လူငယ်များအတွက် နေရာအခက်အခဲ

မြန်မာနိုင်ငံမှာ လူငယ်ဖြစ်ရတာ အခွင့်အရေး အတော်ဆုံးရှုံးပါတယ်။ ယုံကြည်ရာကို ပြောဆိုရဲတဲ့ အခွင့် အရေး မရကြရှာပါဘူး။ ကိုယ်မယုံကြည်တာကို ငြင်းဆန်ရဲတဲ့ စိတ်အင်အားမျိုးလည်း မရှိကြရှာပါ ဘူး။ မျှော်လင့်ချက်တွေ တလက်လက် တောက်ပနေတဲ့ အနာဂတ်ကိုလည်း မပိုင်ဆိုင်ရပါဘူး။



ကိုယ်ဘယ်လောက် ကြိုးစားကြိုးစား နေရာတစ်ခုကို ကိုယ်ကျင့်တရားနဲ့ အရည်အချင်းပေါ် မူတည်ပြီး သတ် မှတ်တာ မဟုတ်တဲ့အတွက် ကိုယ်ကျင့်တရား ပျက်ယွင်းပြီး အရည်အချင်း မရှိတဲ့ လူကြီးတွေ အောက်မှာ လည်း နှိပ်ကွပ် ခံကြရရှာပါတယ်။ ပညာကောင်းကောင်းကို လူငယ်တိုင်း မသင်ကြရရှာပါဘူး။ လက်ညိုးထောင် ခေါင်းညိတ်၊ မေးခွန်း ပြန်မမေးရသော ပညာဆိုးဆိုး များကိုသာ သင်ကြားကြရရှာပါတယ်။ တစ်ယူသန်သောသူ၊ အစွဲအလမ်းကြီးသောသူ၊ ပြောသမျှ ယုံသောသူ၊ ဘာပြောပြော မယုံသောသူ တို့ ဖြစ်ခဲ့ပြီး စဉ်းစား ချင့်ချိန်နိုင်တဲ့ လွတ်လပ်တဲ့စိတ်နဲ့ လူငယ်မျိုး ဖြစ်မလာခဲ့ကြပါဘူး။

ဒီလိုစနစ်ဆိုးထဲမှာ ရုန်းကန်လှုပ်ရှားရင်း ကြိုးစားနေတဲ့ လူငယ်တွေလည်း တွေ့ရပါတယ်။ ဒီလိုမြင်ရရင် စာရေးသူရဲ့စိတ်ထဲမှာ ကြက်သီး တဖြန်းဖြန်းထရင်း မျက်ရည်ဝဲလာတဲ့အထိ ကျေနပ် အားတက်မိပါတယ်။ ဒီလို လူငယ်လေးတွေအတွက် အာမခံချင်တဲ့စိတ်၊ တာဝန်ယူချင်တဲ့ စိတ်လေး ပေါ်မိပါတယ်။ ကြိုးစားစမ်း လူငယ်လေးရေ...မင်းအတွက် ရှေ့အနာဂတ်ဟာ လှပနေတယ်၊ မင်းအတွက် တစ်နေရာရှိတယ်၊ မင်းရဲ့ ကြိုးစားမှုဟာ ငါတို့ တိုင်းပြည်အတွက် အချည်းအနှီး မဖြစ်စေရဘူး။ မင်းရဲ့ စိတ်ကူးဉာဏ်တွေအတိုင်း အကောင်အထည် ဖော်နိုင်ဖို့၊ နိုင်ငံတော် တိုးတက်ဖို့ မင်းကို နေရာတစ်ခု ပေးမယ်လို့ ပိုင်ပိုင်ကြီး ပြောချ လိုက်ချင်တဲ့ စိတ်ပေါ်လာမိတယ်။ ဒါပေမဲ့ လူငယ်လေးရယ်၊ ငါ့ကိုယ်ငါလည်း ရှက်မိပါတယ်။ ငါမင်းကို ဘာမှလုပ်မပေး နိုင်ဘူးဆိုတဲ့ သိမ်ငယ်စိတ်လည်း ပြန်ဝင်လာခဲ့ပါတယ်။ ဒီလိုနဲ့ ဆောင်းပါးလေး ရေးဖြစ် တာပါ။

