အခြေခံပညာ သင်ရိုးညွှန်းတမ်းနှင့်ပတ်သက်၍ (အငြိမ်းစားဆရာကြီးတစ်ဦး )



နိုင်ငံတစ်နိုင်ငံနှင့် လူ့အဖွဲ့အစည်းတစ်ရပ်၏ အစဉ်ခေတ်မီဖွံ့ဖြိုးတိုးတက်မှုသည် သဘာဝသယံဇာတ ရင်းမြစ်များ ပေါကြွယ်ဝမှု (The richness of its natural resources) နှင့် လူသာစွမ်းရည်ရင်းမြစ် ကြွယ်ဝမှု (The richness of its human resources) တို့အပေါ်တွင် များစွာတည်မှီလျက်ရှိသည်။ ယခုအချိန်အခါတွင် ရင်းမြစ်များကို အခြေခံသည့် လူ့အဖွဲ့အစည်း (Resource-Based Society) မှသည် ပညာကိုအခြေခံသည့် လူ့အဖွဲ့အစည်း (Knowledge-Based Society) ဆီသို့ ရွေ့လျားကူးဝင် တက်လှမ်းလျက်ရှိနေပါသည်။ ထို့ကြောင့် ထိုလူ့အဖွဲ့အစည်းကို ပညာလူ့အဖွဲ့အစည်း (Knowledge Scoiety) ဟူ၍ပင်ခေါ်တွင်နေကြ ပြီဖြစ်ပါသည်။

ပညာတွင်အသိပညာ၊ အတတ်ပညာနှင့် နည်းပညာတို့ပါဝင်နေသည်။ ပညာ၏ အရည်အသွေးစံများကို တိုင်းတာသည့်အချက်များတွင် သင်ရိုးညွှန်းတမ်း (Curriculum) ၏ အရည်အသွေးကောင်းခြင်း၊ ညံ့ခြင်းသည်လည်း တစ်ချက်အပါအဝင်ဖြစ်သည်။ ဤသို့ဆိုလျှင် သင်ရိုးညွှန်းတမ်းဟူသည်အဘယ် နည်း။

သင်ရိုးညွှန်းတမ်းဆိုသည်မှာ ပညာရေးရည်မှန်းချက်များ အောင်မြင်စေရန် ရည်ရွယ်လျက်သင်ယူမှု ရလဒ်များ (Intended Learining Outcomes)၊ သင်ရိုးဝင်အကြောင်းအရာများ (Curriculum Content)၊ သင်ကြားသင်ယူမှုနည်းလမ်းများ (Teaching-Learning Stategies) နှင့် တတ်မြောက်မှု စစ်ဆေးခြင်း (Assessment) တို့ အပါအဝင်ကျောင်းတွင်း၊ ကျောင်းပြင်လေ့လာသင်ယူရာတွင် ပါဝင် သည့်နယ်ပယ် အလိုက် စနစ်တကျလေ့လာသင်ယူရာတွင် ပါဝင်သည့်ပညာရပ်နယ်ပယ်အလိုက် စနစ် တကျရေးဆွဲ ထားသော အစီအစဉ်များနှင့် အတွေ့အကြုံအားလုံးကိုဆိုလိုသည်။

မည်သည့်ခေတ်စနစ်တွင်မဆို ထိုခေတ်၏ပညာရေးရည်မှန်းချက်များပေါ်တွင် အခြေပြုလျက် သင်ရိုး ညွှန်းတမ်းများကို ရေးဆွဲကြရပါသည်။ ဤသို့ဆိုပါက သင်ရိုးညွှန်းတမ်းကောင်းဖြစ်ရေးဆိုင်ရာ အချက် များကို သိရှိနားလည်ရန်လိုအပ်ပါမည်။ အခြေခံပညာသင်ရိုးညွှန်းတမ်းသည် အောက်ပါလက္ခဏာရပ် များနှင့် ပြည့်စုံရမည်-

