သင့်မှာ ကင်ဆာရှိ၊ မရှိ ဆန်းစစ်ပါ

သင့်မိဘမျိုးရိုးမှာ ကင်ဆာရောဂါ မရှိတာကြောင့် သင့်မှာ ကင်ဆာရောဂါ မဖြစ်နိုင်ဘူးလို့ ပုံသေတွက်ထားလို့ မရပါဘူး။ ကလေးတွေမှာလည်း ကင်ဆာရောဂါဖြစ်နိုင်တယ်ဆိုပေမယ့် အသက်အရွယ်ရလာတာနဲ့အမျှ ကင်ဆာရောဂါဖြစ်ဖို့ အခွင့်လအလမ်းများလာပါတယ်။ အများစုက ရောဂါဖြစ်ပြီး နောက်ကျမှသာ သိရှိရတာများပါတယ်။ ရောဂါ ရှိ၊ မရှိကြိုတင်သိရှိခဲ့ရင် ပျောက်ကင်းအောင် ကုသနိုင်တာကြောင့် ဘယ်အချိန်မှာ စစ်ဆေးသင့်ပြီလဲ၊ ဘာတွေကာကွယ်ထားဖို့လိုလဲဆိုတာ သိနိုင်ဖို့ ရေးသားပြလိုက်ပါတယ်။
ရင်သားကင်ဆာ
အမျိုးသမီးတွေဟာ အသက်ကြီးလာတာနဲ့အမျှ ရင်သားကင်ဆာဖြစ်ဖို့ အခွင့်အလမ်းများလာပါတယ်။ ရင်သားကင်ဆာကို အသက် ၅၀အရွယ် အမျိုးသမီးအများစုမှာ ဖြစ်တာတွေ့ရပါတယ်။ လေ့လာမူတွေအရ ရင်သားကင်ဆာကို အကောင်းဆုံး ရှာဖွေဖော်ထုတ်နိုင်တဲ့ နည်းလမ်းက ရင်သားဓာတ်မှန် ရိုက်တာပါ။ ရင်သားကင်ဆာရောဂါကို စောစောစီးစီး သိရှိနိုင်ပါက အလွယ်တကူ ကုသပျောက်ကင်းနိုင်ပါတယ်။ အသက် ၅၀နဲ့အထက် အမျိုးသမီးတွေဟာ တစ်နှစ်တစ်ကြိမ် ဒါမှမဟုတ် နှစ်နှစ်တစ်ကြိမ်လောက် ရင်သားဓာတ်မှန်ရိုက်သင့်ပါတယ်။ တကယ်လို့ သင့်ရဲ့မိသားစုမျိုးရိုးမှာ ရင်သားကင်ဆာဖြစ်ဖူး တဲ့သူရှိရင်တော့ မျိုးရိုးမရှိသူတွေထက် ရင်သားဓာတ်မှန် အကြိမ်ရေပိုရိုက်ပြီး စစ်ဆေးသင့်ပါတယ်။
သားအိမ်ခေါင်းကင်ဆာ
အရွယ်ရောက်ပြီး အမျိုးသမီးတိုင်း သားအိမ်ခေါင်းကင်ဆာ ဖြစ်နိုင်ခြေအခွင့်အလန်းများပါတယ်။ သားအိမ်ခေါင်း ကင်ဆာရောဂါကြောင့် အမျိုးသမီးတွေ သေဆုံးရတာကို ကာကွယ်နိုင်ဖို့ တစ်ခုတည်းသော နည်းလမ်းက ရောဂါကိုစောစောစီးစီး ရှာဖွေတွေ့ရှိပြီး ကုသနိုင်ဖို့ပဲ ဖြစ်ပါတယ်။ သားအိမ်ခေါင်းဝမှာရှိတဲ့ အချွဲကိုယူပြီး ဓာတ်ခွဲခန်းမှာ စမ်းသပ်ခြင်း(Pap test) ဖြင့် ရောဂါကို စောစောစီးစီး သိရှိပြီး ကုသနိုင်ပါတယ်။ Pap test ကို သုံးနှစ်တစ်ကြိမ်လောက် ပြုလုပ်ပေးပါ။ အသက်၆၅နှစ်နဲ့ အထက်အမျိုးသမီးတွေဟာ Pap test ကို ပုံမှန်စစ်ဆေးပေးဖို့ လိုပါတယ်။
