မျက်စိကျန်းမာရေးကောင်းစေမည့် နည်းလမ်းရှစ်သွယ်



ကမ္ဘာ့ထူးဆန်းအံ့သြဖွယ်ရာတွေ မြင်တွေ့ရရင် ကျွန်မတို့ရဲ့ မျက်စိအမြင်အာရုံကောင်းနေတာကို ဂုဏ်ယူတတ်ကြပါတယ်။ ဒါပေမဲ့လည်း လူနည်းစုလောက်သာ တန်ဖိုးရှိလှတဲ့ အမြင်အာရုံကို ဂရုစိုက်တတ်ကြတာမို့ မျက်စိကိုဂရုစိုက်ရမယ့် နည်းလမ်းတွေကို ဖော်ပြလိုက်ပါတယ်။

၁။ မျက်စိစမ်းသပ်ပါ
မျက်မှန်တပ်ရသူ ဒါမှမဟုတ် မျက်စိပြဿနာဖြစ်သူတွေသာ မျက်စိဆရာဝန်နဲ့ ပြသင့်တာမဟုတ်ပါဘူး။ လူတိုင်းလူတိုင်း နှစ်နှစ်တစ်ကြိမ် မျက်စိစမ်းသပ်စစ်ဆေးမူ ပြုလုပ်သင့်ပါတယ်။ သင်ဟာ အရာဝတ္ထုတွေကို မြင်နေရပေမယ့်လည်း သင့်မှာ မျက်စိပြဿနာတွေ ဖြစ်နိုင်ပါတယ်။ ဥပမာ - ခေါင်းကိုက်တက်တာနဲ့ ခေါင်းတစ်ခြမ်းကိုက်တာဟာ မျက်စိပြဿနာကြောင့် ဖြစ်နိုင်တာမို့ ဒီလိုပြသနာတွေဖြေရှင်းဖို့ မျက်စိဆရာဝန်ကသာ အကောင်းဆုံးဖြစ်နိုင်ပါတယ်။ အသက် ၆၀-ကျော်လာရင် အတွင်းတိမ်၊ ရေတိမ်နဲ့ မက်ကူလာပျက်စီး ယိုယွင်းမူတွေဖြစ်နိုင်ခြေ များလာတာကြောင့် ဒီအရွယ်ရောက်ရင် နှစ်စဉ်မျက်စိဆရာဝန်နဲ့ စမ်းသပ်စစ်ဆေးဖို့ လိုအပ်ပါတယ်။

၂။ နေကာမျက်မှန်တပ်ပါ၊ ဦးထုပ်ဆောင်းပါ
နေကာမျက်မှန်တပ်တာနဲ့ ဦးထုပ်ဆောင်းတာကြောင့် သင့်မျက်လုံးကို UV Rays အန္တရာယ်မှ ကာကွယ်နိုင်ပါတယ်။ လေ့လာမူအများအပြားအရ နေရောင်နဲ့ ထိတွေ့မူကြောင့် အတွင်းတိမ်ရောဂါနဲ့ မက်ကူလာပျက်စီးယိုယွင်းမူဖြစ်နိုင်ခြေ ပိုမြင့်မားတယ်လို့ သိရပါတယ်။

၃။ ဆီးချိုရောဂါကို ထိန်းပါ
သွေးတွင်းသကြားဓာတ်များတဲ့ ဆီးချိုရောဂါကြောင့် မြင်လွှာအနောက်မှ သွေးကြောတွေပျက်စီးကာ အမြင်ပြဿနာ ဖြစ်စေနိုင်ပါတယ်။ ဆီးချိုရောဂါရှိသူတိုင်း ဆီးချိုကိုထိန်းထားဖို့ လိုအပ်ပြီး နှစ်စဉ်မျက်စိစမ်းသပ်စစ်ဆေးမူပြုလုပ်သင့်ပါတယ်။

၎။ မျက်စိ အကာအကွယ်ယူပါ
ဂဟေဆော်တာလို အလုပ်မျိုးလုပ်ရသူတွော မျက်စိမထိခိုက်အောင် မျက်စိကို အကာအကွယ်တပ်ထား သင့်ပါတယ်။ နှင်းလျှောစီးသူတွေ၊ သစ်ပင်ခုတ်ရသူ၊ မြက်ရိတ်သူနဲ့ အပင်အလှပြင်သူတွေ အားလုံးလည်း မျက်စိထိခိုက်ဒဏ်ရာမရအောင် အကာအကွယ် မျက်မှန်တပ်ထားသင့်ပါတယ်။ တချို့အားကစား ဥပမာ - တင်းနစ်ဘော၊ ဘတ်စကက်ဘောတွေလည်း မျက်လုံးကို ဘောလုံး ဒါမှမဟုတ် လက်ချောင်းနဲ့ထိမိပြီး မျက်စိအန္တရာယ်ရရှိနိုင်ပါတယ်။

၅။ ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အစားအစာကိုစားပါ
ဗီတာမင် A, C, E နဲ့ သွပ်ဓာတ် ပါဝင်တဲ့အားဆေးစားပေးပါ။ အစားအသောက်ထက် ဆေးလိပ်မသောက်ဖို့က ပိုအရေးကြီးပါတယ်။ ဆေးလိပ်သောက်တာကြောင့် အတွင်းတိမ်ရောဂါနဲ့ မက်ကူလာပျက်စီးမူဖြစ်နိုင်ခြေ ပိုများပါတယ်။

၆။ ညအိပ်ခါနီး မျက်ကပ်မှန် ဖြုတ်ထားပါ
မျက်ကပ်မှန်အကြာကြီး တပ်ထားတာကြောင့် ရောဂါ အလွယ်တကူ ၀င်ရောက်နိုင်ပါတယ်။

၇။ ဆေးသောက်တာကို သတိထားပါ။
သင်သောက်နေကျဆေးတွေကို မျက်စိဆရာဝန်ကို ပြောပြပါ။ ဥပမာအားဖြင့် ဆီးကျိတ်ကြီးတာအတွက် သောက်ဆေး Flomaxဟာ အတွင်းတိမ်ကို ခွဲစိတ်ရာမှာ ဆိုးကျိုးရှိနိုင်တာမို့ Flomax ဆေးမသောက်ခင် အတွင်းတိမ်ကို ခွဲစိတ်ဖို့လို မလိုဆုံးဖြတ်ရပါမယ်။ စတီးရွိက်ဆေးတွေကို တာရှည်သောက်ရရင်လည်း ရေတိမ်ရာဂါနဲ့ အတွင်းတိမ်ရေဂါဖြစ်နိုင်ခြေ မြင့်မားပါတယ်။

၈။ အတွင်းတိမ်ကို ခွဲစိတ်ရမယ်ဆိုရင် အချိန်မစောင့်ပါနဲ့
အတွင်းတိမ်ကို ခွဲစိတ်ရာမှာ ဆိုးကျိုးအလွန်နည်းတာမို့ ခွဲစိတ်ရမယ်ဆိုရင် စောစောသာခွဲထုတ်လိုက်ပါ။

ဒေါက်တာခင်မိုးမိုး

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...