လူတစ်ဦးတစ်ယောက်က လုပ်ပေးနေမှ လူငယ်များ နေရာရမှာလား၊ အဲဒီလူ သေသွားရင် ဘယ်လိုလုပ် မလဲ။ လုပ်ပေးနိုင်တဲ့ နေရာကို ရောက်နေတဲ့သူကရော လူငယ်များကို နေရာပေးရမှန်း မသိရင် ဘယ်လို လုပ်ကြမလဲ။ ဒီလိုအတွေးတွေ ဝင်လာမိတယ်။ စနစ်တစ်ခု ကောင်းကောင်းမွန်မွန် ပီပီပြင်ပြင် ဖော်ဆောင်နိုင်ရင် ဘယ်သူသေသေ၊ ဘယ်သူနေနေ လူငယ်များ သူ့အခွင့်အရေးသူ ရကြပါ လိမ့်မယ်။ ဘယ်လို စနစ်ကောင်း ဖြစ်မလဲ။ အတွေးပြောင်းလိုက်ရုံပါပဲ။ ရာထူးနဲ့ ငွေကြေးကို ဦးညွတ်နေတဲ့ စိတ်ဓာတ်တွေကို ပြောင်းလိုက်ကြရမှာ ဖြစ်ပါတယ်။ လူငယ်များ ကိုယ်တိုင် ပြောင်းကြပါ။ ရာထူးကို ဦးစားပေးတော့ ရာထူးရပြီးရော နည်းလမ်းပေါင်းစုံသုံး၊ ကိုယ့်ထက် အရည်အချင်း ရှိသူများကို ကျော်ခွနင်း၊ ကိုယ့်ကို ရာထူးပေးနိုင်သော လူကြီးကို အတင်းဖား၊ ဒီလိုနဲ့ ရာထူးရတော့ ငွေကြေးကို မဟုတ်တရုတ် နည်းလမ်းနဲ့ရှာ၊ ကိုယ်ကျင့်တရားပျက်၊ ငွေရပြီးရောလုပ်။ ဒီလိုနဲ့ လူကြီး ဖြစ်လာကြတော့ ကိုယ်လုပ်သည် များကို ပြန်လည် ထောက်ပြမည့်သူ မရှိအောင် လက်ညှိုးထောင် ခေါင်းညိတ် Complain မရှိသူ ခိုင်းရာ လုပ်သူများကို နေရာပေး။ ဒီလိုနဲ့ လူတော်လေးတွေအတွက် နေရာပျောက် လာခဲ့တာပေါ့။

ဒီတော့ ကျွန်တော်တို့ လူငယ်တွေ ရာထူး (အာဏာ) နဲ့ ငွေကြေးကို ဦးမညွတ်ကြပါနဲ့၊ ကိုယ်ကျင့်တရားနဲ့ အရည်အချင်းကိုသာ ဦးညွတ်လိုက်ပါ။ မြန်မာပြည်ရဲ့ ဌာနဆိုင်ရာပေါင်းစုံ ရာထူးပေးရေးစနစ်မှာ မူတွေ အများကြီး ထားပါတယ်။ ဒီလိုမူတွေ အများကြီးထားတော့ စည်းစနစ် ကျသွားပြီလား၊ ဒီလိုမဟုတ်ပါဘူး ကိုယ်ပေးချင်တဲ့ သူကို ပေးလို့ရသွားတာပဲ ဖြစ်ပါတယ်။ ကိုယ်ပေးချင်တဲ့သူကို မူဝါဒ တစ်ခုနဲ့ ကိုက်ရင် ပေးလိုက်ပါတယ်၊ ဒီလိုပဲ မပေးချင်တဲ့ သူကိုတော့ မူဝါဒတစ်ခုနဲ့ မကိုက်ညီလို့ မပေးတော့ပါဘူး။ တကယ်လိုအပ်တာက ကိုယ်ကျင့်တရားနဲ့ အရည်အချင်းပါပဲ။ ဒါကြောင့် ကိုယ့်ထက် ရာထူးကြီးတဲ့သူ ကိုယ်ကျင့်တရား မကောင်းရင် မလေးစားပါနဲ့၊ အရည်အချင်း မရှိရင် မလေးစားပါနဲ့။

