ပိုလီယိုရောဂါပိုး ကမ္ဘာကြီးကို ခြိမ်းခြောက်လာနိုင်ကြောင်း WHO သတိပေး



ပိုလီယိုရောဂါပိုး ပျံ့နှံ့မှု ပြန်လည် ခေါင်းထောင်လာသည့် အခြေအနေသည် တစ်ကမ္ဘာလုံး သတိပြုသင့် သည့် ကျန်းမာရေး ခြိမ်းခြောက်မှု တစ်ရပ်အဖြစ် ကမ္ဘာ့ကျန်းမာရေး အဖွဲ့ကြီး (WHO)က သတိပေးခဲ့သည်။ အာရှ၊ အာဖရိကနှင့် အရှေ့အလယ်ပိုင်း ဒေသများတွင် ပိုလီယိုရောဂါ ပြန်လည် ဖြစ်ပွားနေခြင်းသည် မျက်ကွယ်မပြုသင့်သည့် ကိစ္စတစ်ခုဖြစ်ပြီး နိုင်ငံတကာ စံနှုန်းမျိုးဖြင့် တုံ့ပြန်ကိုင်တွယ်ရန် လိုအပ်ကြောင်း WHOက ဆိုသည်။ WHOက ၎င်းတို့ကြေညာသည့် နိုင်ငံများ စာရင်းမှ နိုင်ငံသားများ အနေဖြင့် နိုင်ငံရပ်ခြား သို့ ခရီးသွားရာတွင် ပိုလီယိုရောဂါပိုး ကင်းရှင်းကြောင်း ထောက်ခံချက် ထုတ်ယူပြီးမှ သွားလာသင့်ကြောင်း လည်း အကြံပြုခဲ့သည်။

(၂၀၁၄)ခုနှစ်တွင် ပိုလီယို၏ ခြိမ်းခြောက်မှု အန္တရာယ်ကို အကြီးဆုံး ကြုံနေရသည့် (၃)နိုင်ငံမှာ ပါကစ္စတန် ကင်မရွန်းနှင့် ဆီးရီးယားတို့ ဖြစ်ကြောင်း WHOက ကြေညာခဲ့သည်။ (၂၀၁၃)ခုနှစ်အတွင်း တစ်ကမ္ဘာလုံး တွင် ပိုလီယိုဖြစ်ပွားမှု (၄၁၇)ခု ရှိခဲ့သည်။ (၂၀၁၃)ခုနှစ်တွင် ဧပြီလ (၃၀)ရက်နေ့ထိ စာရင်းအရ ပိုလီယို ကူးစက်မှု (၆၈)ခုကို မှတ်တမ်းတင်ထားနိုင်ခဲ့သည်။ ယမန်နှစ်က ပထမဆုံး(၄)လအတွင်း ပိုလီယို ဖြစ်ပွားမှု သည် (၂၄)ခုသာ ရှိခဲ့သည်။ ပိုလီယို ရောဂါပိုးသည် အသက်(၅)နှစ်အောက် ကလေးငယ်များကို အဓိက ထိခိုက် ကူးစက်စေတတ်သည်။ အစားအစာနှင့် ရေတို့မှတစ်ဆင့် ကူးစက်နိုင်သော အဆိုပါ ရောဂါပိုးသည် လူတစ်ဦး၏ အာရုံကြောစနစ်ကို ထိုးဖောက်ဝင်ရောက်နိုင်သည်။



ရလဒ်အားဖြင့် ကူးစက်ခံရသူသည် ချိနဲ့မှု၊ မသန်စွမ်းမှုများ ဖြစ်ပေါ်လာနိုင်မည် ဖြစ်သည်။ ယင်းအခြေအနေ သည် အပုံ(၂၀၀)တွင် (၁)ပုံမျှသာ သက်ရောက်နိုင်မည် ဖြစ်သည်။ ထို့အပြင် ပိုလီယို ရောဂါပိုး ပြင်းထန် ပါက အသက်အန္တရာယ်ကိုပင် ခြိမ်းခြောက်နိုင်ကြောင်း သိရသည်။ WHO၏ လက်ထောက် အထွေထွေ ဒါရိုက်တာ ဘရုစ်အေးလ်ဝါ့ဒ်က “လက်ရှိ အခြေအနေတွေအရ ပြည်သူ့ကျန်းမာရေး ကဏ္ဍအတွက် အရေးပေါ် အနေအထားလို့ ဆိုနိုင်ပါတယ်။ နိုင်ငံတကာ နယ်ပယ်အထိ သတိထားသင့်တဲ့ စိန်ခေါ်မှုမျိုးပါ” ဟု ပြောကြားခဲ့သည်။

