အခြေခံပညာ အလယ်တန်းနှင့် အထက်တန်း ကျောင်းသားများကို ပညာသင်စရိတ် ထောက်ပံ့မည်

ပုသိမ်၊ မေ ၂၆

၂၀၁၄-၂၀၁၅ ပညာသင်နှစ်မှ စ၍ ပညာထူးချွန်သည့် ကျောင်းသားများအတွက် အလယ်တန်း ပညာသင် ဆုနှင့် အထက်တန်း ပညာသင်ဆုများ ချီးမြှင့်ပေးမည် ဖြစ်ကြောင်း ဧရာဝတီတိုင်းဒေသကြီး ပညာရေးမှူးရုံး ညွှန်ကြားရေးမှူး ဦးဝင်းမောင်က ပြောကြားသည်။



ပုသိမ်မြို့ အမှတ် (၁) အခြေခံပညာ အထက်တန်းကျောင်း ပညာရတနာ ခန်းမ၌ မေလ ၂၅ ရက်နေ့က ကျင်းပသည့် ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့၏ ကျောင်းနေအရွယ် ကလေးတိုင်း ကျောင်းအပ်နှံရေး တာဝန်ပေးအပ်ပွဲ အခမ်းအနားတွင် ၎င်းက ပြောကြားခဲ့ခြင်း ဖြစ်သည်။

အလယ်တန်း ပညာသင်ဆုအတွက် ပဉ္စမတန်းမှ အဋ္ဌမတန်း ကျောင်းသားများအတွက် တစ်လလျှင် ကျပ်နှစ်သောင်း၊ အထက်တန်း ပညာသင်ဆုအတွက် နဝမတန်းနှင့် တက္ကသိုလ်ဝင်တန်း ကျောင်းသားများ ကို တစ်လလျှင် ကျပ်သုံးသောင်းနှုန်းဖြင့် ပညာသင်ကာလ ၁၀ လအတွက် လစဉ် ချီးမြှင့်မည် ဖြစ်ကြောင်း၊ ပညာသင်ကြားရန် ခက်ခဲပြီး စီးပွားရေး ပြေလည်မှု မရှိသည့် ကျောင်းသားများကို ဦးစားပေး ထောက်ပံ့မည် ဟု ဦးဝင်းမောင်က ပြောဆိုသည်။

“၂၀၁၄-၂၀၁၅ ပညာသင်နှစ်အတွက် နိုင်ငံတော်အစိုးရနဲ့ ကမ္ဘာ့ဘဏ်တို့ ပူးပေါင်းပြီး အခြေခံ ပညာကျောင်းတွေကို ထောက်ပံ့ကြေးများ ပေးထားတဲ့အတွက် ပညာ သင်ကြားလိုစိတ် ရှိတဲ့ သူတွေ ကို ကျောင်းတက်နိုင်အောင် ဖန်တီးပေးဖို့က မိဘတွေရဲ့ တာဝန်ပါ” ဟု ၎င်းက ရှင်းပြသည်။

ယင်းပညာသင်စရိတ် ချီးမြှင့်နိုင်ရေးအတွက် ဧရာဝတီတိုင်းဒေသကြီး အဆင့်တွင် တိုင်းပညာရေးမှူး၊ ပုသိမ်အဝေးသင်တက္ကသိုလ်၊ ပုသိမ်ပညာရေး ကောလိပ်နှင့် ပုသိမ်နည်းပညာ ကောလိပ်တို့က ကျောင်း အုပ်ကြီးများ၊ တိုင်းသာသနာရေးမှူး၊ တိုင်းလူဝင်မှုကြီးကြပ်ရေးနှင့် အမျိုးသားမှတ်ပုံတင် ဦးစီးမှူးနှင့် တိုင်းပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးမှူးတို့ဖြင့် ဖွဲ့စည်းထားသည့် အပြင် မြို့နယ်အသီးသီးတွင် လည်း ပညာသင် ထောက်ပံ့ကြေး ချီးမြှင့်နိုင်ရန် ဖွဲ့စည်းထားကြောင်း ပုသိမ်မြို့ရှိ ပညာရေး အသိုင်းအဝိုင်းမှ စုံစမ်းသိရှိရသည်။

အခြေခံပညာ ကျောင်းများအတွက် အထွေထွေ ကုန်ကျစရိတ်များကို နိုင်ငံတော်အစိုးရနဲ့ ကမ္ဘာ့ဘဏ်တို့ က ထောက်ပံ့ပေးထားကြောင်း၊ ကျောင်းသားဦးရေ ၁၅၀ အောက်သာ ရှိသည့် ကျောင်းများကို ကျပ်ရှစ်သိန်း၊ ကျောင်းသားဦးရေ ၁၅၀ မှ ၂၀၀ ကြားရှိသည့် ကျောင်းများကို ကျပ် ၁၀ သိန်း၊ ကျောင်းသား ဦးရေ ၃၀၀ မှ ၄၀၀ ကြားရှိသည့် ကျောင်းများကို ကျပ် ၁၄ သိန်းစီ ထောက်ပံ့မည်ဟု သိထားကြောင်း၊ ယင်းသို့ ထောက်ပံ့ပေးမှုကြောင့် ကျောင်းသားမိဘများထံမှ အလှူငွေ ကောက်ခံခြင်း မလုပ်ရန် ညွန်ကြားမှု များ ရှိကြောင်း ပုသိမ်မြို့ရှိ အခြေခံပညာ ကျောင်းများက ဆရာ ဆရာမ အချို့က ပြောကြားသည်။

The Voice Journal
-------------------------------------------------
ကိုမျိုး (lwanmapyay.blogspot.com)

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...