တကယ်လို့ လူငယ်များက ကိုယ်ကျင့်တရားနဲ့ အရည်အချင်းကိုသာ လေးစားနိုင်မယ်လို့ ကြွေးကြော်လိုက်ပြီ ဆိုပါစို့၊ ကိုယ်ကျင့်တရား မကောင်းတဲ့သူတွေ ကောင်းလာပါလိမ့်မယ်၊ အရည်အချင်း မရှိတဲ့သူတွေ ရှိအောင် ကြိုးစားလာပါလိမ့်မယ်။ လူဆိုတာ သြဇာရှိချင်တဲ့ သူတွေချည်းပဲလေ။ အလေးစားခံချင်တဲ့ သူတွေ ချည်းပဲလေ။ ဒီတော့ အခန့်သား ဘာမှမလုပ်ရဘဲတော့ အလေးစား မခံချင်ပါနဲ့။ ထို့အပြင် ကိုယ့်ထက် ငယ်သူများကလည်း အလေးစား ခံရဖို့အတွက် ကိုယ်ကျင့်တရား ကောင်းအောင် ကြိုးစားကြတော့မည်၊ အရည်အချင်း ရှိအောင် ကြိုးစားကြတော့မည်။ အရည်အချင်းနဲ့ ကိုယ်ကျင့်တရားသာ ကောင်းပါစေ၊ ဘယ်လောက်ငယ်ငယ် လေးစားလိုက်ပါ။ ဗိုလ်ချုပ်အောင်ဆန်းလည်း ငယ်ငယ်နဲ့ ဗိုလ်ချုပ် ဖြစ်တာပဲလေ။ ဘုရားလည်း ၃၆ နှစ် ဘုရား ဖြစ်ခဲ့တာပဲ။ ဒီလိုပြောင်းလိုက်ရုံနဲ့ စနစ်တစ်ခု ပြောင်းသွားမလားဆိုပြီး သံသယ ရှိနိုင်ပါတယ်။ ပြောင်းသွားမယ်လို့ ရဲရဲကြီး အာမခံပါတယ်။ ဒါကလည်း အကြောင်းရှိလို့ပါ။ အချိန်တော့ အနည်းငယ် လိုအပ်ပါတယ်။