၎င်းက “(၂၀၁၄)ခုနှစ်ရဲ့ ပိုလီယိုရောဂါ ဖြစ်ပွားမှု နှုန်းထားဟာ သာမန်ထက် ထူးကဲတဲ့ ဖြစ်ရပ်လို့ သတ်မှတ် လို့ ရနေပါပြီ။ နိုင်ငံတစ်နိုင်ငံကနေ တခြားတစ်နိုင်ငံကို ပျံ့နှံ့ခြိမ်းခြောက်လာနိုင်တဲ့ အခြေအနေပါ။ ဒါကြောင့် နိုင်ငံတကာ ပူးပေါင်းလုပ်ဆောင်မှု စံနှုန်းတွေနဲ့ အဖြေရှာဖို့ လိုအပ်လာတာ ဖြစ်ပါတယ်”ဟု WHO၏ နိုင်ငံတကာ ကျန်းမာရေး စစ်ဆေးမှု အရေးပေါ် ကော်မတီ အစည်းအဝေးတွင် ပြောကြားသွားခဲ့ သည်။ လတ်တလောတွင် WHOက အာဖဂန်နစ္စတန်၊ အီကွေတိုရီရယ်လ်ဂီနီရာ၊ အီသီယိုးပီးယား၊ အီရတ်၊ အစ္စရေး၊ ဆိုမာလီယာနှင့် နိုက်ဂျီးရီးယား နိုင်ငံများအား (၂၀၁၄)ခုနှစ်အတွင်း ပိုလီယိုရောဂါ၏ ပြင်း ထန်သော ခြိမ်းခြောက်မှုနှင့် ကြုံရနိုင်သည့် အခြေအနေတွင် ရှိနေကြောင်း သတိပေးထားသည်။

WHO၏ သမိုင်းကြောင်းတွင် အဆိုပါ ကြေညာမှုမျိုး ဒုတိယအကြိမ် ထုတ်ပြန်ခြင်းဖြစ်ပြီး (၂၀၀၉)ခုနှစ် အတွင်းက ဝက်တုပ်ကွေး ပျံ့နှံ့ကူးစက်စဉ် အလားတူ ဆော်ဩမှု ရှိခဲ့သည်။ ပိုလီယိုကင်းစင်သည့် နယ်မြေ အဖြစ် (၁၄)နှစ်တာ ရပ်တည်ခဲ့သည့် ဆီးရီးယားနိုင်ငံတွင်လည်း ရောဂါပိုး ပြန်လည်ပျံ့နှံ့နေသည့် အရိပ် နိမိတ်များ ရှိနေသည်။ အထူးသဖြင့် ဆီးရီးယား ပြည်တွင်းစစ်ကြောင့် ကာကွယ်ဆေး ဖြည့်တင်းပေး ရန် ပြဿနာများစွာ ရှိနေခြင်းက ပိုလီယိုကို ဖိနှိပ်ရန် ပြဿနာကြီးတစ်ခု ကြုံနေရကြောင်း သိရသည်။ WHOက (၂၀၁၄)ခုနှစ်အတွင်း ပိုလီယိုရောဂါပိုး ကူးစက်မှု ကြုံနေရသည့် နိုင်ငံများမှာ အာဖဂန်နစ္စတန်၊ ကင်မရွန်း၊ အီကွေတိုရီရယ်လ်ဂီနီရာ၊ အီသီယိုးပီးယား၊ အီရတ်၊ အစ္စရေး၊ နိုက်ဂျီးရီးယား၊ ပါကစ္စတန်၊ ဆိုမာလီယာနှင့် ဆီးရီးယားတို့ဖြစ်ကြောင်း ထုတ်ပြန်ကြေညာခဲ့သည်။

Planet Myanmar Network
May 06 14 - 05:16 PM

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...