ပိုလီယိုရောဂါပိုးကူးစက်မှု အရေးပေါ်အခြေအနေရောက်ရှိလာကြောင်း WHO ကြေညာ


Health Update Journal

ပိုလီယို အကြောသေရောဂါသည် ပြည့်သူ့ကျန်းမာရေး အရေးပေါ်ပြဿသနာတစ်ခု ပြန်ဖြစ်လာကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့(WHO) ကကြေညာလိုက်သည်။ ဆီးရီးယားနိုင်ငံနှင့် ပါကစ္စတန်နိုင်ငံတို့ ကဲ့သို့နိုင်ငံများမှ နယ်စပ်ဖြတ်ကျော်၍ ကူးစက်ပျံ့နှံ့မှုကြောင့် ပိုလီယိုလူနာသစ်များ တွေ့ရှိအပြီး အဆိုပါကြေညာချက်ကို ထုတ်ပြန်လိုက်ခြင်း ဖြစ်သည်။

““နိုင်ငံတကာနှင့် သက်ဆိုင်တဲ့ ပြည်သူ့ကျန်းမာရေး အရေးပေါ် ပြဿသနာတစ်ခုအဖြစ် ထပ်မံပေါ်ထွက် လာပါပြီ”” ဟု WHO လက်ထောက်ညွှန်ကြားရေးမှူး Bruce Aylward ကဆိုသည်။

ပိုလီယိုကူးစက်မှု လျော့နည်းလေ့ရှိသည့် ရာသီဖြစ်သော ဇန်န၀ါရီ နှင့် ဧပြီလများအကြားတွင် ပိုလီယို ဗိုင်းရပ်စ်ကူးစက်မှု သုံးခုထပ်မံတွေ့ရှိခဲ့ပြီး ပါကစ္စတန်မှ အာဖဂန်နစ္စတန်၊ ဆီးရီးယားမှ အီရတ်၊ ကင်မရွန်းမှ ဂီနီနိုင်ငံတို့သို့ပျံ့နှံ့ခဲ့သည်ဟု WHo ကကြေငြာထားသည်။

ပိုလီယိုရောဂါသည် ကူးစက်တတ်သော အသက်အန္တရာယ် ထိခိုက်စေသည့် ဗိုင်းရပ်စ်ကူး စက်ခြင်းကြောင့်ဖြစ်ပြီး အသက်(၅)နှစ်အောက် ကလေးများကို အဓိကကူးစက်တတ်သည်။ (၂၅) နှစ်ကြာ ကြိုးစားနှိမ်နင်းပြီးမှ ပိုလီယိုရောဂါကင်းစင်လုနီးပါး ဖြစ်ခဲ့သည်။

၁၉၈၈ ခုနှစ်တွင် (၁၂၅) နိုင်ငံ ၌ ပိုလီယိုကူးစက်မှုရှိနေရာမှ ယနေ့ခေတ်တွင် အာဖဂန်နစ္စတန်၊ နိုင်ဂျီးရီးယားနှင့် ပါကစ္စတန်တို့တွင်သာ ပိုလီယိုကူးစက်မှုကျန်ရှိနေသည်။
၂၀၁၃ ခုနှစ်တွင် ကမ္ဘာတစ်ဝှန်း ပိုလီယိုကူးစက်ခံရသူ (၄၁၇) ဦးရှိပြီး ၂၀၁၄ ခုနှစ် ယခုအချိန်အထိ (၇၄)ဦး ထပ်မံကူးစက်ခံရကာ ၎င်းတို့အနက် (၅၉)ဦးမှာ ပါကစ္စတန်မှ ဖြစ်သည်။

ပါကစ္စတန်၊ ကင်မရွန်းနှင့် ဆီးရီးယားနိုင်ငံများကို ပိုလီယိုဗိုင်းရပ်စ် တင်ပို့ရာ နိုင်ငံများအဖြစ် သတ်မှတ်ထားပြီး ၎င်းနိုင်ငံများတွင် နေထိုင်သူ အားလုံးနှင့် ကာလကြာရှည် သွားရောက်လည်ပတ်မည့်သူများကို ပိုလီယိုကာကွယ်ဆေး ရယူကြရန် WHO က တိုက်တွန်းထားသည်။

စစ်ဖြစ်နေသည့် ဆီးရီးယား နိုင်ငံတွင် အစိုးရအနေနှင့် နိုင်ငံအနှံ့ ပိုလီယိုကာကွယ်ဆေး တိုက်ကျွေးရေး အစီအစဉ်များ လုပ်ဆောင်နိုင်မည် မဟုတ်သလို ကုလသမဂ္ဂနှင့် NGO အဖွဲ့အစည်းများကလည်း ဒုက္ခသည် စခန်းများ၌သာ ပိုလီယိုကာကွယ်ဆေး တိုက်ကျွေးနိုင်ကြသည်။

သီဟ
Ref:WHO
-------------------------------------------------
ကိုမျိုး (lwanmapyay.blogspot.com)

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...