(က) နိုင်ငံတော်၏ ပညာရေးမူဝါဒကို လက်တွေ့အကောင်အထည်ဖော်နိုင်စွမ်းရှိရမည်။ျ

(ခ) ဒီမိုကရေစီနှင့် ကိုက်ညီသောသင်ရိုးညွှန်းတမ်းဖြစ်ရမည်။

(ဂ) ကျောင်းသား၊ ကျောင်းသူတို့၏ ဖွံ့ဖြိုးမှုနှင့် လိုက်လျောညီထွေ ရှိသော သင်ရိုးညွှန်းတမ်း (Developmentally Appropriate Curriculum) ဖြစ်ရမည်။

(ဃ) ပြောင်းလဲနေသည့်ခေတ်စနစ်နှင့် လိုက်လျောညီထွေဖြစ်သည့်အပြင် ၂၁ ရာစုအတွက် လိုအပ် သော ကျွမ်းကျင်မှုများရရှိအောင် ပျိုးထောင်ပေးနိုင်ရမည်။

(င) ကာယ၊ ဉာဏ၊ စာရိတ္တ၊ မိတ္တနှင့် ရသအပါအဝင် ဘက်စုံဖွံ့ဖြိုးတိုးတက်သည့် လူတော်လူ ကောင်း များဖြစ် လာအောင် ပျိုးထောင်ပေးနိုင်ရမည်။

(စ) မြန်မာနိုင်ငံအတွက် လိုအပ်သော နိုင်ငံသားကောင်းများ (Good Citizens) ပြုစု ပျိုးထောင်ပေး နိုင်သည့် အပြင် ကမ္ဘာ့အဆင့်နိုင်ငံသားများ (Global Citizens) ဖြစ်လာအောင်လည်း ပြုစုပျိုးထောင် ပေးနိုင်ရမည်။

(ဆ) ဒေသဆိုင်ရာ လိုအပ်ချက်များကို ဖြည့်ဆည်းပေးနိုင်သော ဗဟုသုတနှင့် ကျွမ်းကျင်မှုများ ရရှိစေသည့် သင်ယူမှုအခွင့်အလမ်းများ ဖန်တီးပေးနိုင်ရမည်။

(ဇ) အခြေခံပညာအဆင့်ဘာသာရပ်များကို တန်းတူတန်ဖိုးထား၍ တက္ကသိုလ်ပညာ၊ အသက်မွေး ပညာရပ်များကို ဆက်လက်သင်ယူနိုင်မည့် အခြေခံကောင်းများကို လေ့ကျင့်ပျိုးထောင်ပေးနိုင်ရမည်။

(ဈ) တိုင်းရင်းသားလူမျိုးစုအားလုံး၏ ယဉ်ကျေးမှုဓလေ့ထုံးစံများကို လေးစာတန်ဖိုးထားသည့် အလေ့ အကျင့်များ အပါအဝင် အမျိုးသာစရိုက်လက္ခဏာများ (National Idenity) ကိုပြုစုပျိုးထောင် ပေးနိုင်စွမ်း ရှိရမည်။

(ည) တိုင်းပြည်၏ လိုအင်၊ တိုင်းရင်းသာလူမျိုးများ၏ လိုအင်တို့နှင့် လိုက်လျောညီထွေမှုရှိအောင် ဘာသာ စကားဆိုင်ရာ မူဝါဒချမှတ်၍ အကောင်အထည်ဖော်ရမည်။

သင်ရိုးညွှန်းတမ်းရေးဆွဲရာတွင် အောက်ပါအချက်များကိုလည်း ထည့်သွင်းစဉ်းစားကြရမည်-

(က) အခြေခံပညအဆင့်အလိုက် လေ့လာသင်ယူရန် နယ်ပယ်များ (Areas of Learning) သတ် မှတ်ခြင်း။

(ခ) သင်ယူသူများတွင် ဖြစ်ထွန်းရရှိလာမည်ဟု ရည်မှန်းထားသည့် သင်ယူမှုရလဒ်များ (Intended Learning Outcomes) ဖော်ထုတ်ခြင်း။

