ကျောင်းသားနှင့် လက်ရေး

ရေးစရာကိရိယာကို လက်နှင့်ကိုင်၍ ရေးစရာပစ္စည်းပေါ်တွင် ရေးခြင်းကိုလက်ရေးဟုခေါ်လျှင် ရနိုင်မည်ဟု ယူဆပါသည်။ လက်ရေးသည် လူတစ်ယောက်အတွက် အရေးကြီးပါသည်။ လက်ရေးလှ ခြင်း၊ မလှခြင်း ထက် ဖတ်၍ရအောင် သပ်ရပ်ညီညာစွာ ရေးတတ်ဖို့က ပို၍အရေးကြီးပါသည်။ အချို့လူ များက လက်ရေး လှကြပါသည်။ အချို့လူများက လက်ရေးမလှကြပါ။ အချို့လူများကြတော့ လက်ရေး ကမလှတဲ့အထဲ ဖတ်၍မရသောလက်ရေးများလည်း ရှိကြပါသည်။

ကျွန်တော်တို့လူကြီးအားလုံးသည် ကလေးဘဝမှ လူကြီးဖြစ်လာရသလို မူလတန်းပညာကို စတင်သင် ယူပြီးမှ တစ်ဆင့်ပြီးတစ်ဆင့်တက္ကသိုလ်သို့ ရောက်ရှိကြပြီး ဘွဲ့တွေရကြပါသည်။ သို့အတွက်မူလတန်း အရွယ်ကလေးငယ်နှင့် မူလတန်းပညာသည် ဘဝအတွက်တာအရေးပါ၍ အချက်အချာကျလှပါသည်။



ကျွန်တော်တို့ငယ်ငယ်က ကျောင်းတက်ခဲ့ရသော မူလတန်းကျောင်းသည် ဘုန်းတော်ကြီးကျောင်းနှင့် တွဲထားသဖြင့် မူလတန်းကျောင်းမတက်မီနှင့် ကျောင်းဆင်းပြီးချိန်တို့တွင် ဘုန်းတော်ကြီးက လောကီ စာ၊ လောကုတ္တရာစာတွေကို သင်ကြားပေးပါသည်။ ဘုန်းတော်ကြီးက လက်ရေးကိုဝိုင်းစက်နေအောင် ဘုတ်ပေါ်တွင်ရေး၍ သင်ကြားပေးပါသည်။

လက်ရေးရေးရာတွင်လည်း ဗျည်း ၃၂ လုံးမှ တစ်လုံးချင်းစီကို စပြီးရေးရမည့်နေရာနှင့် အဆုံးသတ် ရမည့်နေရာကို ရေးနည်းမှန်မှန်ရေးတတ်ရန် သေသေချာချာသင်ကြားပြသပေးပါသည်။ နောက်တစ် ဆင့်အနေဖြင့် ရေးချ၊ ရရစ်၊ ရပင့်၊ ဝဆွဲ၊ လုံးကြီးတင်၊ လုံးကြီးတင်ဆံခတ်၊ အောက်ကမြင့်၊ ဝေ့စပေါက်၊ တစ်ချေတာင်းငင်၊ နှစ်ချောင်းငင်၊ အသတ်စသည်တို့ကို တစ်ဆင့်ပြီးတစ်ဆင့် သင်ကြားပြသပေးသဖြင့် လက်ရေးကိုနည်းစနစ်မှန်မှန်ကန်ကန် ဌာန်ကရိုဏ်းကျကျရေးတတ်သည့် အကျင့်ဟောင်းကို တန်ဖိုး ရှိစွာရရှိခဲ့ပါတယ်။

သည်လိုနှင့် ရှစ်တန်း၊ ကိုးတန်းအရွယ် ၁၉၇၀-၇၁ ခုနှစ်ဝန်းကျင်လောက်က ဘယ်ကစတင်ပေါ်လာ သည်မသိသော လက်ဝဲစာလုံးများရေးခြင်း ခေတ်စားလာသည့်အခါ လူငယ်သဘာဝ စမ်းရေးရင်း မူလ ကလှလှပပရေးတတ်သော လက်ရေးများနေရာတွင် ကပြားလက်ရေးတွေဖြစ်လာပြီး လက်ရေးလှလှ ကလေးများ ပျက်စီးခဲ့ရသည်။ ဤနေရာတွင် ဤအကြောင်းအရာနှင့် မဆိုင်သော်လည်း သတိပြုစရာ တစ်ခုတင်ပြလိုပါသည်။ (ကျွန်တော်တို့သည် မြန်မာ့ရိုးရာယဉ်ကျေးမှုဓလေ့နှင့်အညီ နေထိုင်၊ သွား လာ၊ ပြောဆို၊ ဝတ်စားရာက မိမိယဉ်ကျေးမှုမဟုတ်သော တိုင်းခြားယဉ်ကျေးမှုများကို အတုယူ၍ အတုယူမှားခဲ့လျှင် မိမိတို့မြန်မာ့ရိုးရာယဉ်ကျေးမှုများ ပျက်စီးသွားနိုင်သည်ကို သတိပြုစေချင်ပါသည်။)

