ဂေါ်လီ ထည့်တယ်ဆိုတာ အောက်တန်းစားတွေ လုပ်တာ (+18)



ဆရာရေ… ကျွန်တော် သိချင်တာက လိင်အင်္ဂါမှာ ဂေါ်လီထည့်တာ အန္တရာယ်ရှိပါသလား… ခေါင်းစဉ်တစ်ခုအနေနဲ့ ရေးပေးလို့ ရမလားခင်ဗျား.. ကျွန်တော်တို့ လူငယ်တွေမှာ ခေတ်စားနေလို့ပါခင်ဗျာ…

သည်ကိစ္စက အခုမှ၊ မနေ့တစ်နေ့ကမှ ထပြီး ခေတ်စားလာတာ မဟုတ်ပါဘူး။ လိင်ကိစ္စမှာ စတင်စိတ်ဝင်စားကြတဲ့အရွယ် လွန်ခဲ့တဲ့ နှစ်ပေါင်း ၃၀ ကျော် ကျွန်တော်တို့ လူပျိုပေါက်ဘ၀ကတည်းက ဒါကို ကြားဖူးခဲ့ပါတယ်။ နေရတာကလည်း ယောက်ျားလေးတွေချည်း ထားတဲ့ ကျောင်းဆိုတော့ အဲသလို ကိစ္စအပါအ၀င် မဟုတ်တမ်းတရားတွေကိုပဲ ရမ်းသမ်း ပန်းသမ်း ပြောကြတဲ့စကားတွေ နားနဲ့ မဆံ့အောင် ကြားခဲ့ရဖူးပါတယ်။ သုတေသီတွေကတော့ ဒါဟာ ဒုတိယကမ္ဘာစစ်အပြီးမှ ပေါ်လာတာလို့ ယူဆကြတယ်။

ပထမဆုံးအချက်

ငယ်ပါမှာ ဂေါ်လီထည့်တယ်ဆိုကတည်းက ရည်ရွယ်ချက်က မကောင်းတော့ပါဘူး။ စိတ်ရင်း မကောင်းဘူးလို့ပဲ အရပ်စကားနဲ့ ပြောနိုင်ပါတယ်။ 

သဘာဝ မဟုတ်တဲ့နည်းနဲ့ ကိုယ်နဲ့ လိင်ဆက်ဆံသူ မိန်းမသားကို အာရုံနှိုးဆွဖို့ ရည်ရွယ်ချက်နဲ့ ထည့်တာ ဖြစ်ပါတယ်။ တစ်နည်းပြောရင် ဒါဟာ လိမ်လည်တာပါပဲ။ ကိုယ့်မှာ အစွမ်းအစ မရှိတဲ့သူမို့လို့ ပြင်ပ ပစ္စည်း အကူအညီကို ရယူရတာပါ။ အစွမ်းအစ ရှိသူ ယောက်ျားသားသာဆိုရင် အဲဒါတွေ မလိုပါဘူး။ သဘာဝက ပေးထားတဲ့ အရာတွေရဲ့ နဂိုပါ ရှိရင်းစွဲအတိုင်း တစ်ဖက် မိန်းမသား ကိုယ့်ကို ချစ်ခင် စွဲလန်းနေအောင် ဆောင်ရွက်နိုင်ပါမှ ယောက်ျားကောင်းဖြစ်ပါလိမ့်မယ်။ 

ဒုတိယအချက်

ဂေါ်လီထည့်ပြီဆိုကတည်းက အဲဒီ့ ယောက်ျားဟာ လိင်မှုကိစ္စမှာ ပွေလီတော့မယ်လို့ အတိအလင်း ရည်ရွယ်ထားသူ ဖြစ်ပါတယ်။ သာမန် အိမ်ထောင်သည်တစ်ဦး၊ တွေ့ကရာ မိန်းမနဲ့ မအိပ်လိုသူတစ်ဦးဟာ သူ့ငယ်ပါမှာ ဂေါ်လီထည့်ဖို့ ယောင်လို့တောင် စဉ်းစားမိမှာ မဟုတ်တာလည်း သေချာပါတယ်။

