မွန်နီကာ လူဝင်စကီးက သမ္မတကလင်တန်နှင့်ပတ်သက်ခဲ့မှု ပြန်လည်ဖွင့်ဟ

တချိန်က အမေရိကန် သမ္မတအိမ်ဖြူတော်မှာ အကူဝန်ထမ်းအဖြစ် တာဝန်ထမ်းဆောင်ခဲ့တဲ့ မွန်နီကာ လူဝင်စကီးက အဲဒီအချိန်က သမ္မတ ဘေးလ်ကလင်တန်နဲ့ ပတ်သက်ခဲ့တဲ့ ကိစ္စကို အချိန်အတန်ကြာ ရေ ငုံနုတ်ပိတ်နေခဲ့ပြီးနောက် ဒီနေ့ ပြန်လည်ဖွင့်ဟပြီး ဖြစ်ခဲ့တာတွေအတွက် နောင်တရတယ်လို့ ပြောပါတယ်။



၁၉၉၀ ပြည်လွန်နှစ်တွေမှာ ဟိုးလေးတကျော် ဖြစ်ခဲ့တဲ့ မွန်နီကာ အမှုဟာ သမ္မတ ဘေးလ် ကလင်တန်ကို ရာထူးကနေ ထွက်ရလု နီးနီး ဖြစ်ခဲ့ပါတယ်။

လက်ရှိအသက် ၄၀ အရွယ် မွန်နီကာက Vanity Fair magazine မှာ ဒီအချိန်ဟာ အတိတ်ကို ဖုံးကွယ် ထားရတာ အဆုံးသတ်ရမယ့် အချိန်ပဲလို့ ဖွင့်ဟပါတယ်။ ဖြစ်ခဲ့တဲ့ ဇာတ်လမ်းကို နောက်တနည်းနဲ့ အဆုံး သတ်ဖို့ စိတ်ပိုင်းဖြတ်ထားတယ်လို့လည်း ပြောပါတယ်။

သမ္မတ ကလင်တန်နဲ့ ဇာတ်လမ်းကြောင့် သူ့ဘ၀မှာ လမ်းကြောင်း ပြောင်းသွားခဲ့ရတယ်လို့လည်း ဆိုထားပါတယ်။ ဖြစ်ပြီးတဲ့နောက်မှာ ကလင်တန်ရဲ့ နေရာကို ကာကွယ်ဖို့အတွက် အသုံးချဘ၀ကို ရောက်ခဲ့ ရတယ်လို့ မဂ္ဂဇင်းဝက်ဆိုက်မှာ ဖော်ပြထားတဲ့ ဖွင့်ဟချက် တစိတ်တပိုင်း ကောက်နုတ်ချက်မှာ ဖော်ပြ ထားပါတယ်။

အလုပ်အကိုင်အခွင့်အလမ်း အမြောက်အမြားကို လက်လွှတ်ခဲ့ရပြီး ကိုယ့်ကိုယ်ကိုယ် သေကြောင်းကြံဖို့ အထိ အကြိမ်ကြိမ် စဉ်းစားဖူးတယ်လို့ ဆိုထားပါတယ်။

မွန်နီကာနဲ့ အချစ်ဇာတ်လမ်းကြောင့် သမ္မတ ကလင်တန်ဟာ ၁၉၉၉ ခုနှစ်က အောက်လွှတ်တော်မှာ အယုံအကြည်မရှိ အဆိုနဲ့လည်း ရင်ဆိုင်ခဲ့ရပါတယ်။ အထက်လွှတ်တော်က လွတ်ငြိမ်းခွင့်ပေးလိုက်လို့ ကလင်တန်ဟာ ဒုတိယသက်တမ်း ဆုံးတဲ့ ၂၀၀၁ ခုနှစ်အထိ တာဝန်ထမ်းဆောင်ခဲ့ပါတယ်။

ဟိုးလေးတကျော် ဖြစ်ပြီးနောက်မှာ မွန်နီကာဟာ လူမြင်ကွင်းကနေ ပျောက်ကွယ်သွားခဲ့ပါတယ်။ အဲဒီနောက် လန်ဒန် စီးပွားရေးတက္ကသိုလ်မှာ လူမှုစိတ်ပညာဘာသာရပ်နဲ့ မဟာဘွဲ့ ယူခဲ့ပြီး လော့အိန်ဂျလိ၊ နယူးယော့ခ်၊ ပေါ့လန်း၊ အာရေဂွန် တို့မှာ နေထိုင်ခဲ့ပါတယ်။

အင်တာနက်ကြောင့် တကမ္ဘာလုံးပျံ့နှံ့သွားပြီး အကြီးအကျယ် အရှက်ရခဲ့တယ်လို့ မွန်နီကာက ရေးသား ထားပါတယ်။ အက်ဆေး အပြည့်အစုံကို ဇွန်လထုတ် Vanity Fair magazine မှာ ဖော်ပြမယ်လို့ သိရပါတယ်။

DVB News

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...