(ဂ) နယ်ပယ်အလိုက် သင်ရိုးဝင်အကြောင်းအရာများ (Curriculum Content) ထည့်သွင်းခြင်း။

(ဃ) ရွေးချယ်ထားသော သင်ရိုးဝင်အကြောင်းအရာ၏ နယ်ပယ်အတိမ်အနက် (Scope) ကို အတိ အကျသတ်မှတ်ပြီး ကြောင်းကျိုးဆက်စပ်မှုရှိသော အစီအစဉ် (Logical Sequence) တစ်ရပ်ဖြစ်လာ စေရန် သတ်မှတ်ဖော်ထုတ်ခြင်း။

(င) သင်ရိုးဝင်အကြောင်းအရာများ စီစဉ်ရေးဆွဲရာတွင် ဘာသာရပ်တစ်ခုချင်းအတွင်း အထက်၊ အောက် ဆစ်စပ်တိုးတက်မှု (Vertical Development) နှင့် ဘာသာရပ်တစ်ခုချင်းအတွင်းဖြစ်စေ၊ ဆက်စပ်ရာ ဘာသာရပ်များနှင့်ဖြစ်စေ၊ ဘေးတိုက်ဆက်စပ်တိုးတက်မှု (Horizontal Development) ရှိအောင် ချိတ်ဆက်ရခြင်း။

(စ) ကျောင်းသား၊ ကျောင်းသူများ နားလည်တတ်မြောက်ကျွမ်းကျင်စေရန် သင်ပြမှုသင်ယူမှုနည်း များ စနစ်တကျ ရွေးချယ်သတ်မှတ်ခြင်း။

(ဆ) ကျောင်းသား၊ ကျောင်းသူများ၏ တတ်မြောက်မှုစစ်ဆေးနည်းများ၊ စာမေးပွဲကျင်းပနည်းများကို စနစ်တကျချမှတ်ခြင်း။

(ဇ) အခြေခံပညာသင်ရိုးညွှန်းတမ်းဆိုင်ရာ သင်ယူမှုနယ်ပယ်များ ရွေးချယ်ရ သည့် နောက်ခံအ ကြောင်း အရင်းများ (Rationale) သတ်မှတ်ခြင်း။ သင်ရိုးညွှန်းတမ်းမူဘောင် (Curriculum Framework) တစ်ရပ်ပြုစုရန် လိုအပ်ခြင်း။

(ဈ) သင်ရိုးညွှန်းတမ်းမူဘောင်နှင့်အညီ ကျောင်သုံးစာအုပ်များပြုစုခြင်း၊ သင်ထောက်ကူပစ္စည်းများ သတ်မှတ်ခြင်း၊ သင်ယူမှုဝန်းကျင်ကောင်းများ သတ်မှတ်ခြင်း။

သင်ရိုးညွှန်းတမ်းရေးဆွဲရာတွင် အထူးသတိပြုရမည့်အချက်များ စဉ်းစားပေးရမည့် အချက်များလည်း ရှိပါသည်။ ဗဟိုချုပ်ကိုင်မှု လျှော့ချရန်နှင့်ဒေသလိုအပ်ချက်နှင့် ကိုက်ညီသည့်ဘာသာရပ်ဆိုင်ရာ အချက် အလက်များပါဝင်ရန်၊ ထည့်သွင်းရန်လိုအပ်ပါသည်။ ဒေသဆိုင်ရာ အစိုးရအဖွဲ့များနှင့် ညှိနှိုင်း ပြီး မိမိဒေသနှင့် ကိုက်ညီသော သင်ရိုးညွှန်းတမ်းဆိုင်ရာ အချက်အလက်များကို ၂၀ ရာခိုင်နှုန်း (သို့မဟုတ်) ၂၅ ရာခိုင်နှုန်း ထည့်သွင်းရေးဆွဲသင့်ကြောင်း အကြံပြုထားပါသည်။