သည်တော့ကာ ငယ်ပါမှာ ဂေါ်လီထည့်တဲ့ ယောက်ျားသားဟာ အိပ်ဖော် တစ်ဦး၊ နှစ်ဦး၊ သုံးဦးမက များမြောင်နေတော့မှာ မြေကြီး လက်ခတ် မလွဲပါဘူး။ သည်အတွက် သူ့မှာ HIV/AIDS အပါအ၀င် လိင်မှ တစ်ဆင့် ကူးစက်တဲ့ ရောဂါတွေ ရလာဖို့ရာခိုင်နှုန်းက မတန်တဆ များလာပါပြီ။ သည် ဂေါ်လီကိစ္စကို အနောက်တိုင်း ဆေးပညာရှင်တွေ သိကုန်တာဟာ လိင်မှ တစ်ဆင့် ကူးစက်ရောဂါတွေကို လာရောက်ကုသကြရာက အဲဒီ့ ယောက်ျားတွေရဲ့ ငယ်ပါမှာ မူမမှန်တာတွေ တွေ့ရာကနေ စလာတာပါ။
 
တတိယအချက်

သည်ကိစ္စဟာ အနောက်နိုင်ငံတွေမှာ ခေတ်မစားပါဘူး။ အရှေ့တိုင်းမှာသာ ခေတ်စားတာပါ။ အထူးသဖြင့် အရှေ့ဖျားဒေသနဲ့ အရှေ့တောင် အာရှမှာ ခေတ်စားတာကို တွေ့ရပါတယ်။ ခေတ်စားတယ်ဆိုရာမှာလည်း အကျဉ်းထောင်တွေနဲ့ လူမှုရေး၊ စီးပွားရေး နိမ့်ကျသူများကြားမှာ ခေတ်စားတာသာ ဖြစ်ပါတယ်။ တစ်နည်းပြောရရင် ဆင်းရဲနွမ်းပါးသူတွေ၊ ပညာမဲ့သူတွေ၊ ရာဇ၀တ်သားတွေကြားမှာ ခေတ်စားတာ ဖြစ်ပါတယ်။ ဒါ့ကြောင့် သည်ကိစ္စအတွက် ခေါင်းစဉ်ကို “အောက်တန်းစားတွေ လုပ်တာ”လို့ တမင် ရေးလိုက်တာ ဖြစ်ပါတယ်။

ဆင်ခြင်ဉာဏ်ရှိသူတွေ မလုပ်ကြပါဘူး။ ဘ၀မှာ အောင်မြင် တင့်တယ်နေသူတွေ မလုပ်ကြပါဘူး။ ပြစ်မှု ကျူးလွန်လေ့ မရှိသူတွေ မလုပ်ကြပါဘူး။
 
စတုတ္ထအချက်

ဒါကို အများဆုံး လုပ်ကြတာက ထိုင်းနိုင်ငံမှာ ဖြစ်တယ်လို့ သုတေသနတွေက ဆိုပါတယ်။ ထိုင်းက တစ်ကမ္ဘာလုံးမှာ ပြည့်တန်ဆာလည်း အပေါများဆုံး နိုင်ငံဖြစ်တယ်ဆိုတဲ့ အချက်နဲ့ ဆက်စပ်ယူလို့ ရပါတယ်။ ဒါဟာလည်း ဒုတိယအချက်နဲ့ ဆက်စပ်နေသလို တတိယအချက်ပါ ထိုင်းက တောနေ လူတန်းစားနဲ့ လူမှု၊ စီးပွားရေး အခြေအနေ နိမ့်ကျသူများကြားမှာ တွေ့ရတာလည်း သေချာပါတယ်။

သည့်ထက်အရေးကြီးတာကတော့ ဒါတွေကို နားလည်တတ်ကျွမ်းသူ ဆရာဝန်/သူနာပြုတွေက ဆောင်ရွက်ပေးတာ မဟုတ်ဘဲ ကိုယ့်ဘာသာဖြစ်စေ၊ ဆေးပညာနဲ့ ပတ်သက်လို့ ဘာမှ နားလည်သိရှိမှု မရှိသူ သူငယ်ချင်း မိတ်ဆွေကဖြစ်စေ လုပ်ဆောင်ပေးကြတာက များပါတယ်။ သည်အတွက် ပြဿနာ ရှိနိုင်ပါတယ်။