လူငယ်များကို Knowledge Management ဆိုသော အတွေးအခေါ်နှင့် ဥပမာပေး တင်ပြချင်ပါတယ်။ အရင်တုန်းကတော့ Time Management နဲ့ Man Management ဆိုတာ ခေတ်စားပါတယ်။ အခုကတော့ Knowledge Management ကပိုခေတ်စားလာပါတယ်။ Knowledge Management ကဘာလဲဆိုတော့ Sharing your knowledge ပါ။ ဟိုအရင် နည်းပညာခေတ် လူတစ်ယောက် အလုပ်မှာ သြဇာရှိဖို့၊ နေရာရဖို့ ဆိုရင် သူဘယ်လောက် သိသလဲ ဆိုတဲ့အပေါ်မှာ မူတည်ပါတယ်။ ဒါကြောင့် လူတွေဟာ သိဖို့ ကြိုးစားကြ ပါတယ်။ ပြီးရင် ကိုယ်သိတဲ့ဟာကို သူများကို မပြောပြကြပါဘူး၊ ပြောလိုက်လို့သူများ သိသွားရင် ကိုယ်နေရာ မရမှာကို ပူပန်ပါတယ်။ ကိုယ့်သြဇာ ကျသွားမှာကို စိုးရိမ်ပါတယ်။ ဒါကြောင့် လူတွေဟာ ကိုယ်သိသမျှကို မပြောပြချင်ကြပါဘူး။ ဒီလိုနဲ့ ခေတ်က အိုင်တီခေတ်ကို ပြောင်းလာပါတယ်။ လူတွေရဲ့ ကိုယ်သိတာကို မပြောချင်တဲ့စိတ်က အလုပ် မဖြစ်တော့ပါဘူး။ နိုင်ငံတစ်ခုအတွက် ကုမ္ပဏီ တစ်ခုအတွက် လူတစ်ယောက်တည်း သိတာက မလုံလောက်တော့ပါဘူး။ ဒါကြောင့် လူတွေကို အမြင်ပြောင်းအောင် စည်းရုံးကြပါတယ်။ သိတာဟာ သြဇာမဟုတ်တော့ဘဲ ကိုယ်သိတာကို သူများအသုံးချလို့ ရအောင် ပြောပြပေးခြင်းသာလျှင် သြဇာ ကြီးမားတဲ့သူ ဖြစ်စေတယ် ဆိုတဲ့အတွေးကို ပြောင်းပေးလိုက်ပါတယ်။ ဒါကြောင့် Knowledge Management မှာ You Should share your knowledge ပါ။ ဒါကြောင့် ဒီဘက်ခေတ်မှာ Share လုပ်နိုင်လေ သြဇာကြီးတဲ့သူ ဖြစ်လေပါ။

ဒါလေးကို ဥပမာယူပြီး ကျွန်တော်တို့ လူငယ်တွေ ပြောင်းလဲကြရအောင်ပါ။ ကိုယ်ကျင့်တရားနဲ့ အရည် အချင်းကိုသာလျှင် လေးစားမယ်လို့ ကြွေးကြော်လိုက်ရင် နောင်ငါးနှစ်လောက်မှာ ကိုယ်ကျင့်တရား မကောင်းဘဲ၊ အရည်အချင်း မရှိဘဲ နေရာရလာတဲ့သူ မရှိသလောက် ရှားသွားပါလိမ့်မယ်။ ၁၀ နှစ်လောက် ကြာရင်တော့ လုံးဝပျောက်ကွယ် သွားပါလိမ့်မယ်။ ဒါပေမဲ့ လူငယ်များအနေနဲ့ ကိုယ်ကျင့်တရားဆိုတာ ဘာလဲ၊ အရည်အချင်းဆိုတာ ဘာလဲဆိုတဲ့ သတ်မှတ်ချက် များကိုတော့ ဝိုင်းဝန်း ဆွေးနွေးကြဖို့ တင်ပြချင် ပါတယ်။ ဒီနေရာမှာ လူငယ်များ ကျင့်ဝတ်နဲ့ ကိုယ်ကျင့်တရားကို ကွဲပြားဖို့ လိုအပ်ပါတယ်။ ဥပမာ - ဗိုလ်ချုပ်အောင်ဆန်း။ သူဟာ ကျင့်ဝတ်များကို လိုက်နာနေသော ယဉ်ကျေးတဲ့သူ မဟုတ်ပါဘူး။ ဒါပေမဲ့ ကိုယ်ကျင့်တရား အရာမှာ ထောက်ကွက် မရှိလောက်အောင် ပြီးပြည့်စုံပါတယ်။ စကားလုံးတွေ ယဉ်ကျေးပြီး အတွေးအခေါ် မိုက်ရိုင်းမနေဖို့ လိုပါတယ်။ ကွန်ဖြူးရှပ်ရဲ့ အဆိုအမိန့်လေးကို အလျဉ်းသင့်လို့ လူငယ်များကို တင်ပြချင်ပါတယ်။ ကောက်ညှင်းကို မုန်းတယ်၊ ဆန်နဲ့ မှားမှာစိုးလို့။ ခရမ်းရောင်ကို မုန်းတယ်၊ ဟင်္သာပြဒါးနဲ့ မှားမှာစိုးလို့ (ဟင်္သာပြဒါးဆိုတာ တော်ဝင်မင်းသမီးတွေ သုံးတဲ့အရောင်ပါ)။ လူတွေက ကောင်းတယ်လို့ သတ်မှတ်ထားတဲ့ ကျင့်ဝတ် ပြည့်စုံသူကို မုန်းတယ်၊ ကိုယ်ကျင့်တရား တကယ်ကောင်းတဲ့သူနဲ့ မှားမှာစိုးလို့တဲ့။ ဒီလိုဆိုရင်တော့ ဘုရားတုတွေ ပေါ်မလာနိုင်ပါဘူး။

