သေချာတယ်၊ စိတ်ချလိုက် တို့လူငယ် - အပိုင်း ၂

ဘ၀မှာ အလွန်အင်မတန် အောင်မြင်ချင်ပြီး ပျင်းတတ်တဲ့ လူငယ်တိုင်းအတွက် အကောင်းဆုံးနဲ့ အသေချာဆုံး နည်းလမ်း တွေ ဆက်မပြောခင်.. ပျင်းရိခြင်းရဲ့ အကျိုးတရားတွေကို ပြောပါဦးမယ်။



(ပျင်းပျင်းရိရိ ပြင်းပြင်းပြပြ ဘ၀အောင်မြင်ရေးစာစု - ၂)ပျင်းပျင်းရိရိနဲ့ စဉ်းစားတွေးတော တတ် သူတွေကြောင့် ကမ္ဘာကြီးတိုးတက်လာတာပါ။ နယူတန်ဆိုတဲ့ ပုဂ္ဂိုလ်လေး ဟာဆိုရင် ပျင်းပျင်းနဲ့ ပန်းသီးပင်အောက်ထိုင်ပြီး၊ အိပ်ငိုက်နေတုန်း ခေါင်းပေါ်ကြွေကျလာတဲ့ ပန်းသီးတလုံးကြောင့် ကမ္ဘာ့ဆွဲအားအကြောင်း အမှတ်မထင် တွေ့ရှိသွားခဲ့ရာက တကယ့်ပညာရှင်ကြီး ဖြစ်သွားရတာပဲ။
ထူးခြားတာက သူဟာ သူ့ရဲ့ အတွေးစိတ်ကူးကို မပျောက်ပျက် စေဘဲ ဆက်ဆင့်စဉ်းစားပြီး လက်တွေ့နဲ့ ကိုက်ညှိယူနိုင်တာကြောင့် ဆိုတာ တွေ့ရတယ်။ ဒီလိုပဲ ပျင်းတတ်တဲ့ တို့လူငယ်တွေလည်း ကိုယ့်အတွေးလေး တစ်စ ရလာရင် မပျောက်ပျက်စေဘဲ လက်တွေ့နဲ့ အံဝင်အောင် ပေါင်းစပ်ယူနိုင်ဖို့ အရေးကြီးတာပါပဲ။

နောက်ထပ် ဥပမာ တချို့ပြောပါဦးမယ်။ မဖွံ့ဖြိုးသေးတဲ့ ခေတ်တုန်းက လူတွေဟာ မြေကြီးကို ပေါက်တူးနဲ့ ပေါက် ကြတယ်။ ဒါပေမယ့် ပျင်းတဲ့လူက သက်သောင့်သက်သာ ဖြစ်အောင် မြေတူးစက်တွေ ဖန်တီးဖို့ စဉ်းစားရာက စက်မှု ခေတ်ကို ရောက်လာစေတာပဲ။ လမ်းလျှောက်ရမှာ ပျင်းတဲ့သူက လမ်းမလျှောက်ဘဲ လိုရာခရီးရောက်အောင် သွားနိုင်ဖို့ စက်ဘီးတွေ၊ မော်တော်ကားတွေ တီထွင်ဖို့ စဉ်းစားတယ် မဟုတ်လား။ အကျဉ်းချုပ်လိုက်ရင် သက်သက် သာသာနေချင်ပြီး ပျင်းရိတတ်တဲ့ လူတွေကြောင့် ကမ္ဘာဟာ ပိုတိုးတက်လာတယ် ဆိုတာပါပဲ။

စဉ်းစားခြင်းနှင့် စိတ်ကူးခြင်း

ဥပဒေသ အမှတ် ၁၊ ခြေခြေမြစ်မြစ် စိတ်ကူးရှိဖို့

To reach your goals in life, you cannot sit back and wait for things to happen – you have to "Make" them happen.

ဘ၀အောင်မြင်ရေးအတွက် လက်မှိုင်ချ ထိုင်ငိုင်ပြီး တခုခု ဖြစ်လာလိမ့်မယ်လို့ စောင့်လင့်နေလို့ မဖြစ်။ ကိုယ်ဖြစ်ချင်တဲ့ အရာတွေကို ဖြစ်လာအောင် လုပ်ယူ ရမှာဖြစ်တယ်။ တနည်းအားဖြင့် လက်တွေ့နဲ့ ပေါင်းစပ်ယူတာပါပဲ။

ဒါကတော့ ဘ၀မှာ ကိုယ် ဘယ်လိုနေချင်သလဲ ဆိုတာ ပျင်းပျင်းနဲ့ စဉ်းစားကြည့်ဖို့ပါ။ အံ့သြစရာအကောင်းဆုံးက ပျင်းတတ်သူအတွက် တွေးတော စိတ်ကူးယဉ်ဖို့ အချိန်တွေ အများဆုံးရနေတာပဲ။ ဒီတော့ တွေးတောစိတ်ကူးနေခြင်းဟာ ဘ၀ အောင်မြင်ဖို့ ဖြစ်လာစေရမယ်ဆိုတဲ့ ဒီစကားက အသုံးဝင်မှာ သေချာပါတယ်။

အများအားဖြင့် လူအတော်များများဟာ စိတ်ကူးခြင်း နဲ့ စိတ်ကူးယဉ်ခြင်း ကို ကွဲကွဲပြားပြား မသိကြဘူး။ မသိကြတဲ့ အတွက် မအောင်မြင်ကြတာဖြစ်တယ်။ စိတ်ကူးတယ်ဆိုတာ ဖြစ်ချင်တဲ့ အနေအထား တခုကို စိတ်မှာ ထင်မြင်ပြီး၊ လက်တွေ့နဲ့ နှီးနွယ်ဆက်စပ်တယ်။ အခြေအမြစ်ရှိတယ်။ စည်း ရှိတယ်။ ဘောင် ရှိတယ်။ စိတ်ကူးယဉ်တယ် ဆိုတာကတော့ ဖြစ်ချင်စိတ်သက်သက် အတားအဆီးမရှိ စီးမြောနေခြင်းပါပဲ။ စိတ်ကူးယဉ်တဲ့ အခါ လက်တွေ့နဲ့ ဘယ်လိုမှ ဆက်စပ်မရတာတွေ ဖြစ်နေတတ်ပြီး စည်း မရှိ၊ ဘောင် မရှိ၊ ကစဥ့်ကလျားပေါ့။

ဥပဒေသ အမှတ် ၂၊ လက်တွေ့နဲ့ဆက်စပ်ယူနိုင်တဲ့အတွေး စိတ်ကူးရှိဖို့

ဒီတော့ ... စိတ်ကူးပါ။
ဒါပေမယ့် လက်တွေ့နဲ့ မကင်းကွာစေနဲ့ လို့ တိုက်တွန်းလိုက်ပါတယ်။ အင်္ဂလိပ်လို ပြောရမယ်ဆိုရင်တော့ … Imagine, but don't lose the content of practice. ပါပဲ။ လက်တွေ့နဲ့ ကင်းပနေတဲ့ စိတ်ကူးဟာ လေထဲ တိုက်အိမ်ဆောက်တာပဲ။

ပျင်းတတ်တဲ့ - နိုင်စွမ်း
(ဓာတ်ပုံ - လောအယ်စိုး)
Irrawaddy Blog

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...