Touchscreen ကိရိယာများက ကလေးများ ဘာသာစကား သင်ယူမှုကို ထိခိုက်စေနိုင်



ယနေ့ခေတ် လူနေမှုဘဝတွင် Touchscreen နည်းပညာသုံး စမတ်ကိရိယာများသည် ကလေးများ အမက်မောဆုံး ကစားစရာလေးများ ဖြစ်လာကြသည်။ တစ်ဖက်တွင်လည်း ယင်းအခြေအနေသည် ကလေးများ၏ ဖွံ့ဖြိုးမှုတွင် အတန်ငယ် ထိခိုက်သက်ရောက်နိုင်ကြောင်း သုတေသီများက သတိပေးခဲ့သည်။ အသက်(၃)နှစ် အရွယ်ထိ ကလေးငယ်များတွင် ၎င်းတို့၏ သင်ယူမှု အရည်အသွေးကို အထောက်အပံ့ မပြုသည့် ကစားစရာများဖြင့် ဆော့ကစားခြင်းက ဘာသာစကား မှတ်သားနိုင်မှု အပိုင်းတွင် အတန်ငယ် အားနည်းသွားစေတတ်ကြောင်း သိရသည်။ Tablet ကွန်ပျူတာများကဲ့သို့ ကစားစရာများသည် ယခုအခါ ကလေးငယ်များနှင့် အလွန်နီးစပ်မှု ရှိလာခဲ့သည်။

အနောက်နိုင်ငံ အများစုတွင် ပျမ်းမျှအားဖြင့် ကလေးငယ်အသက် (၁၁)လမျှ အရွယ်တွင် ယင်းပစ္စည်း ကိရိယာများကို ထိတွေ့ကျွမ်းဝင်မှု ရှိလာပြီဟု ဆိုသည်။ အမေရိကန်နိုင်ငံ၊ နယူးယော့ခ်မြို့ရှိ ကိုဟန် ကလေးဆေးပညာ စင်တာမှ သုတေသီ အဖွဲ့သည် Touchscreen နည်းပညာနှင့် ကလေးများ၏ ဉာဏ်ရည် ဖွံ့ဖြိုးမှု ဆက်စပ်ပုံကို လေ့လာခဲ့ကြသည်။ ကလေးများ အနေဖြင့် Angry Birdsနှင့် Fruit Ninjaတို့ကဲ့သို့ ဂိမ်းများကို ဆော့ကစားလေ့ရှိပြီး ယင်းတို့တွင် သင်ယူမှတ်သားနိုင်ရန် လှုံ့ဆော်မှု သတ်မှတ်ချက် အဆင့်သုညသာ ရှိသည်။ ကလေးများသည် Touchscreenပေါ်တွင် ရည်ရွယ်ချက်မဲ့ လက်ဖြင့် ထိတွေ့ ဆော့ကစားနေပြီး ထိုအတောအတွင်း ၎င်းတို့၏ ဖွံ့ဖြိုးမှုအတွက် သင်ယူမှု အရည်အချင်းကို အဟန့်အတား ဖြစ်ပေါ်နေစေကြောင်း ပညာရှင်များက ထောက်ပြခဲ့သည်။



“မိဘတွေ အနေနဲ့ ပုံပြင်စာအုပ်လေးတွေ၊ သာမန် ကလေးကစားစရာလေးတွေအစား စမတ်ဖုန်းလို ပစ္စည်းတွေကို လက်လွှဲပေးလိုက်တာဟာ ကောင်းတဲ့ကိစ္စတော့ မဟုတ်ဘူး။ မိဘတွေ အနေနဲ့ Touchscreen နည်းပညာ ပစ္စည်းတွေကနေ ကလေးတွေရဲ့ သင်ယူမှု အာရုံကို ပျက်ပြားသွားစေနိုင်တာ သတိပြုမိလေ့ မရှိဘူးလေ”ဟု ဦးဆောင် သုတေသီ ရုသ်မီလန်နေ့ခ်က ပြောကြားခဲ့သည်။ သုတေသီများ သည် Touchscreenနှင့် ပုံမှန်ထိတွေ့ နီးစပ်နေသော ကလေးများကို သာမန် အရုပ်များနှင့် ကစားသည့် ကလေးများနှင့် နှိုင်းယှဉ်ကြည့်ရာ ပျမ်းမျှအားဖြင့် Touchscreen ကစားစရာများ ပိုင်ဆိုင်သည့် ကလေးများ က နှုတ်မှုစွမ်းရည် အတန်ငယ် အားနည်းတတ်သည်ကို တွေ့ရှိခဲ့သည်။

လေ့လာမှုများအရ Touchscreen ပစ္စည်းများကို အသုံးပြုပြီး ကလေးများအတွက် သင်ယူမှုကဏ္ဍတွင် အထောက်အပံ့ ပေးနိုင်မည့် Appများနှင့် နီးစပ်စေသည့် မိဘများလည်း ရှိသော်လည်း Touchscreen တွင် ပေါ်နေသည့် အရုပ်များ၊ ခလုတ်များကို ရည်ရွယ်ချက်မဲ့ လျှောက်နှိပ်နေသည့် ကလေးအရေအတွက်နှင့် သင်ယူမှုကဏ္ဍတွင် အထောက်အပံ့ မဖြစ်သည့် ဂိမ်းများကို ဆော့ကစားသည့် ကလေးအရေအတွက်က ပိုများကြောင်းလည်း သိရှိရသည်။

Planet Myanmar Network
May 09 14 - 03:55 AM

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...