အနာဂတ်တွင် တိရစ္ဆာန်များကလည်း အင်္ဂါအစိတ်အပိုင်း အလှူရှင်ဖြစ်လာနိုင်
Health Updates Journal No. 118
ကိုယ်လက်အင်္ဂါ အစားထိုးခွဲစိတ်မှုနည်းပညာတွေ တိုးတက်လာမှုကြောင့် အနာဂတ်မှာ တိရစ္ဆာန်တွေ ဟာလည်း လူသားတွေရဲ့ ကိုယ်လက်အင်္ဂါ အစားထိုးမှုတွေမှာ အလှူရှင် ဖြစ်လာနိုင်ကြောင်း အမေရိကန် သိပ္ပံပညာရှင်တွေက ပြောကြားလိုက်ပါတယ်။ ဒီလိုပြောကြားချက်ဟာ မျိုးဗီဇပြုပြင်ထားတဲ့ ၀က်ရဲ့အစိတ်အ ပိုင်းကို ဘာဘွန်မျောက်မှာ အောင်မြင်စွာအစားထိုးတပ်ဆင်ပြီး နောက်မှာ ပေါ်ထွက်ခဲ့တာဖြစ်ပါတယ်။
အဆိုပါဝက်ရဲ့ နှလုံးကို ဘာဘွန် မျောက်ငယ်လေးကို အစားထိုးတပ်ဆင်ပေးခဲ့တာ ရက်ပေါင်း ၅၀၀ ရှိနေပေမယ့် ခုခံအားစနစ်က တိုက်ခိုက်မှု တစ်စုံတစ်ရာ မရှိသေးဘူးလို့ သိရှိရပါတယ်။ လူသားမဟုတ်တဲ့ အခြားသတ္တ၀ါမှ ကိုယ်အင်္ဂါအစားထိုးမှုကို xenotransplantation လို့ခေါ်ဆိုပြီး အနာဂတ်မှာ လူသား အချင်းချင်းဆီက ကိုယ်အင်္ဂါအစားထိုးမှုတွေ၊ ကိုယ်လက်အင်္ဂါ တရားမ၀င်ရောင်းချမှုတွေကို လျော့ပါးစေဖို့ အဆိုပါနည်းပညာတွေကို မိမိတို့ကြိုးပမ်းလေ့လာနေကြောင်း အမျိုးသားနှလုံးကျန်းမာရေး အင်စတီကျုမှ Dr.Muhammad Mohiuddin က ပြောကြားထားပါတယ်။ အလှူ ရှင်ဝက်ကလေးရဲ့ မျိုးဗီဇပြောင်းလဲထားမှု နည်းပညာဟာ အမျိုးအစား မတူညီတဲ့ သတ္တ၀ါအချင်းချင်း လက်ခံသတ္တ၀ါရဲ့တစ်ရှုးက တုံ့ပြန်တိုက် ခိုက်မှုမရှိအောင် ဖန်တီးထားတာ ဖြစ်ပါတယ်။ ၀က်ကိုရွေးချယ်ရတာကတော့ နို့တိုက်သတ္တ၀ါတွေထဲမှာ လူရဲ့ ခန္ဓာဗေဒနဲ့ တူညီမှုများလို့ဖြစ်ကြောင်း Dr.Muhammad Mohiuddin က ရှင်းပြခဲ့ပါတယ်။
ယခုသုတေသနမှာ ၀က်ရဲ့နှလုံးကို ဘာဘွန်မျောက်ရဲ့ ကိုယ်တွင်းမှာ ထည့်သွင်းပေးမယ့် ဘာဘွန်မျောက် ရဲ့ မူရင်းနှလုံးကိုတော့ ဖယ်ရှားခဲ့ခြင်းမရှိပါဘူး။ ၀က်ကနေ ထည့်သွင်းထားတဲ့နှလုံးကို ဘာဘွန်မျောက် ရဲ့ သွေးလှည့်စနစ်နဲ့ ချိတ်ဆက်ခဲ့ပြီး ခုခံအားစနစ်ကို ချပေးတဲ့ဆေးဝါးတွေကိုတော့ တိုက်ကျွေးခဲ့ပါတယ်။ ရက်ပေါင်း ၅၀၀ကျော် ကြာတဲ့အထိ ပြဿနာတစ်စုံတစ်ရာ မတွေ့ရှိခဲ့တာကြောင့် တိရစ္ဆာန်များဟာ အနာဂတ် ကိုယ်လက်အင်္ဂါ အလှူရှင်များဖြစ်လာနိုင်ကြောင်းထုတ်ပြန်ခဲ့တာ ဖြစ်ပါတယ်။ အသည်း၊ ကျောက်ကပ်၊ ပန်ကရိယနဲ့ အဆုတ်လို ကိုယ်တွင်း အင်္ဂါတွေဟာ တိရစ္ဆာန်ကနေလူကို အစားထိုးနိုင်ဖို့ အောင်မြင်နိုင်ချေ များပြီး နှလုံးကတော့ ပိုခက်ခဲမှုရှိတာကြောင့် ယခုသုတေသနကို ပြုလုပ်ရခြင်းဖြစ်ကြောင်း Dr.Muhammad Mohiuddin က သုံးသပ်ခဲ့ပါတယ်။
ဒီသုတေသနကို ကနေဒါနိုင်ငံ၊ တိုရွန်တိုမြို့မှာ ကျင်းပတဲ့ အမေရိကန် ရင်ခေါင်းခွဲစိတ်မှု အစည်းအရုံးရဲ့ နှစ် ပတ်လည်ညီလာခံမှာ စာတမ်းတင် သွင်းထားတာ ဖြစ်ပါတယ်။
သက်ကို
ref;PTI
-------------------------------------------------
ကိုမျိုး (lwanmapyay.blogspot.com)