မျက်မှောက်ကာလတွင် စိတ်မကောင်းစရာမြင်တွေ့နေရသဖြင့် သည်စာကိုရေးရခြင်းဖြစ်ပါသည်။ ယခုမူလတန်းကလေးများမှ တက္ကသိုလ်ကျောင်းသားများအထိ ရေးနေကြသော လက်ရေးများ သပ်ရပ် လှပခြင်းမရှိသည်ကိုအများစုတွင် တွေ့မြင်နေရပါသည်။ ယင်းသို့ဖြစ်ရခြင်းအကြောင်းရင်းမှာ ရေးနည်း စနစ်မှန်ကန်မှုမရှိခြင်းကြောင့် ဖြစ်ပါသည်။ မူလတန်းကလေးများကို သင်ကြားပြသရာတွင် ရေးနည်း စနစ်ကိုသင်ကြားကြသော်လည်း နောက်ပိုင်းကြီးကြပ်စစ်ဆေးမှု အားနည်းနေသည်ဟု ယူဆပါသည်။ ကျွန်တော်တို့ငယ်ငယ်က တစ်ဦးချင်းကို လိုက်လံစစ်ဆေး၍ ရေးနည်းမှားနေလျှင်ဆရာက လက်ကို ကိုင်၍သင်ကြားပေးပါသည်။

ဥပမာ-ငသတ်ကိုရေးသည့်အခါ 'င' ကို အရင်ရေးပြီးမှ 'င' အထက်ကစ၍ အသတ်ကိုအပေါ်ဆွဲရေးရပါ သည်။ ယခုကလေးများက 'င' သတ်ကို အပေါ်သတ်ကစရေးပြီး အောက် 'င' မှာအဆုံးသတ်ရေးနေကြ သလို 'န' သတ်ကိုလည်း အသတ်ကိုအရင်ရေးပြီးမှ 'န' ရေးသည်ကို တွေ့ရပါသည်။ 'ရ' ရစ်ကိုလည်း အောက်ကစရေးရမည့်အစား အပေါ်ကစဆွဲကြပါသည်။ ဤသို့ရေးနည်းစနစ် မှားယွင်းနေမှု များကြောင့် ယနေ့ကျောင်းသားများ၏ လက်ရေးမလှမပဖြစ်နေကြရခြင်း ဖြစ်သည်။ မူလတန်းအရွယ် ကလေးငယ် သည် တက္ကသိုလ်ကျောင်းသားဘဝမှ လွတ်မြောက်ပြီးလုပ်ငန်းခွင်ရောက်သည်အထိ လက်ရေးသည် အရေးပါသောကဏ္ဍတွင် ရှိနေပါသည်။

မူလတန်းကလေးငယ်များသည် ဆရာ၊ ဆရာမသင်လျှင် သင်သလို နာယူမှတ်သားမှုကလွဲ၍ ဖြန့်ကြက် စဉ်းစားတီထွင်မှုပြုနိုင်သည့် ဦးနှောက်မဖွံ့ဖြိုးသေးသောအရွယ်ဖြစ်ပါသည်။ ဆရာသင်သည်ကိုသာ လက်ခံကြပါသည်။ မိဘများ၊ အစ်ကိုအစ်မများက မှားနေတယ် ဒီလိုမရေးရဘူးလို့ပြောလျှင် သူတို့ လက်မခံကြပါ။ သူတို့တုံ့ပြန်မှုက ကျောင်းက ဆရာ၊ ဆရာမက ဒီလိုပဲသင်တယ်ဟုဆိုကာ အိမ်ကပြော ၍မရသောကလေးများကိုလည်း တွေ့ဖူးပါသည်။ သို့အတွက်မူလတန်းပညာစတင်သင်ကြား ပြသပေး ကြသည့် ဆရာ၊ ဆရာမများ၏ သင်ကြားပြသပုံသွင်းမှုအပေါ်တွင် ကလေးငယ်များ၏ ဘဝရာခိုင်နှုန်း ပြည့်တည်မှီနေသည့်အတွက် ဆရာကောင်းတပည့် ပန်းကောင်းပန်ဆိုသလို ငယ်ငယ်ကတည်းက စနစ်တကျသင်ကြားလေ့ကျင့်ပေးခြင်းဖြင့် ကျောင်း သား၊ ကျောင်းသူများဘဝ ကို မြှင့်တင်သင့်ပါသည်။

ကြေးမုံသတင်းစာ
မေလ(၁၅) ရက်၊ ၂၀၁၄ ခုနှစ်
-------------------------------------------------
ကိုမျိုး (lwanmapyay.blogspot.com)

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...