သည်ပြဿနာတွေထဲမှာ ထည့်ရင်း ပြုရင်းက ပိုးဝင်တာဖြစ်နိုင်သလို ထည့်ပြီးတဲ့နောက်မှလည်း အဲဒီ့ ဂေါ်လီက ဆီးလမ်းကြောင်းထဲကို ရောက်သွားလို့ ပြဿနာတွေ တက်ကုန်ရတဲ့ အမှုလည်း ရှိဖူးပါတယ်။ ဒါ့အပြင် အခုနောက်ပိုင်းမှာ ထပ်တွေ့ထားတာ တစ်ခုက အဲဒါလုပ်ခြင်းနဲ့ ငယ်ပါ ကင်ဆာတို့ အဆက်အစပ် ရှိနေတယ်ဆိုတဲ့ အချက်ပါပဲ။
 
နိဂုံး

သည်ကိစ္စအပါအ၀င် ဘ၀မှာ ဘာကိုပဲ လုပ်မယ်လို့ စိတ်ကူး စိတ်ကူး (၁) ဘာအတွက် လုပ်မှာလဲ (၂) လုပ်လိုက်ရင် ဘာအကျိုးကျေးဇူးတွေ ခံစားရမှာလဲ (၃) လုပ်လိုက်ရင် ဘာဆိုးကျိုးတွေ ဖြစ်လာမှာလဲ (၄) အဲဒါကို လုပ်လိုက်တဲ့အတွက် နောင် ၅ နှစ် / ၁၀ နှစ် / နှစ် ၂၀ / နှစ် ၃၀ အကြာ ကာလတွေမှာ ကိုယ် ဘာတွေ ဖြစ်နေမှာလဲ ဆိုတာကို ဦးစွာစဉ်းစားသင့်ပါတယ်။

အခု လူငယ်ဘ၀မှာ ဒါကို လုပ်လိုက်ပြီဆိုပါတော့။ အခု ကျွန်တော် ရေးလိုက်တဲ့ စာကိုလည်း မိန်းကလေး၊ ယောက်ျားလေးအပါအ၀င် လူအတော်များများက သိနေပြီ ဆိုပါတော့။ ကိုယ် တကယ် ချစ်ခင်စုံမက် နှစ်သက်မြတ်နိုးလို့ လက်ထပ်လိုက်တဲ့ အိမ်ထောင်ဖက် အမျိုးသမီးက ကိုယ့်ဆီမှာ ဂေါ်လီရှိနေမှန်း သိသွားချိန်မှာ သူဟာ ကိုယ့်ကို အောက်တန်းစားမှန်း၊ လိင်မှုကိစ္စမှာ မတရား ပွေလီသူမှန်း ရိပ်မိသွားပါတော့မယ်။ သည်အခါမှာ သူက ကိုယ့်ကို စာနာထောက်ထားတတ်တဲ့ ကိုယ်ကျင့်တရား ကောင်းမွန်တဲ့ လူသားတစ်ယောက်အဖြစ် လေးလေးစားစား ဆက်ဆံနိုင်ပါဦးတော့မလားဆိုတာ စဉ်းစားသင့်ပါတယ်။

ပြောသင့်တဲ့ စကားကို ပြောလိုက်ပါပြီ။ ကျန်တာကတော့ ကိုယ်တော်တို့ သဘောတော်မြတ်အတိုင်း ပါပဲခင်ဗျား။

အားလုံးတွေးဆ ဆင်ခြင်ကြည့်နိုင်ကြပါစေ

အတ္တကျော်
(ရန်ုကုန် – ၂၄၀၄၁၂)

ရည်ညွှန်း
http://www.ncbi.nlm.nih.gov/pmc/articles/PMC1011913/
http://www.ncbi.nlm.nih.gov/pubmed/20102449

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...