ဆိုင်ဘာတိုက်ခိုက်မှုနှင့်ပတ်သက်၍ အမေရိကန်စွပ်စွဲမှုကို တရုတ်ကန့်ကွက်

ဆိုင်ဘာ ရာဇဝတ်မှု စွဲချက်ဖြင့် တရုတ်စစ်ဘက် အရာရှိ (၅)ဦးကို အလိုရှိကြောင်း ကြေညာချက် ထုတ်ပြန်ခဲ့သည့် ကိစ္စနှင့် စပ်လျဉ်းပြီး အမေရိကန် ပြည်ထောင်စုကို တရုတ်နိုင်ငံက ရှုတ်ချလိုက်သည်။ အမေရိကန် ထောက်လှမ်းရေးဌာန FBIက အမေရိကန်၏ ဆိုင်ဘာလုံခြုံရေးကို ထိပါးနှောင့်ယှက်ရန် ကြိုးစားသည်ဟု စွဲချက်တင်ကာ တရုတ်နိုင်ငံမှ အရာရှိ(၅)ဦး၏ စာရင်းကို ထုတ်ပြန်ကြေညာခဲ့သည်။ ထို့နောက် တရုတ်နိုင်ငံက အမေရိကန်သည်လည်း တရုတ်အပါအဝင် နိုင်ငံအများအပြားကို ဆိုင်ဘာရေးရာ သူလျှိုမှုများ ပြုလုပ်ခဲ့ကြောင်း တုံ့ပြန်စွပ်စွဲခဲ့သလို ဘေဂျင်းမြို့တော်ရှိ အမေရိကန် သံအမတ်ကြီးကိုလည်း ယခုကိစ္စနှင့် ပတ်သက်၍ တရုတ်နိုင်ငံက ရှုတ်ချကြောင်း အသိပေး ပြောဆိုခဲ့သည်။



တရုတ်က အမေရိကန်၏ လုပ်ရပ်ကြောင့် နှစ်နိုင်ငံ ဆက်ဆံရေးပင် ထိခိုက် ပျက်ပြားလာနိုင်ကြောင်း သတိပေးထားသည်။ အမေရိကန် အစိုးရ ရှေ့နေများက အဆိုပါ တရုတ်အရာရှိများသည် ကုမ္ပဏီ(၅)ခုမှ ကုန်သွယ်ရေးဆိုင်ရာ အတွင်းပိုင်း လျှို့ဝှက် သတင်းအချက်အလက်များကို ခိုးယူခဲ့ကြောင်း စွပ်စွဲထားသည်။ တရုတ်ကာကွယ်ရေး ဝန်ကြီးဌာနက ၎င်းတို့၏ ဝက်ဘ်ဆိုက်တွင် ပြင်းထန်သော အသုံးအနှုန်းများဖြင့် အမေရိကန်၏ စွဲချက်ကို ရှုတ်ချခဲ့ပြီး တရုတ်သည် ဆိုင်ဘာသူလျှို လုပ်ငန်းများတွင် လုံးဝပါဝင် ဆက်နွယ်မှု မရှိခဲ့ဟု ကြေညာခဲ့သည်။

ထို့အပြင် တရုတ်စစ်ဘက်သည် Onlineမှတစ်ဆင့် တိုက်ခိုက်လာသူ အများအပြား၏ ပစ်မှတ်ဖြစ်ဖူးပြီး ယင်းတို့အနက် အတော်များများသည် အမေရိကန်တွင် အခြေပြုသည့် IP Addressများမှ ဖြစ်ကြောင်းလည်း တုံ့ပြန်စွပ်စွဲခဲ့သည်။ Xinhua သတင်းဌာနကလည်း ယခုနှစ် မတ်လနှင့် မေလများအတွင်း တရုတ်နိုင်ငံမှ ကွန်ပျူတာ (၁.၁၈)သန်းသည် အမေရိကန်ရှိ ကွန်ပျူတာ (၂၀၇၇)ခုထံမှ ပို့လွှတ်သည့် Trojan Horseနှင့် Zombie Malwareများကြောင့် ထိန်းချုပ်ဖျက်ဆီးမှု ခံခဲ့ရကြောင်း ရေးသားဖော်ပြသွားသည်။

Planet Myanmar Network
May 20 14 - 02:15 PM
-------------------------------------------------
ကိုမျိုး (lwanmapyay.blogspot.com)

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...