated both as preparatory to formal primary education and as the first grade of the primary cycle. This dual function is a burden for KG classes.

Moreover, the primary cycle is limited to five years, including KG Realtively young Myanmar children thus have to master the primary curriculum in a shorter period than in most countries.”

ယခုတစ်ဖန် CESR ၏တွေ့ရှိချက်ထောက်ခံတင်ပြချက်များအရ အာဆီယံနိုင်ငံအများစု၏စံ၊ နိုင်ငံ တကာစံများနှင့်အညီ ကျွန်တော်တို့နိုင်ငံ၏ အခြေခံပညာရေးဖွဲ့စည်းတည်ဆောက်မှုကို KG+12 နှစ် ထားရန် အဆိုပြုလာပါသည်။ နိုင်ငံတကာကျင့်သုံးမှုများကို လေ့လာလျှင် အခြေခံပညာအဆင့် စာသင် နှစ်စုစုပေါင်း (Total years of schooling) သည်အများအားဖြင့် ၁၂ နှစ် (KG နှစ်မပါ) ရှိပါသည်။ အထက်တွင်တင်ပြခဲ့သည့် UNESCO အစီရင်ခံစာအရပင် ၁၉၅၀ ခုနှစ်တစ်ဝိုက်ကစ၍ စာသင်နှစ်စုစု ပေါင်း ၁၂ နှစ်ကို တိုင်းပြည်အများစုတွင် ကျင့်သုံးနေပြီဟု ဖော်ပြထားပါသည်။

အထူးသဖြင့် အထက်တွင်တင်ပြခဲ့သည့်အတိုင်း ကျွန်တော်တို့နိုင်ငံတွင် အခြေခံပညာရေးဖွဲ့စည်း တည်ဆောက်မှုကိုပြုပြင်ရန် အကြံပေးထောက်ခံမှု၊ ပြုပြင်ရန်ကြိုးပမ်းမှုရှိခဲ့သည်နှင့်အညီ ယခုကဲ့သို့ အခါအခွင့်သင့်ချိန်တွင် အသင့်ရှိမှုအနေအထား (Readiness Factor) အရအသင့်မဖြစ်သေးသော အခြေအနေတို့ကို သုတေသနပြုဖော်ထုတ်ပြီး အသင့်ဖြစ်လာအောင် အဆင့်ဆင့်စီမံချက်ချကာ ပြင် ဆင်သည်နှင့်အမျှ အခြေခံပညာဖွဲ့စည်းတည်ဆောက်မှုကိုလည်း နိုင်ငံတကာစံ၊ အာဆီယံစံများနှင့် ညှိကာ KG+12 သို့ဦးတည်ဆောင်ရွက်ရန် အချိန်တန်ရုံမက အချိန်အတန်ငယ်နှောင်းနေပြီဟုပင် ကျွန်တော်ယူဆမိပါသည်။

မိဘပြည်သူများ စဉ်းစားကြပါကုန်။

ကြေးမုံသတင်းစာ
ဧပြီလ(၂၁) ရက်၊ ၂၀၁၄ ခုနှစ်

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...