ဥရောပထုတ် အကောင်းဆုံး အကြမ်းခံ SUV တွေထဲက Audi Q5 နဲ့ Mercedes-Benz GLK-Class

mercedes benz (photo-greencarreports.com)
တကယ်တမ်းပြောမယ်ဆိုရင် Audiနဲ့ Mercedes ဆိုတဲ့ ကုမ္ပဏီနှစ်ခုက ဥရောပအခြေစိုက် မော်တော်ကား ကုမ္ပဏီတွေလို့သာ ဆိုရတာ ဖြစ်ပေမယ့် အဲဒီထက် ပိုပြီးသေချာတာက အခြေစိုက်တဲ့နေရာမှာ ဥရောပ တိုက်တင် တူတာ မဟုတ်ဘဲနိုင်ငံပါ တူနေတာပါ။ ဂျာမနီအခြေစိုက် မော်တော်ကား ကုမ္ပဏီတွေ ဖြစ် ပြီးတော့ ပြည်တွင်း အနေအထားမှာရော တကမ္ဘာလုံး အတိုင်းအတာမှာပါ ပြင်းထန်တဲ့ ပြိုင်ဖက်တွေအဖြစ်နဲ့ ရပ်တည်နေတာလည်း တွေ့နိုင်ပါတယ်။ အခု ပြောမယ့် မော်ဒယ်နှစ်ခုကတော့ အဆိုပါ ပြိုင်ဆိုင်မှု ပြင်းထန် ပါတယ်ဆိုတဲ့ ကုမ္ပဏီ နှစ်ခုကနေ ထုတ်လုပ်ထွက်ရှိလာတဲ့ မော်ဒယ်နှစ်ခုဖြစ်ပြီးတော့ အနေအထား အရ မော်ဒယ်နှစ်မျိုးလုံးကို ကုမ္ပဏီနှစ်ခုလုံးက ဇိမ်ခံတန်းဝင်အောင် ဖန်တီး ထားတာ တွေ့ရတဲ့အပြင် တဖက်ကလည်း မော်ဒယ်တွေကို အကောင်းဆုံး စွမ်းဆောင်ရည်ရှိအောင် ရည်ရွယ်ပြီးတော့ လမ်းကြမ်း မောင်းနှင်နိုင်မှု အပိုင်းတွေမှာပါ သုံးနိုင်အောင် ဖန်တီးလာတာကြောင့် ဈေးကွက်မှာ အဖက်ဖက် က ဆွဲဆောင်မှု ကောင်းစေတော့တာ ဖြစ်ပါတယ်။ တကယ်လည်း Audi ကနေ များများစားစား ထုတ်လုပ်မှု မရှိတဲ့ SUV မော်ဒယ် Q5က ဈေးကွက်မှာ လူကြိုက်အထူး ကောင်းမွန်တာ တွေ့နိုင်သလို တဖက်ကလည်း Mercedes ရဲ့ မော်ဒယ် ဖြစ်တဲ့ GLK ဟာ လည်း ဒီဇိုင်းပိုင်းကအစ Land Rover ရဲ့ မော်ဒယ်တွေ ကို ကောင်းကောင်း ယှဉ်နိုင်စွမ်းရှိလောက်အောင် ဆွဲဆောင်မှု ကောင်းတာကြောင့် ဒီနေ့တော့ အပြိုင် အားကောင်းနေတဲ့ မော်ဒယ်နှစ်ခုနဲ့ မိတ်ဆက်ပေးဖို့ ဆုံးဖြတ်လိုက်တာဖြစ်ပါတယ်။
အားသာချက်
