Google က နေရောင်ခြည်စွမ်းအင်သုံး Drone ထုတ်လုပ်တဲ့ Titan Aerospace ကို ၀ယ်ယူ



နည်းပညာ Company တွေဟာ နေရောင်ခြည်စွမ်းအင်သုံး Drone တွေကို အသုံးပြုပြီး ဖွံ့ဖြိုးဆဲနိုင်ငံများမှာ အင်တာနက် ထုတ်လွှင့်ပေးဖို့ ကြိုးစားနေကြပါတယ်။ Facebook က မကြာမီက ဗြိတိန် အခြေစိုက် နေရောင်ခြည်စွမ်းသုံး Drone ထုတ်လုပ်တဲ့ Ascenta ကို ဒေါ်လာ သန်းနှစ်ဆယ် နဲ့ ၀ယ်ယူခဲ့ပါတယ်။ Google က လည်း အခုတစ်ခါ မှာ Titan Aerospace ကို ၀ယ်ယူလိုက်ပါတယ်။

Titan Aerospace ကို Facebook ကလည်း ၀ယ်ယူဖို့ သတင်းထွက်ပေါ်ခဲ့ဖူးပါတယ်။ Titan Aerospace ရဲ့ CEO မှာ အရင် Symantec CEO ဖြစ်သူ Vern Raburn ဖြစ်ပါတယ်။ Raburn ဟာ Titan Aerospace မှာ CEO အဖြစ် ဆက်လက်တာဝန်ယူမယ်လို့ Google က The Wall Street Journal ကို ပြောပါတယ်။ Titan Aerospace ဟာ Google ရဲ့ Project Loon အဖွဲ့ နဲ့ ပူးပေါင်းလုပ်ကိုင်မှာဖြစ်ပါတယ်။

Titan Aerospace ဟာ Facebook ၀ယ်ယူခဲ့တဲ့ Ascenta လိုပဲ နေရောင်ခြည်စွမ်းအင်သုံး Drone တွေ ထုတ်လုပ်နေပါတယ်။ သူ့ရဲ့ Drone တွေဟာ အင်းဆက် နဲ့ ပုံသဏ္ဍာန်တူညီပါတယ်။ တောင်ပံတွေမှာ ညဘက်ပျံသန်းဖို့အတွက် ယာဉ်ပျံ ရဲ့ ဘက်ထရီ ကို အားဖြည့်ပေးမယ့် Solar Panel တွေတပ်ဆင် ထားပါတယ်။ ယာဉ်ပျံ ဟာ မြေပြင် ရဲ့ အထက်အမြင့် ၁၂ မိုင် မှာ ပျံသန်းနိုင်ပါတယ်။ ငါးနှစ်ကြာ မောင်းနှင် ပျံသန်း နိုင်တယ်လို့ သိရပါတယ်။

ယာဉ်ပျံ ဟာ Fiber Internet အမြန်နှုန်း ဖြစ်တဲ့ တစ်စက္ကန့်လျှင် 1 gigabit နှုန်း နဲ့ အင်တာနက် ထုတ်လွှင့်ပေးနိုင်ပါတယ်။ အမေရိကန် ပြည်ထောင်စု ရဲ့ ပျမ်းမျှ အမြန်နှုန်း မှာ တစ်စက္ကန့်လျှင် 7.2 megabits သာရှိပါတယ်။ ယာဉ်ပျံများ ဟာ Google ရဲ့ ၀န်ဆောင်မှု တွေ ဖြစ်တဲ့ Map ကို ပိုမိုကောင်း မွန်စေဖို့ ပြုလုပ်မှာလည်း ဖြစ်ပါတယ်။ ဒါ့အပြင် ယာဉ်ပျံများ ကို လေထုထဲမှာ လှည့်ပတ်နေတဲ့ Satellite အဖြစ် အသုံးပြုနိုင်မယ့် နည်းပညာတွေပါရှိပါတယ်။

သူရ
Myanmar Digital Life Journal

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...