iOS နှင့် Android App များကို ကိရိယာတစ်ခုတည်းတွင် အသုံးပြုနိုင်ရန် စမ်းသပ်

အမေရိကန်မှ သိပ္ပံပညာရှင် အချို့တို့သည် Androidနှင့် iOSတို့အတွက် အသီးသီး ထုတ်လုပ်ထားသည့် Appများကို ကိရိယာ တစ်ခုတည်းတွင် တစ်ပြိုင်တည်း အသုံးပြုနိုင်ရန် စမ်းသပ်လျှက်ရှိကြောင်း သိရသည်။ ကိုလံဘီယာ တက္ကသိုလ်မှ သုတေသီများက Cider အမည်ရှိ Softwareကို ဖန်တီးနေပြီး ယင်းသည် Android OS အသုံးပြုထားသည့် Tabletနှင့် စမတ်ဖုန်းများပေါ်တွင် iOS၏ Appများကိုပါ Runနိုင်အောင် ကူညီပေးမည် ဖြစ်သည်။ သုတေသီအဖွဲ့က လတ်တလောတွင် Ciderသည် စမ်းသပ်ဆဲ အဆင့်သာ ရှိသေးပြီး ယင်းကို စီးပွားရေးအရ အကျိုးအမြတ် ဖြစ်ထွန်းမည့် ထုတ်ကုန်တစ်ခု အနေဖြင့် ဖြန့်ဖြူးရန် ရည်ရွယ်ချက် မရှိဟု ပြောဆိုထားသည်။



ပညာရှင်(၆)ဦး ပါရှိသည့် အဆိုပါအဖွဲ့က စမတ်ဖုန်းနှင့် Tabletများ၏ ထုတ်လုပ်မှု နယ်ပယ်ကို လွှမ်းမိုး ထားသည့် အဓိက OSကြီး နှစ်ခုကြား ခြားထားသည့်စည်းကို ဖယ်ရှားပစ်နိုင်ရန် မျှော်လင့် လျှက်ရှိသည်။ Android အသုံးပြုသူများသည် iTuneမှ အလိုရှိရာ Appများကို ရယူနိုင်ခွင့် မရှိသလို iOSသမားများကလည်း Flashကို အခြေခံသည့် Appများကို အသုံးပြုရန် ရုန်းကန်နေရလေ့ရှိရာ Ciderက အဆိုပါ အခက်အခဲ ကို ဖြေရှင်းပေးနိုင်ဖွယ် ရှိနေသည်။ OSတစ်ခုအတွက် ရည်ရွယ်သော ထုတ်ကုန်ကို အခြားOSတစ်ခုတွင် အသုံးပြုနိုင်အောင် ဖန်တီးရေးဆွဲသည့်အခါ Virtualisationဆိုသော နည်းပညာ တစ်ရပ်ကို အသုံးပြုရ သည်။

iOSအသုံးပြု ပစ္စည်းများနှင့် Android အသုံးပြု ပစ္စည်းများကြား စွမ်းဆောင်ရည် ကွာဟမှုကို ညှိနှိုင်းပေးရန် Ciderတွင်လည်း Virtualisation နည်းပညာကို ထည့်သွင်းရမည်ဟု ကိုလံဘီယာ တက္ကသိုလ်မှ ပညာရှင်များက ရှင်းပြခဲ့သည်။ လတ်တလော စမ်းသပ်ဆဲ အဆင့်အဖြစ် မှတ်တမ်းတင်ထားသော ဗီဒီယိုတွင် Nexus 7 အမျိုးအစား Tablet တစ်လုံးပေါ်၌ Androidမှ Appများရော၊ iOSမှ Appများပါ Runနေသည်ကို တွေ့ရှိရသည်။ သို့သော်လည်း iOSအတွက် အသုံးပြုသည့် Appများက Android အခြေပြု Tabletပေါ်တွင် အတန်ငယ်မျှ လုပ်ဆောင်မှု နှေးကွေးနေသည်ကို လူအများက ထောက်ပြခဲ့သည်။ သုတေသီများ အနေဖြင့် Ciderတွင် လိုအပ်ချက်များ ရှိနေသေးပြီး ယင်းတို့ကို စင်းလုံးချော ကောင်း မွန်အောင် ပြင်ဆင်ဖြေရှင်းသွားမည်ဟု ပြောကြားထားသည်။

Planet Myanmar Network
May 20 14 - 02:58 PM
-------------------------------------------------
ကိုမျိုး (lwanmapyay.blogspot.com)

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...