Q5 ရဲ့ အတွင်းပိုင်း အပြင်အဆင်က ပထမတန်းစားပါ။ ရိုးရှင်းတယ်၊ ဆွဲဆောင်မှု ကောင်းတယ်၊ နည်း ပညာမြင့်တယ်။ တည်ဆောက်မှု အပိုင်းမှာ သုံးထားတဲ့ ဆက်စပ်ပစ္စည်းတွေရဲ့ အရည်အသွေးက စိတ် လည်း ချရတယ်၊ Feature တွေ အများကြီးလည်း သုံးနိုင်မယ်။ နောက်ထပ် တချက်ကတော့ ဆီစားနှုန်း အပိုင်းပါ။ အခု မော်ဒယ်ရဲ့ အရွယ်တူ ပြိုင်ဖက် မော်ဒယ်တွေထက်ကိုပဲ ဆီစားနှုန်း အထူးသက်သာ ကောင်း မွန်တာလည်း တွေ့ရပါတယ်။ နောက်ပြီး V6 အင်ဂျင်နဲ့လည်း ရချင်တယ်ဆိုရင် ရွေးချယ်နိုင်စရာ ရှိတာ တွေ့ ရပြီး ကျနော်ကတော့ မြို့တွင်းလမ်းကြောင်းတွေနဲ့ ပိုပြီး ကိုက်ညီသင့်တော်မှု ရှိမယ့် အခု လေးလုံးထိုး အင်ဂျင် အသေးတပ်မော်ဒယ်ကိုပဲ သဘောကျမိပါတယ်။

Audi Q5(photo- edmunds.com)
GLK ကတော့ Off-Road အတွက်ပါ ပိုပြီး ရည်ရွယ်ကာ ထုတ်လုပ်ထားတဲ့ မော်ဒယ်ဖြစ်တာကြောင့် တကယ်ကို တည်ငြိမ်တဲ့ သွားလာ မောင်းနှင်ရမှု၊ လိုက်ပါ စီးနင်းရမှု ဆိုတဲ့ ခံစားမှုကို ရရှိပါလိမ့် မယ်။ နောက်ပြီးတော့ လက်ကိုင်ပိုင်းကလည်း တည်ငြိမ်ကောင်းမွန်တာ တွေ့ရသလို V6 အင်ဂျင်နဲ့ မော်ဒယ် ကိုသာ ရွေးချယ်မယ်ဆိုရင် စွမ်းအင် ထွက်ရှိမှုကောင်းတဲ့ မော်ဒယ်တခုကို ပိုင်ဆိုင်နိုင်မှာ သေချာပါတယ်။ ပြီးတော့ အင်ဂျင်ပိုင်း ရွေးချယ်ဝယ်ယူနိုင်မှုမှာ ဒီဇယ်အင်ဂျင်စနစ်လည်း ပါဝင်တာ တွေ့ရပြီး ဒီဇယ်အင်ဂျင် ဆိုရင်တော့ ဆီစားနှုန်း ပိုပြီး သက်သာပါလိမ့်မယ်။
အားနည်းချက်
Q5 ရဲ့ နောက်ဖက် ၀န်တင်ခန်း အနေအထားက နည်းနည်း ကျဉ်းချင်ပါတယ်။ ရှေ့ဘီးနဲ့ နောက်ဘီးထောက် ပမာဏကို ချဲ့ပြီး ခရီးသည် လိုက်ပါခန်းကို ကျယ်ဝန်းအောင် ဖန်တီးထားတာမို့ နောက်ဖက် ၀န်တင်ခန်း နေ ရာက နည်းနည်း ကျဉ်းသွားတာ ဖြစ်ပါတယ်။ နောက်တချက်ကတော့ ဇိမ်ခံကား တန်းဝင်အနေနဲ့ ဖန်တီး ထားတာ ဖြစ်ပေမယ့် Navigation စနစ်လို အပိုင်းကို ထည့်သွင်းဖန်တီးထားခြင်း မရှိတာကတော့ နောက် ပိုင်း မှာ အဆင့်မြှင့်ဖို့ လိုအပ်လာမယ့် အချက်လည်း ဖြစ်ပါတယ်။