တိုင်းရင်းသာလူမျိုးများ၏ ဘာသာစကား၊ စာပေ၊ ယဉ်ကျေးမှု၊ ရိုးရာဓလေ့ထုံးတမ်းစဉ်လာများကို တန်ဖိုး ထားထိန်းသိမ်းမြှင့်တင်သော သင်ရိုးညွှန်းတမ်းလည်းဖြစ်ဖို့လိုပါသည်။

လူငယ်များမျိုးချစ်စိတ်ဓာတ်၊ နိုင်ငံချစ်စိတ်ဓာတ်ရှင်သန်ထက်မြက်ရေး၊ ဝေဖန်ပိုင်းခြားနိုင်သော အတွေး အခေါ်ရှိရေးနှင့် ဗလငါးတန်တိုးတက်ဖွံ့ဖြိုးစေရေးအတွက်လည်း ဦးစားပေးရေးဆွဲကြရပါမည်။ အတောင့် တဆုံးဆန္ဒတစ်ခုမှာ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံသားတစ်ဦးအဖြစ် ဂုဏ်ယူတတ်သည့် ကျောင်း သား၊ ကျောင်းသူလူငယ်များဖြစ်စေမည့် သင်ရိုးညွှန်းတမ်းမျိုးကို မျှော်လင့်မိပါသည်။

အခြေခံပညာသင်ရိုးညွှန်းတမ်း အကောင်အထည်ဖော်မှု (Curriculum Implementation) နှင့် သင်ရိုး ညွှန်းတမ်းစီမံခန့်ခွဲမှု (Curriculum Management) အဆင့်ဆင့်ကို နိုင်ငံတကာ လုပ်ထုံးလုပ်နည်းများ နှင့် အညီ မည်သည့် အဖွဲ့အစည်းလူပုဂ္ဂိုလ်တို့က အကောင်အထည်ဖော်ပေးမည်နည်း။

အခြေခံပညာရေးကောင်စီ၊ အခြေခံသင်ရိုးညွှန်းတမ်း၊ သင်ရိုးမာတိကာနှင့် ကျောင်းသုံးစာအုပ် ကော်မတီ၊ ဘာသာရပ်တစ်ခုချင်းအလိုက် ဖွဲ့စည်းထားသော သင်ရိုးညွှန်းတမ်း၊ သင်ရိုးမာတိကာနှင့် ကျောင်း သုံးစာအုပ်ကော်မတီ၊ ပညာရေးစီမံကိန်းနှင့် လေ့ကျင့်ရေးဦးစီးဌာနရှိ သင်ရိုးညွှန်းတမ်းဌာနတို့ ၏ဦးဆောင်မှုဖြင့် သင်ရိုးညွှန်းတမ်းကို ရေးဆွဲအကောင်အထည်ဖော်ကြောင်း သိရှိရပါသည်။ သင်ရိုး ညွှန်းတမ်းအကောင်အထည်ဖော်မှုကို ထိရောက်စေရန် သင်ရိုးညွှန်းတမ်း စီမံခန့်ခွဲမှုကော်မတီများကို ဗဟိုအဆင့်၊ ပြည်နယ်/တိုင်းဒေသကြီးအဆင့်၊ မြို့နယ်အဆင့်၊ ကျောင်း အုပ်စုအဆင့်နှင့် ကျောင်း အဆင့်ဟူ၍ အဆင့်ဆင့်စနစ်တကျဖွဲ့စည်းပြီး တာဝန်ဝတ္တရားများ သတ်မှတ်ကာ ကြီးကြပ်အကောင် အထည်ဖော်ဆောင်ရွက်သွားမည်ဟု သိရှိရပါသည်။

အထူးသဖြင့် အခြေခံပညာသင်ရိုးညွှန်းတမ်းကို ဆန်းစစ်အကဲဖြတ်ရာတွင် အောက်ပါအဆင့် (၄) ဆင့် အတိုင်း လျာထားသည်ဟု ဆိုပါသည်။