တချို့လူငယ်များ ကြည့်လိုက်တာနဲ့ တော်တယ်ဆိုတဲ့ အငွေ့အသက် ရတဲ့လူငယ်တွေ နယ်ပယ်အသီးသီး မှာ ရှိပါတယ်။ ဒီထက်မက ရိုးသားတယ်ဆိုတဲ့ အငွေ့အသက်ပါ ပေါင်းလိုက်ရင်တော့ လူငယ်များအ တွက် နေရာ မခက်ခဲနိုင်တော့ပါဘူး။ ရပြီးသား နေရာလည်း မိမိ၏ အနေအထိုင် အပြောအဆို မတတ် မှုကြောင့် နောင်လာ၊ နောက်သား လူငယ်များ လမ်းပိတ် သွားသလိုမျိုး မဖြစ်သင့်ပါဘူး။ တခြားသူနဲ့ ယှဉ်ပြိုင်ရင် မိမိရိုးသားရင် ရိုးသားသလောက် အနိုင်ရပါတယ်။ မိမိကိုယ်ကိုယ် အောင်နိုင်ချင်ရင်တော့ မိမိသည်းခံနိုင်စွမ်းအပေါ် မူတည်ပါတယ်။ လူငယ်တွေရဲ့ အားသာတဲ့ အရင်းအမြစ်ကတော့ ရိုးသားမှုပါပဲ။ ဒီဂုဏ်ကို အပွန်းမခံကြပါနဲ့။ ဒါပေမဲ့ စနစ်ဆိုးရဲ့ တိုက်စားမှုဒဏ်ကို လူငယ်များ ခံစားရတဲ့အတွက် မရိုးသား တဲ့ လူငယ်လေးတွေကိုလည်း စိတ်မကောင်းစွာ တွေ့နေရပါတယ်။ ဒီလို မြင်လိုက်ရရင်လည်း မဆီမဆိုင် ဝမ်းနည်းမိပြန်ရော။