GLK ကို SUV တစီး အနေနဲ့ပြောမယ်ဆိုရင် နောက်ဖက်ဆုံး ၀န်တင်ခန်းကို ကျယ်ဝန်းအောင် ရည်ရွယ်ပြီး ဒုတိယထိုင်ခုံတန်းကို သေးငယ်အောင် ဖန်တီးထားတာက ပြစ်ချက်တခုပါ။ တကယ်လို့ ခရီးသည် သုံးယောက်လောက်သာ နောက်ဖက်ခုံတန်းကို တင်မယ်ဆိုရင်တော့ နေရာအခက် အခဲ ဖြစ်လာနိုင် ပါတယ်။ ပြီးတော့ နောက်ဖက်ထိုင်ခုံတန်းတင် သေးတာမဟုတ်ဘဲ နောက်ဖက်ခန်း တံခါးပေါက်လည်း အနည်းငယ်ကျဉ်းတာ တွေ့ရပါတယ်။ အရွယ်အငယ်စား SUV ဖြစ်တာကြောင့် အလျားတိုပြီး ၀န်တင် ခန်းနေရာလည်း နည်းပါတယ်။
ကိုယ်ထည်ပိုင်း
Q5 ကတော့ ကိုယ်ထည် အနေအထားမှာ မြို့တွင်းနဲ့ကိုပဲ သင့်တော်မှုရှိမယ့် ကိုယ်ထည် အရွယ်အစားမျိုးကို ထုတ်လုပ်ထားတာ တွေ့ရပြီး ကိုယ်ထည်က အလျား ၁၅ ပေနဲ့ ၂.၆ လက်မရှိမှာ ဖြစ်သလို မျက်နှာစာ အကျယ်က ၆ ပေ နဲ့ ၂.၇ လက်မပါ။ အလျားတိုတာကြောင့် Parking လုပ်ဖို့ အတွက်ပါ အဆင်ပြေစေနိုင်ပြီး မျက်နှာစာ နည်းနည်း ပိုကျယ်တာကတော့ အတွင်းခန်းကို လိုက်ပြီး ကျယ်လာစေမှာ ဖြစ်ပါတယ်။ မော်ဒယ် ရဲ့ အမြင့်ကတော့ ၅ ပေ နဲ့ ၅.၂ လက်မ ရှိမှာ ဖြစ်ပြီး မြေပြင်နဲ့ ကိုယ်ထည်ရဲ့ ကင်းလွတ်နိုင်မှုနှုန်းက ၈ လက်မ နီးပါးထိအောင် ရှိမှာဖြစ်လို့ လမ်းကြောင်းမောင်းနှင်မှု အတွက်ပါ စိတ်ကြိုက်မောင်းနှင်နိုင် မှာ ဖြစ် ပါတယ်။
ပုံမှန် အာရှထုတ် SUV တစီးတောင်မှ အနည်းဆုံး အလျား ၁၅ ပေ စွန်းနေတဲ့ အချိန်မှာ GLK-Class ကတော့ ၁၄ ပေ နဲ့ ၁၀ လက်မ စွန်းစွန်းပဲ ရှိပါတယ်။ ပြီးတော့ မျက်နှာစာအကျယ်က ၆ ပေနဲ့ ၂ လက်မ ကျော်တယ် ဆိုတော့ အလုံးနဲ့ အရပ်ကတော့ သိပ်မအပ်စပ်ချင်ပါဘူး။ ကားရဲ့ အမြင့်က ၅ပေနဲ့ ၇လက်မ မပြည့်ချင်ပေ မယ့် GLK-Class ကို Off-Road အတွက်ပါ ရည်ရွယ်ထားတော့ မြေပြင်နဲ့ ကိုယ်ထည်ရဲ့ ကင်းလွတ် ပမာဏကို ၇.၉ လက်မ ထိအောင် တည်ဆောက်ထားပါတယ်။ နောက်ပြီးတော့ အတွင်းခန်း တည်ဆောက် မှုကလည်း တခြား SUV တွေနဲ့ ယှဉ်ကြည့်ရင် ကျဉ်းမြောင်းတာတွေ့ရပြီး ၅၅ လက်မ ကျော်ကျော်ပဲ ရှိပါ တယ်။
အင်ဂျင်
