ကမ္ဘာ့ ကျား/မ ကွာဟမှု ပိုမိုကျဉ်းမြောင်းလာသည်ဟုဆို

နယူးယောက်၊ အောက်တိုဘာ ၂၅


photo:google

ကျား/မ သာတူညီမျှ မရှိသည့် ကာလများ၊ နေရာများ ရှိခဲ့သော်လည်း ယနေ့ခေတ်တွင် ကျား/မ ကွာဟချက်များ ပိုမို ကျဉ်းမြောင်းလာလျက် ရှိကြောင်း ကမ္ဘာ့ စီးပွားရေးဖိုရမ် (World Economic Forum) က မှတ်တမ်းတင် ထုတ်ပြန်ခဲ့ကြောင်း BBC သတင်းတစ်ရပ်က ဖော်ပြထားသည်။

အိုက်စလန်၊ ဖင်လန်နှင့် နော်ဝေတို့က ၁၃၆ နိုင်ငံတွင် ထိပ်တန်းနိုင်ငံများ ဖြစ်ကြပြီး အမျိုးသမီးများ ၏ နိုင်ငံရေးတွင် ပါဝင်ပတ်သက်မှု၊ စီးပွားရေး၊ ပညာရေးနှင့် ကျန်းမာရေးတို့တွင် အမျိုးသားတို့နှင့် တန်းတူ အခွင့်အရေး ရရှိမှုစသည့် ပမာဏ မြင့်မားသဖြင့် ထိုသို့ ရပ်တည်နိုင်ကြခြင်း ဖြစ်သည်။

အရှေ့အလယ်ပိုင်းနှင့် မြောက်ပိုင်း အာဖရိကနိုင်ငံများ သည်သာလျှင် ပြီးခဲ့သည့် နှစ်များအတွင်း တိုးတက်မှု မရှိဆုံး နိုင်ငံများတွင် ပါဝင်ခြင်းဖြစ်ကာ ယီမင်က အောက်ဆုံးသို့ ရောက်နေသည်။အမျိုးသမီး အခွင့်အရေး သိသိသာသာ တိုးမြင့်လာသော နိုင်ငံများမှာ ဖိလစ်ပိုင်နှင့် နီကာရာဂွါတို့ ဖြစ်ကြပြီး ထိပ်ဆုံးဆယ်နိုင်ငံ စာရင်းပင် ဝင်ကြသည်။ ကမ္ဘာ့စီးပွားရေး ဖိုရမ်က အမျိုးသမီး ရေးရာနှင့် ပတ်သက်ပြီး ပြီးခဲ့သည့် ရှစ်နှစ်ကစ၍ နှစ်စဉ် အစီရင်ခံစာ ထုတ်ပြန်လေ့ ရှိသည်။


အိုက်စလန်နိုင်ငံသည် အမျိုးသမီးများအတွက် အကောင်းဆုံးနေရာအဖြစ် ငါးနှစ်ဆက်တိုက် ထိပ်ဆုံးမှ ရပ်တည် နိုင်သည့် နိုင်ငံအဖြစ် မှတ်တမ်းဝင်ထားသည်။

၂၀၀၆ ခုနှစ်နောက်ပိုင်းတွင် အမျိုးသမီး အခွင့်အရေး တန်းတူညီမျှရေးတို့ကို စောင့်ကြည့် အစီရင်ခံစာ ထုတ်ပြန်ခဲ့ရာ ၈၀ ရာခိုင်နှုန်းသော နိုင်ငံများသည် တိုးတက်မှုများ ရှိခဲ့ပြီး ကျန် ၂၀ ရာခိုင်နှုန်းက တိုးတက်မှုမရှိဘဲ နောက်တန်းတွင် ကျန်ခဲ့ကြောင်း အစီရင်ခံစာ နှစ်စဉ်ရေးသားခြင်းကို စတင် တည်ထောင်ခဲ့ပြီး ဝင်ရောက် ရေးသားသူ ဆာဒီရာဇာဟီဒီက BBC ကို ပြောကြားသည်။

အာရှထိပ်တန်း စီးပွားရေး နိုင်ငံကြီးများက ကျား/မ သာတူညီမျှရေးတွင် ထိပ်တန်းအဆင့် မရကြဘဲ တရုတ်က အဆင့် ၆၉ နှင့် ဂျပန်ကအဆင့် ၁၀၅ သာ ရရှိကြသည်။

အမေရိကန်ပြည်ထောင်စုက အဆင့် ၂၃ တွင် ရှိသည်။ အရှေ့အလယ်ပိုင်းနှင့် မြောက် အာဖရိက နိုင်ငံများတွင် အမျိုးသမီးများကို နှိပ်ကွပ် ချိုးနှိမ်မှုများ ရှိနေဆဲဖြစ်ပြီး ပညာပေးမသင်ခြင်း၊ အတင်းအဓမ္မ အိမ်ထောင်ချပေးခြင်း စသည်တို့ကို ကျင့်သုံးမှုများ ရှိနေသေးသည်။

နိုင်ငံတစ်ခု ဖွံ့ဖြိုးတိုးတက်စေလိုလျှင် နိုင်ငံ၏ လူသားတစ်ဝက်ခန့်ရှိသော အမျိုးသမီးများ၏ အင်အားကို မေ့မထားသင့်ကြောင်း ဖွံ့ဖြိုးရေး ပညာရှင်များက ပြောကြားကြသည်။

The Voice Myanmar

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...