အရက်နှင့် ဆေးလိပ်ကြောင့်ဖြစ်သော မျက်စိပြဿနာများ




Q - အရက်ကြောင့်ဖြစ်တဲ့ မျက်စိပြဿနာတွေကို သိပါရစေ ဆရာ။
A - အရက်ကို အသင့်အတင့်ပဲ လူမူရေးအရ သောက်မယ်ဆိုရင်တော့ သာမန်အားဖြင့် မျက်စိမှာ ဘာပြဿနာမှ မရှိပါဘူး။ ဒါပေမဲ့ အရက်ကို စွဲသောက်တဲ့သူ (Chronic Alcoholism) တွေမှာဆိုရင်တော့ အရက်ကြောင့်ဖြစ်တဲ့ မျက်စိပြဿနာနဲ့ အရက်သောက်ပြီး အာဟာရချို့တဲ့မူကြောင့်ဖြစ်တဲ့ ပြဿနာဆိုပြီး နှစ်မျိုးဖြစ်နိုင်ပါတယ်။

Q - အရက်ကြောင့် ဘယ်လို မျက်စိပြဿနာကို ဖြစ်စေနိုင်ပါသလဲ ဆရာ။
A - အရက်ဆိုတဲ့နေရာမှာ သန့်စင်ထားခြင်းမရှိတဲ့ တောအရက် (Methanol)တွေဟာ ဓာတုအဆိပ်သင့်မူ (Chemical Poisoning)ကို ဖြစ်စေတာကြောင့် အဲဒီအရက်ကို သောက်မိတဲ့သူတွေမှာ ချက်ချင်းပဲ မျက်စိကွယ်သွားတတ်ပါတယ်။ အဲဒါကို Toxic Optic Neuropathy လို့ခေါ်ပါတယ်။ Toxic Optic Neuropathy ဖြစ်လာရင် မြင်ကွင်းက ကျဉ်းကျဉ်းသွားပြီး လမ်းလျှောက်တဲ့အခါ ဘေးဘက်ကပစ္စည်းတွေကိုမမြင်ဘဲ တိုးမိ၊ တိုက်မိတာတွေ ဖြစ်လာတတ်ပါတယ်။

Q – အရက်သောက်သူတွေမျာ ဘယ်လိုအာဟာရဓာတ်တွေ အဓိက ချို့တဲ့တတ်ပါသလဲ ဆရာ။
A - အရက်ကို အလွန်အကျွံသောက်ပြီး အစားအသောက်ကို ဂရုစိုက်မစားတဲ့သူတွေမှာ ဗီတာမင်ဘီဝမ်း၊ ဘီစစ်နဲ့ ဘီတွဲလ်ဓာတ်တွေ အဓိကထိခိုက်တတ်ပါတယ်။ ဒီဗီတာမင်တွေက နာ့ဗ်ကြောတွေအတွက် အရေးပါတဲ့ ဗီတာမင်တွေဖြစ်တာကြောင့် စက္ခုအာရုံကြောရောင်ရမ်းခြင်း (Optic Neuritis) ဖြစ်ပြီး မျက်စိကွယ်သွားနိုင်ပါတယ်။

Q – အရက်ကို သောက်သုံးရင် မျက်စိနီတာကကော ဘာကြောင်ပါလဲဆရာ။
A - အရက်(Alcohol) မှာ သွေးကြောတွေကို ကျယ်စေတဲ့ အာနိသင်(Vasodilation) ရှိပါတယ်။ ဒါကြောင့် ၀ိုင်နီကို တစ်နေ့တစ်ခွက်သောက်ပေးရင် ခန္ဓာကိုယ်မှာရှိတဲ့ သွေးကြော အထူးသဖြင့် နှလုံးသွေးကြောတွေကို ကျယ်စေတာကြောင့် ကျန်းမာရေးအတွက် ကောင်းမွန်တယ်လို့တောင် ဆိုကြပါတယ်။ ဒါပေမဲ့ အရက်ကစွဲလမ်းစေတတ်တဲ့ သဘောရှိတာကြောင့် စွဲသွားရင်၊ သောက်သင့်တဲ့ပမာဏထက် ပိုသွားရင်တော့ အန္တရာယ်ရှိပါတယ်။ အရက်ကို အသင့်အတင့်သောက်တဲ့အခါ မျက်စိသွေးကြောတွေကျယ်လာပြီး နီလာတတ်ပေမယ့် ပြဿနာမရှိပါဘူး။

Q – ဆေးလိပ်သောက်တာကြောင့်ကော မျက်စိမှာ ဘယ်လိုပြဿနာတွေ ဖြစ်စေနိုင်ပါသလဲ ဆရာ။
A - ဆေးလိပ်က အရက်ထက် ပိုဆိုးတာက ဆေးလိပ်သောက်တဲ့အခါ ခန္ဓာကိုယ်သွေးကြောတွေဟာ ကျဉ်းသွားတာကြောင့်ပါ။ ဒါကြောင့် ဆေးလိပ်သောက်ရင် မျက်စိမှာရှိတဲ့ စက္ခုအာရုံကြော (Optic Nerve) ကို ထိခိုက်မိပြီး နောက်ဆုံးမှာ မျက်စိကွယ်ခြင်း (Toxic Optic Neuropathy) ကို ဖြစ်စေနိုင်ပါတယ်။

ဆေးလိပ်သောက်သူတွေက အရက်သောက်သူတွေလောက်တော့ အာဟာရချို့တဲ့မူ မဖြစ်တတ်ကြပါဘူး။ ဆေးလိပ်သောက်ပေမယ့် ထမင်းစားချိန်တန်ရင် စားတက်ကြတာကြောင့်ပါ။ အရက်စွဲနေတဲ့သူတွေကတော့ အရက်ကို သောက်နေရရင်ကို အာသာပြေနေတာကြောင့် အစာကို ပုံမှန်မစားဖြစ်ဘဲ အာဟာရချို့တဲ့မူ ဖြစ်တတ်ကြပါတယ်။

Q – အရက်နဲ့ဆေးလိပ်ကို တွဲသောက်တဲ့သူတွေဆိုရင် မျက်စိမှာ ဘယ်လိုပြဿနာတွေကို ဖြစ်စေနိုင်ပါသလဲ ဆရာ။
A – အရက်နဲ့ ဆေးလိပ်ကို တွဲသောက်ရင်တော့ Toxic Optic Neuropathy က ဖြစ်နူန်းပိုမြန်ပြီး မြန်မြန်မျက်စိကွယ်စေနိုင်ပါတယ်။

 (ပါမောက္ခ ဦးတင်ဝင်း)

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...