Q5 မှာ တပ်ဆင်ထားတဲ့ အင်ဂျင်စနစ်ကတော့ ၂.၀ လီတာသုံး ပုံမှန် လေးလုံးထိုး အင်ဂျင် ဖြစ်ပြီးတော့ V6 အင်ဂျင်နဲ့ ဆိုရင်လည်း စွမ်းဆောင်ရည် တော်တော် ကောင်းပါလိမ့်မယ်။ ဒါပေမယ့် ခရီးဝေးသွားလာမှု မရှိဘူး ဆိုရင်တော့ ဆီစားနှုန်းကို ကြည့်တဲ့အနေနဲ့ လေးလုံးထိုး အင်ဂျင်စနစ်ကပဲ ကောင်းပါလိမ့်မယ်။ အင်ဂျင်က လည်ပတ်အား တမိနစ်ကို အပတ်ရေ ၁၅၀၀ မှာ ရုန်းအားက ၂၅၈ ပေါင်-ပေ ရှိပြီးတော့ စွမ်းအင် ထွက်ရှိမှုက မြင်းကောင်ရေ ၂၂၀ အား ဖြစ်လို့ အမြန်နှုန်း မြင့်မြင့်နဲ့ မောင်းနှင်နိုင်ဖို့တော့ အားနည်း မှာ ဖြစ်ပေမယ့် ရုန်အားကောင်းကောင်းနဲ့ တောင်တက်လမ်းလို အပိုင်းတွေ ကိုတောင် အေးအေးဆေးဆေးမောင်းနှင်နိုင် မှာပါ။
GLK ရဲ့ အင်ဂျင်စနစ်ကတော့ ၃.၅ လီတာ သုံး V6 အင်ဂျင် ဖြစ်ပြီးတော့ ဒီဇယ်အင်ဂျင်ကိုမှ မကြိုက်ဘူး ဆိုရင်တော့ V6 အင်ဂျင်တပ်မော်ဒယ်က အကောင်း ဆုံး ဖြစ်ပါလိမ့်မယ်။ အင်ဂျင်ရဲ့ ရုန်းအားက ၂၇၃ ပေ-ပေါင် သာ ရှိပေမယ့် စွမ်းအင် ထွက်ရှိမှု ကောင်းမွန် တာ တွေ့ရပြီး မြင်းကောင်ရေ ၃၀၂ ကောင် အားထိအောင် သုံးနိုင်မှာ ဖြစ်ပါတယ်။ ဒါပေမယ့် အင်ဂျင်ရဲ့ လည်ပတ်အားကတော့ အမြင့်ဆုံးအနေနဲ့ တမိနစ်ကို အပတ်ရေ ၆၅၀၀ ထိအောင် ဖြစ်တာကြောင့် ဆီစားနှုန်းတော့ တော်တော်လေး တာသွားပါ လိမ့်မယ်နော်။
မောင်းနှင်နိုင်မှု
Q5 ရဲ့ မော်ဒယ်က အင်ဂျင်ပိုင်းမှာသာ အသေးစား အင်ဂျင်ကို တပ်ဆင်ထားတာ ဖြစ်ပေမယ့် တဖက်က Drive စနစ်ကတော့ လေးဘီးယက်စနစ်နဲ့ ဆိုတော့ Audi အနေနဲ့ သူ့ရဲ့မော်ဒယ်ကို ဘယ်လောက် ထိအောင် Off-Road စွမ်းဆောင်ရည်ကောင်းစေချင်သလဲ ဆိုတာ ပေါ်လွင်နေပါတယ်။ Transmission အပိုင်းမှာက Auto စနစ်နဲ့ ဖန်တီးထားတာကြောင့် အမျိုးသမီးတွေ မောင်းနှင်မယ်ဆိုရင်တောင် အဆင်ပြေ မှာ ဖြစ်ပြီး အသုံးပြု မောင်းနှင်နိုင်မယ့် ဂီယာချက်က ၈ချက်ထိအောင် ဖြစ်တာမို့ ပြိုင်ဖက် Land Rover ရဲ့ မော်ဒယ်တွေထက် ဂီယာချက် တချက်တည်း လျော့တာလည်း ဖြစ်ပါတယ်။ အမြန်နှုန်း မြှင့် တင်မောင်းနှင်နိုင်မှု အပိုင်းကို ကြည့်မယ်ဆိုရင်တော့ တနာရီ မိုင် ၆၀ နှုန်းကို အချိန် ၆.၇ စက္ကန့် တည်း နဲ့ ရောက်ရှိအောင် မောင်းနှင်နိုင်မှာလည်း ဖြစ်ပါတယ်။
