အရက်မူးနေသူကြောင့် အထိတ်တလန့် ကြုံခဲ့ရသည့် Virgin လေကြောင်းလိုင်း
အရက်မူးသူ တစ်ဦးကြောင့် နားလည်မှုလွဲကာ လေယာဉ်ပြန်ပေးဆွဲရန် အားထုတ်မှုအဖြစ် ထိတ်လန့်စရာ အခြေအနေမျိုး Virgin လေကြောင်းလိုင်းပိုင် လေယာဉ်တစ်စင်း တွေ့ကြုံခဲ့ရသည်။ အင်ဒိုနီးရှား ရဲတပ်ဖွဲ့ သည် ဘာလီရှိ လေဆိပ်တွင် ရပ်နားထားသော လေယာဉ်ပေါ်ထိ တက်ရောက်ကာ လူတစ်ဦးကို ဖမ်းဆီး ခဲ့ရသည်။ ထိုသူသည် လေယာဉ်မှူး အခန်းထဲ အတင်းဝင်ရောက်ရန် ကြိုးစားသဖြင့် ပြန်ပေးသမားဟု ယူဆကာ အရေးပေါ် အခြေအနေဖြင့် လေယာဉ်ဆင်းသက်ခဲ့ရသည်။ Boeing 737-800 လေယာဉ်သည် ယနေ့တွင် ဘာလီနိုင်ငံတကာ လေဆိပ်သို့ အရေးပေါ် သတင်းပို့ပြီး ဆင်းသက်ခဲ့သည်။

(လေယာဉ်ပေါ်တွင် အရက်မူးသောင်းကျန်းခဲ့သူအား ခေါ်ဆောင်လာစဉ်)
ဘရစ္စဘိန်းမှ ဘာလီသို့ ပျံသန်းသော လေယာဉ်သည် ပြန်ပေးဆွဲရန် ပစ်မှတ်ထား ခံခဲ့ရကြောင်း အစောပိုင်း သတင်းများက ဖော်ပြခဲ့သည်။ သို့သော်လည်း ယခုဖြစ်စဉ်သည် အလွန်အကျွံ အရက်မူးနေသူ တစ်ဦး ၏ နှောင့်ယှက်မှုသာဖြစ်ကြောင်း သိရသည်။ အင်ဒိုနီးရှားလေတပ်က အထူးတပ်ဖွဲ့သည် လေယာဉ်ထဲ ထိုးဖောက်စီးနင်းပြီး လူတစ်ဦးကို ဖမ်းဆီးခဲ့ကြောင်း ပြောကြားခဲ့သည်။ ထိုသူကို လေယာဉ်အမှုထမ်းများက အင်အားသုံး ဖမ်းဆီးချုပ်နှောင်ထားပြီး ပြန်ပေးဆွဲရန် အားထုတ်မှုအဖြစ် သတင်းပေးပို့ခြင်းကြောင့် ရဲများ က လေယာဉ်ဆင်းသည်နှင့် စစ်ဆင်ရေးဆောင်ရွက်ခဲ့ခြင်း ဖြစ်သည်။

(အရေးပေါ်ဆင်းသက်ခဲ့ရသည့် Virgin လေကြောင်းလိုင်း လေယာဉ်) နောက်ပိုင်းတွင် Virgin Austraila လေကြောင်းလိုင်း တာဝန်ရှိသူ တစ်ဦးက ရဲတပ်ဖွဲ့ ဖမ်းဆီးထားသူသည် လေယာဉ်ကို ပြန်ပေး ဆွဲရန် မည်သည့် ရည်ရွယ်ချက်မျှ မရှိခဲ့ကြောင်း ဖြေရှင်း ကြေညာခဲ့သည်။ ယခုဖြစ်စဉ်တွင် ခရီးသည်များ ထိတ်လန့်ခဲ့သော်လည်း ဘေးရန်တစ်စုံတစ်ရာ မရှိခဲ့သလို ၎င်းတို့ကို အရေးပေါ် အခြေ အနေဖြင့် ရွှေ့ပြောင်းပေးနိုင်ခဲ့ကြောင်းလည်း လေကြောင်းလိုင်းက အတည်ပြု ပြောကြားသွားသည်။
Planet Myanmar Network