(၁) သင်ရိုးစီစဉ်ရေးဆွဲပြုစုစဉ်ကာလအတွင်း ဆန်းစစ်အကဲဖြတ်မှု (Formative Evaluation)

(၂) ကျွမ်းကျင်သူပညာရှင်များ၏ အကြံဉာဏ်ရယူပြီး စီစဉ်ပြင်ဆင်ထားသော သင်ရိုးညွှန်းတမ်း အား အကဲဖြတ်မှု (Evaluation of Intended Curriculum Through Expert Opinion)

(၃) သင်ရိုးအကောင်အထည်ဖော်သည့်ဖြစ်စဉ်အား အကဲဖြတ်မှု (Evaluation of Curriculum Implementation)

(၄) သင်ရိုးအကောင်အထည်ဖော်ပြီးကာလ အပြီးသတ်ဆန်းစစ်အကဲဖြတ်မှု (Summative Evaluation)

အခြေခပညာသင်ရိုးညွှန်းတမ်းအောင်မြင်စွ အကောင်အထည်ဖော်နိုင်ရေးအတွက် သင်ရိုးရေးဆွဲသူ များကို စွမ်းဆောင်ရည်မြှင့်တင်ရေးသင်တန်းများ၊ လေ့လာသင့်သည့် ပြည်ပနိုင်ငံများသို့ ပညာတော် သင်စေ လွှတ်ခြင်း၊ လေ့လာရေးခရီးများစေလွှတ်ခြင်းတို့ကိုလည်း ဆောင်ရွက်ပေးရပါမည်။ ထို့ပြင် ပြည်တွင်းပြည် ပမှ သင်ရိုးညွှန်းတမ်းကျွမ်းကျင်ပညာရှင်များကို သင်ရိုးဌာနတွင်တွဲဖက်တာဝန်ပေးခြင်း မျိုးထားရှိရပါမည်။ ဤအချက်များသည် ရေရှည်တွင်ဆောင်ရွက်သွားရမည့် လုပ်ငန်းစဉ်များဖြစ်ပါ သည်။

အခြေခံပညာသင်ရိုးညွှန်းတမ်းအဖွဲ့၏ လတ်တလောဆောင်ရွက်ခဲ့ မှုများကို မေးမြန်းကြည့်ခဲ့ပါ သည်။ ကျောင်းသားလူငယ်တို့၏ အသက်အရွယ်ဉာဏ်ရည်ဖွံ့ဖြိုးမှုတို့နှင့် မမျှတအောင် ဝန်ထုပ်ဝန်ပိုး (Over-load) ဖြစ်နေသည့် အကြောင်းအရာများကို ဘာသာရပ်အလိုက် လျှော့ချခြင်း၊ ဘာသာရပ်တစ်ခု အတွင်း သို့မဟုတ် ဘာသာရပ်များအတွင်း ထပ်ခါထပ်ခါပါဝင်နေသော အကြောင်းအရာများ (Over-lap) ကိုလျှော့ချခြင်း၊ ဒီမိုကရေစီခေတ်စနစ်နှင့် မဆီလျော်တော့သည့် သင်ခန်းစာများ (Out-date) ကို လျှော့ ချခြင်း၊ ပြင်ဆင်ရေးသားခြင်း၊ သင်ယူမှုကို အဟန့်အတားဖြစ်စေပြီး မထင်မရှား၊ မပီမသဖြစ်နေ သော သရုပ်ဖော်ပုံများကို သစ်လွင်တောက်ပထင်ရှားပြီး ဆွဲဆောင်မှုရှိသည့် ပုံများဖြင့်အစားထိုးခြင်း၊ အသက် အရွယ်ဖွံ့ဖြိုးမှုနှင့်လည်း မကိုက်ညီ၊ စဉ်းစားတွေးခေါ်မှုကိုလည်း မဖြစ်ပေါ်စေသည့် အပြင် နှုတ်တိုက် ကျက်မှတ်စေခြင်းကိုသာ ဦးတည်သည့် မေးခွန်းများ၊ လေ့ကျင့်ခန်းများအား ပယ်ဖျက်ခြင်း၊ စဉ်းစားတွေးခေါ် မှုကို ဖွံ့ဖြိုးစေသည့်မေးခွန်းများဖြင့် အစားထိုးပြင်ဆင်ခြင်းတို့ကို ဆောင်ရွက်ပြီးစီးပြီ ဖြစ်ပါသည်။