V6 အင်ဂျင်တပ် GLK-Class က နောက်ဘီးယက်စနစ် ဖြစ်ပြီးတော့ ဂီယာချက် စုစုပေါင်း ၇ချက်ထိအောင်ကို Auto စနစ်နဲ့ အသုံးပြု မောင်းနှင်သွားလာနိုင်မှာလည်း ဖြစ်ပါတယ်။ ဒီနေရာမှာ SUV ရယ် ဆိုပြီးတော့၊ အလေးချိန် မနည်းဘူး ဆိုပြီးတော့ အထင်တော့ မသေးလိုက်နဲ့ခင်ဗျ။ တနာရီ မိုင် ၆၀ နှုန်း ဆိုတဲ့ နှုန်းကို အချိန် ၅.၉ စက္ကန့်နဲ့ ရောက်မယ် ဆိုတော့ ဒါက စိတ်တောင်မကူးမိတဲ့ နှုန်းပါပဲ။ နောက်ပြီး ဒီနှုန်းက တန်းတူ ကားတွေဖြစ်တဲ့ Audi Q5 နဲ့ BMW X3 တို့ထက်တောင် သာနေသေးတာ ဖြစ်ပါတယ်။
ဟုတ်ပါပြီ၊ ဒီလို အနေအထားတွေကတော့ Q5 နဲ့ GLK ကြားမှာ ဗျာများစေမယ့် လွန်ဆွဲမှုတွေပါပဲ။ ဒါပေ မယ့် ကျနော်တခု သတိထားမိလိုက်တာ တချက်က Q5 က ပြိုင်ဖက်မော်ဒယ်ထက်စာရင် ကိုယ်ထည်ပိုင်း ပိုကြီးမားပြီးတော့ မိသားစုများတဲ့ သူတွေအတွက်ဆိုရင်ပိုသင့်တော်လိမ့်မယ်လို့ ထင်မိပြီး GLK ကတော့ လမ်းကြမ်းပိုင်း စွမ်းဆောင်ရည် အပိုင်းမှာ ပိုပြီး သာလွန်ကောင်းမွန်မယ့် အနေအထား ဖြစ်တာကြောင့် လမ်းကြမ်းပိုင်း စွန့်စားမှုတွေနဲ့ ထင်ရှားပေါ်လွင်တဲ့ ရုပ်ထွက်တွေ အတွက်ဆိုရင်တော့ GLKက အသင့်တော် ဆုံး ဖြစ်လိမ့်မယ်လို့ ယူဆမိတယ်လို့ ဆိုလိုက်ပါရစေဗျာ။
လင်းထက် (IA)
The Irrawaddy Blog
--------------------------------------
ကိုမျိုး(သုတစွယ်စုံ)(lwanmapyay.blogspot.com) Facebook Page Twitter Google+
- (အရှေ့သို့) လေဖြတ်သည့်ဘေး အသိပေး ကင်းဝေးကြပါစေ Flibanserin အမျိုးသမီးတွေ အတွက်ဆေးCytotec (Misoprostol) ဆေးသုံးနည်းPregnancy expectation ကိုယ်ဝန်ရချင်လို့သရဲမွေးမိသူ မိခင်US officials advocate use of HIV pill to fight AIDSစိတ်ဖိစီးမှု လျော့ကျစေနည်း (၁၀)ချက်...
- (အနောက်သို့) အခြေခံ Flash သုံးနည်း... Flibanserin အမျိုးသမီးတွေ အတွက်ဆေးCytotec (Misoprostol) ဆေးသုံးနည်းPregnancy expectation ကိုယ်ဝန်ရချင်လို့သရဲမွေးမိသူ မိခင်US officials advocate use of HIV pill to fight AIDSစိတ်ဖိစီးမှု လျော့ကျစေနည်း (၁၀)ချက်...