တာဝေးရေကူးသမား တစ်ဦးကို လင်းပိုင်များက ငါးမန်းရန်မှ စုပေါင်းကာကွယ်



နယူးဇီလန် ကမ်းလွန်တွင် တာဝေး ရေကူးပြိုင်ပွဲတစ်ခုအတွက် ပင်လယ်ထဲ၌ ရေကူးနေသူ တစ်ဦးကို လင်းပိုင်များက စုပေါင်းကာ ငါးမန်းရန်မှ ကာကွယ်ပေးခဲ့ကြောင်း သိရှိရသည်။ ဗြိတိသျှ ရေကူးသမား အဒမ်ဝေါ့ကားသည် ယခုသီတင်းပတ် အစောပိုင်းက (၁၆)မိုင်ကျယ်သော ကွတ်ခ်ရေလက်ကြား ကို ဖြတ်ကျော်ကာ အေးစက်နေသော ပင်လယ်ရေထဲတွင် ကူးခတ်နေခဲ့သည်။ ဝေါ့ကားသည် ရေကူးရင်း ၎င်း၏ အောက်ဘက်၌ (၆)ပေမျှ အရှည်ရှိသည့် ငါးမန်းတစ်ကောင် ကူးခတ်နေသည်ကို ရုတ်တရက် သတိပြုမိသွားခဲ့သည်။ ဝေါ့ကားအနေဖြင့် ထိတ်လန့်ပြီး ကျောချမ်းသွားသော်လည်း ရုတ်တရက် ကယ်တင် ရှင်များ ရောက်လာခဲ့သည်။



(၁၀)ကောင်မျှ ပါဝင်သော လင်းပိုင်အုပ်သည် ဝေါ့ကားအနီးတွင် ခြံရံကူးခတ် ကာ တောက်လျှောက် စောင့်ရှောက်မှု ပေးသွားခဲ့သည်။ “ဝယ်လင်တန်ကို ရောက်တဲ့ထိ သူတို့က ကျွန်တော့်ကို လိုက်စောင့်ရှောက်ပေးနေတယ်လို့ ကျွန်တော်ထင်ပါတယ်။ အိမ်ကိုပြန်ဖို့ လမ်းပြနေသူသလို ပဲ။ လင်းပိုင်လေးတွေက ကျွန်တော့်ဘေးမှာ ရေကူးပြီး နေပေးခဲ့တယ်လေ”ဟု ဝေါ့ကားက ၎င်း၏ အတွေ့ အကြုံကို ရှင်းပြခဲ့သည်။ နော်တင်ဟမ်နယ်သား ဝေါ့ကား၏ နံဘေးတွင် လင်းပိုင်လေးများက ခုန်ပေါက်ရင်း ခြံရံလိုက်ပါခဲ့ကြသည်။



“နီးနီးလေးဗျ။ ကျွန်တော်က အားစိုက်ကူးနေတော့ တစ်ကောင်ရဲ့ အမြီးကိုတောင် လက်နဲ့ထိခဲ့သေးတယ်” ဟုလည်း ဝေါ့ကားက ဆိုသည်။ လင်းပိုင်များသည် ငါးမန်းများကို တိုက်ခိုက်နိုင်သည့် စွမ်းရည်မျိုးရှိပြီး အထူးသဖြင့် ၎င်းတို့၏ သားပေါက်လေးများကို ကာကွယ်ရန်အတွက် ရဲရဲရင့်ရင့် ရင်ဆိုင်လေ့ရှိသည်။ (၂၀၀၄)ခုနှစ်ကလည်း ရေကူးသမား(၄)ဦးကို ငါးမန်းဖြူကြီးတစ်ကောင်က လှည့်ပတ်ကူးခတ်နေစဉ် လင်းပိုင်အုပ်တစ်အုပ်က ကြားဝင်ကာကွယ်ပေးခဲ့ဖူးသည်။



ထိုစဉ်က ကမ်းခြေစောင့်ဝန်ထမ်း ရော့ဘ်ဟိုးဝက်စ်၊ ၎င်း၏သမီးနှင့် အခြားသူငယ်ချင်း နှစ်ဦးတို့ နယူးဇီလန် ကမ်းခြေတစ်ခု၌ ရေကူးနေစဉ် ငါးမန်း၏ ချဉ်းကပ်လာခြင်း ဖြစ်သည်။ သို့သော်လည်း လင်းပိုင်များက ငါးမန်းနောက်လိုက်၍ ဖိအားပေး တိုက်ခိုက်ခဲ့သလို ဟိုးဝက်စ်တို့ကိုလည်း မိနစ်(၄၀)မျှ ကြာအောင် စောင့်ရှောက်ပေးခဲ့သည်။ “အဲဒီတုန်းက ရေကမှန်သားလို ကြည်လင်နေတယ်။ ငါးမန်းကြီးက ကျွန်တော်တို့နဲ့ (၆)ပေလောက်ပဲ ဝေးတော့တယ်။ အဲဒီမှာ လင်းပိုင်တွေ ပေါ်လာပြီး ငါးမန်းကို တိုက်ခိုက်တော့တာပဲ”ဟု ဟိုးဝက်စ်က ပြောကြားခဲ့သည်။

Planet Myanmar Netwirk

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...