အူမကြီးကင်ဆာ
သေဆုံးမူ ဒုတိယအများဆုံးကင်ဆာရောဂါ ဖြစ်ပါတယ်။ ငယ်ရွယ်သူတွေထက် အသက်ကြီးသူတွေမှာ ပိုဖြစ်နိုင်ပါတယ်။ အများစုက ထိရောက်တဲ့ ရောဂါစမ်းသပ်စစ်ဆေးတာတွေ မလုပ်တာကြောင့် နောက်ကျမှ ရောဂါရှိမှန်းသိပါတယ်။ အသက် ၅၀ကျော်လာရင်တော့ အူမကြီးကင်ဆာရှိ မရှိ စတင်စစ်ဆေးသင့်ပါပြီ။
ခံတွင်းကင်ဆာ
နူတ်ခမ်းကင်ဆာ၊ လျှာကင်ဆာ၊ လည်ချောင်းကင်ဆာနဲ့ ပါးစပ်ကင်ဆာတွေဟာ ခံတွင်းကင်ဆာထဲမှာ ပါဝင်ပါတယ်။ ခံတွင်းကင်ဆာအများစုကို ဆေးလိပ် ဒါမှမဟုတ် အရက်သောက်တဲ့ အသက် ၄၀ကျော် အရွယ်တွေမှာ အများဆုံးတွေ့ရပါတယ်။ နေပူထဲမှာ အလုပ်လုပ်ရတဲ့လူတွေက နူတ်ခမ်းကင်ဆာဖြစ်ဖို့ အခွင့်အလမ်းများပါတယ်။ သင်က ကွမ်းစားတယ်၊ ဆေးလိပ်သောက်တယ်၊ အရက်သောက်တယ် ဆိုရင်တော့ သင့်ခံတွင်းမှာ ကင်ဆာရောဂါလက္ခဏာ ရှိ၊ မရှိ သွားဆရာဝန်နဲ့ ပုံမှန်ပြသစစ်ဆေးသင့်ပါတယ်။ ခံတွင်းကင်ဆာကို ကာကွယ်ဖို့အတွက် ဆေးလိပ်သောက်တာ၊ အရက်သောက်တာတွေကို ရှောင်ပါ။ သင်က မဖြစ်မနေ နေပူထဲမှာ အလုပ်လုပ်ရသူဖြစ်ရင်တော့ နူတ်ခမ်းကို နေရာင်ကာဆီလိမ်း ပေးဖို့ လိုပါတယ်။
ဆီးကျိတ်ကင်ဆာ
အသက် ၅၀ကျော် အမျိုးသားတွေမှာ အများဆုံးဖြစ်တဲ့ ကင်ဆာအမျိုးအစားပါ။ မိသားစုမျိုးရိုးရှိရင် ဖြစ်နိုင်ချေပိုများပါတယ်။ စအိုထဲလက်ထည့် စမ်းသပ်ခြင်းနဲ့ သွေးတွင်း PSA (Prostatespecific antigen) စစ်ဆေးခြင်းတွေနဲ့ ဆီးကျိတ်ကင်ဆာရှိ မရှိ စမ်းသပ်သိရှိနိုင်ပါတယ်။
အရေပြားကင်ဆာ
အမေရိကန်နိုင်ငံမှာ အဖြစ်များဆုံး ကင်ဆာပါ။ အရေပြားကင်ဆာဖြစ်ပွားသူ အများစုကို ကုသနိုင်ပေမယ့် ရောဂါကို စောစောစီးစီး ကြိုတင်သိရှိဖို့လိုပါတယ်။ သင့်မှာရှိတဲ့မှဲ့တွေ ပုံစံအနေအထား ပြောင်းလဲသွားခဲ့ရင်၊ နေပူထဲမှာ အုလပ်လုပ်ရသူဖြစ်ရင် ဆရာဝန်နဲ့ပြသတိုင်ပင်ပါ။ နံနက် ၁၀နာရီမှ နေ့လယ် ၃နာရီအတွင်း တတ်နိုင်သလောက် နေရောင်ခြည်နဲ့ မထိတွေ့နိုင်အောင်နေပါ။ အပြင်ထွက်တဲ့အခါမှာလည်း နေရောင်ခြည်ဒဏ်ကာကွယ်နိုင်တဲ့ အ၀တ်အစားမျိုးကို ၀တ်ဆင်ပါ။
ဇာခြည်ဝင်း - ဆေးဝါးတက္ကသိုလ်