မြန်မာပြည်မှာ လူငယ်များ နေရာအရဆုံး နယ်ပယ်တွေလည်း ရှိပါတယ်။ သရုပ်ဆောင် နယ်ပယ်နဲ့ ဂီတနယ်ပယ်များ ဖြစ်ပါတယ်။ ဒါတောင် လူငယ်တွေ သရုပ်ဆောင်ပညာ ပိုမိုကောင်းမွန်ပြီး ရုပ်ပိုချော လာကြလို့ ဖြစ်ပါလိမ့်မယ်။ မဟုတ်ရင် ဒီနေရာမှာ လူငယ်တွေ မတိုးနိုင် ဖြစ်သွားပါမယ်။ သဘာဝကပေးတဲ့ ကံကောင်းခြင်း လက်ဆောင်များပါပဲ။ ဂီတနယ်ပယ်မှာလည်း ထိုနည်းတူပါ။ ယခုခေတ် လူငယ်တွေ ရေး တာရော၊ ဆိုတာရော တိုးတက် လာကြပါတယ်။ အရင်ကရေးတဲ့သူက မဆိုနိုင်၊ ဆိုတဲ့သူက မရေးနိုင်၊ သံစဉ်ကတော့ ကော်ပီကူး၊ ဒီလိုမျိုးတွေ ဖြစ်ခဲ့ဖူးပါတယ်။ အဆိုတော် ကြက်ဖရဲ့ တချို့တွေက ‘မျက်နှာလည်း မသစ်တတ်ပါ’ ဆိုတဲ့ အတွေးအခေါ် စာသားမျိုး၊ ဂျေမီရဲ့ ‘ကဲသာကဲ မင်းဂရုမစိုက်နဲ့’ ဆိုတဲ့ လွတ်လပ်လိုတဲ့ လူငယ် စိတ်ခံစားချက်မျိုး၊ မိစန္ဒီရဲ့ ရဲတိုက်လို မျက်လုံးနဲ့ ညှို့၊ စိုင်းစိုင်းလို ၅ ပေ ၉၊ နေတိုးလို အသားအရေမျိုး ဆိုတဲ့ ဖွဲ့နွဲ့မှုပုံစံက ဇင်ယော်တောင် မျက်ခုံးမျိုး သမင်မျက်လုံး ဆိုတာထက်တော့ လူနှင့်ပိုတူသည်ဟု ယူဆသည်။ တေးရေးဆရာ ထူးအိမ်သင် ရေးပြီးတော့ ကိုလေးဖြူတို့ အုပ်စုလိုက် သီဆိုထားသော ဉာဏ်ပညာရယ်၊ ချစ်ခြင်း တရားရယ် (love and wisdom) ဟူသော ဗုဒ္ဓဘာသာကို ထင်ဟပ်ထားသော စာသားဖန်တီးမှု၊ နောက်တစ်ခု သဘောကျတာက စိုင်းစိုင်းခမ်းလှိုင်ရဲ့ ‘အတ္တအရေခွံကို ချွတ်လိုက်မှ အနုပညာ လုပ်ရတာ ပိုလွတ်လပ်လာတယ်’ ဆိုတဲ့စာသား၊ တခြားနယ်ပယ်မှာ ကြိုးစားနေတဲ့ လူငယ်များ ရှိရင် အမှာပါးလိုက် ချင်ပါတယ်။ ရိုးသားကြပါလို့။ ဒါမှ လူငယ်များ မိမိရပြီးသား နေရာကို မပျောက်မပျက် ထိန်းသိမ်းနိုင်မှာ ဖြစ်ပါတယ်။

ဘာပယောဂမှ မပါဘဲ လူငယ်များ မကြိုးစား၊ မရိုးသားရင်တော့ လူငယ်များ အပြစ်ပါ။ ရိုးသားကြိုးစား နေပါ လျက်နဲ့ အခွင့်အရေးကောင်း၊ အခွင့်အလမ်း ကောင်းတွေ မဖန်တီးပေးနိုင်ရင် လူကြီးများရဲ့ အသိနိမ့်ကျ မှုနဲ့ လောဘကြီးမှုပါ။ လူငယ်များကို တင်ပြချင်တာကတော့ လေးစားထိုက်သူကို မလေးစားခြင်းဟာ အသိတရား ကင်းမဲ့ရာ ရောက်ပါတယ်။ လူကြီးများ အတွက်ကတော့ အလွန်အကျူး အထူးအကဲ အရိုသေ အလေးစား ခံချင်ခြင်းသည် ကိုယ်ချင်းစာတရား မရှိရာ ရောက်ပါတယ်။ ကိုယ်တိုင် ကြိုးစား ရုန်းကန်နေရတဲ့ ဘဝမို့ ဒီစာလေးလောက်ပဲ ရေးနိုင်တဲ့အတွက် နေရာခက်ခဲနေတဲ့ လူငယ်များကို အားနာပါကြောင်း။

The Voice Journal
-------------------------------------------------
ကိုမျိုး (lwanmapyay.blogspot.com)

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...