ဂျပန်အစိုးရက အမေရိကန်ဒေါ်လာ ၄ ဒသမ ၆ သန်းကျော် ပညာသင်ဆုပေးမည်


ရန်ကုန်၊ မေ ၁၈

မြန်မာနိုင်ငံရှိ အစိုးရနှင့် ပုဂ္ဂလိကကဏ္ဍမှ အဆင့်မြင့်ပညာရေး စိတ်ပါဝင်စားသူများ အတွက် ဂျပန်နိုင်ငံတွင် ပညာဆက်လက် သင်ကြားရန် အမေရိကန်ဒေါ်လာ ၄ ဒသမ ၆ သန်းကျော် ပညာသင်ဆုများ ထောက်ပံ့ မည် ဖြစ်ကြောင်း ဂျပန်အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး အေဂျင်စီ (JICA) ၏ မြန်မာနိုင်ငံ ဆိုင်ရာ ကိုယ်စားလှယ် Mr.Masahiko Tanaka က ပြောကြားသည်။

အဆိုပါ ပညာသင်ဆု အစီအစဉ်အတွက် ဧပြီလ ၂၄ ရက်နေ့တွင် ပညာရေးစီမံကိန်းနှင့် လေ့ကျင့်ရေး ဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်နှင့် သဘောတူ လက်မှတ်ရေးထိုးပြီး ဖြစ်ကြောင်း၊ ၂၀၁၄-၂၀၁၅ ပညာ သင်နှစ်အတွက် သီးသန့်ပေးမည့် ပညာသင်ဆုများ ဖြစ်ပြီး မြန်မာလူငယ်များအတွက် JICA ၏ ၁၄ ကြိမ်မြောက် ပညာသင်ဆု အစီအစဉ်လည်း ဖြစ်ကြောင်း ၎င်းက ပြောဆိုသည်။

ဂျပန်နိုင်ငံရှိ အင်္ဂလိပ် ဘာသာစကားနှင့် သင်ကြားသော တက္ကသိုလ်များတွင် သင်ကြားလိုသော ဘာသာရပ်များ လျှောက်ထားနိုင်ပြီး လူမှု၊ စီးပွားရေး ဖွံ့ဖြိုးရေးလုပ်ငန်းများကို စိတ်ဝင်စားသော လူငယ်များ ကိုသာ ဦးစားပေး ရွေးချယ်မည် ဖြစ်ကြောင်း မေလ ၁၂ ရက်နေ့ JICA ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ဂျပန်အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး အေဂျင်စီ (JICA) ၏ ပညာသင်ဆု အစီအစဉ်သည် ဂျပန်အစိုးရ ထောက်ပံ့မှုနှင့် စီစဉ်သော အစီအစဉ် တစ်ခုဖြစ်ပြီး ၂၀၁၃-၂၀၁၄ ပညာသင်နှစ်က မြန်မာ လူငယ် ၄၄ ဦးကို ပညာသင်ဆု ထောက်ပံ့ခဲ့ကြောင်း အဆိုပါ အေဂျင်စီထံမှ စုံစမ်းသိရှိရသည်။

The Voice Daily
19.5.2014
-------------------------------------------------
ကိုမျိုး (lwanmapyay.blogspot.com)

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...