ပြင်ဆင်ရေးဆွဲပြီးသည့် ကျောင်းသုံးစာအုပ်များကို ထိရောက်စွာသင်ကြားနိုင်ရေးအတွက် အခြေခံ ပညာဆရာ၊ ဆရာမများကို သင်တန်းများပို့ချရှင်းလင်းဆွေးနွေးဦးမည်ဖြစ်ကြောင်းကိုလည်း သိရှိရပါ သည်။ ထို့ပြင်ကျောင်းသုံးစာအုပ်အဖြစ် ရိုက်နှိပ်ထားခြင်းမရှိသော တွဲဖက်သင်ရိုးဝင်ဘာသာရပ်များ အတွက် ဆရာလက်စွဲစာအုပ်များ ရိုက်နှိပ်ဖြန့်ဝေသွားမည်ဖြစ်ပါသည်။

သင်ရိုးညွှန်းတမ်းရေးဆွဲရေးနှင့် ပတ်သက်သည့် လတ်တလောဆောင်ရွက်ရမည့် လုပ်ငန်းများ၊ ရေ တို ဆောင်ရွက်ရမည့် လုပ်ငန်းများ၊ ရေရှည်ဆောင်ရွက်ရမည့်လုပ်ငန်းများကို ပညာရေးမြှင့်တင်အကောင် အထည်ဖော်ရေး အခြေခံပညာသင်ရိုးညွှန်းတမ်းလုပ်ငန်းအဖွဲ့အနေဖြင့် ဘာသာရပ်ဆိုင်ရာ ဆရာ၊ ဆရာမများ၊ အငြိမ်းစားပညာရှင်များ၊ Stakeholder များနှင့် လူကိုယ်တိုင်တွေ့ဆုံ၍လည်းကောင်း၊ စာ၊ တယ်လီဖုန်း၊ E-mail တို့ဖြင့်ဆက်သွယ်၍လည်းကောင်း အကြံဉာဏ်များကို အကြိမ်ကြိမ်ရယူဆောင် ရွက်ခဲ့ကြောင်းကိုလည်း သိရှိရပါသည်။

သင်ရိုးညွှန်းတမ်းပြုပြင်ပြောင်းလဲရေးလုပ်ငန်းသည် ရေရှည်ဆောင်ရွက်ရမည့်လုပ်ငန်းဖြစ်ပါသည်။ ဆရာ၊ ဆရာမများ၊ ကျောင်းသားမိဘများ၊ ပညာရှင်များ၊ ပညာရေးစိတ်ပါဝင်စားသူအားလုံးက ပူးပေါင်း ပါဝင်၍ အကြံဉာဏ်များပေးခြင်းဖြင့် နိုင်ငံတကာလူ့အဖွဲ့အစည်းများနှင့် သဟဇာတဖြစ်ပြီး အရည်အ သွေးပြည့်ဝ သည့် နိုင်ငံသားကောင်းများဖြစ်လာစေရန် ပြုစုပျိုးထောင်ပေးနိုင်သည့် အခြေခံပညာ သင်ရိုးညွှန်း တမ်းဖြစ်ပေါ်လာမည်ဖြစ်ကြောင်း ယုံကြည်မိပါသည်။ ။

ကြေးမုံသတင်းစာ
ဧပြီလ(၁၈) ရက်၊ ၂၀၁၄ ခုနှစ်

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...