Health Q and A ကျန်းမာရေး အမေး-အဖြေများ ၁၅-၁ဝ-၂ဝ၁၃ (၃)


အမေး (၁၂) ကလေး တစ်ယောက်နဲ့တစ်ယောက်ကို ၂ နှစ်လောက်ခြားပြီးမှ ယူတာအကောင်းဆုံးလို့ကြားဖူးပါတယ်။ ၂ နှစ်ဆိုတာက ပထမကလေး အသက် ၂ နှစ်ပြည့်မှစပြီးတော့ ကိုယ်ဝန်စတည်အောင်လုပ်ရမှာလား။ အခုပထမကလေးက အသက် (၁၄) လ ရှိသွားပါပြီ။ နောက်ထပ်ကလေးယူဖို့ အခုကတည်းက ပြင်ဆင်လို့ရပြီလားလို့သိချင်ပါတယ်ခင်ဗျား။

ကလေးယူတာကို ကိုယ့်အလုပ်၊ စီးပွါးရေးစတာတွေကိုလဲ ထည့်တွက်ကြလေ့ရှိပါတယ်။ ကျန်းမာရေးအရပြောရင် မိခင်လောင်း နေကောင်းနေရင် ဆက်ယူလဲရတာပါ။ ခြာနိုင်ရင်လဲ ပိုကောင်းပါတယ်။ တချို့ကြ အသက်မကြီးခင် ယူချင်ကြတာလဲရှိတယ်။

အမေး (၁၃) ဆရာ အမျိုးသမီး ရာသီပေါ်နေချိန်ကလွဲလို့ ကျန်နေ့တွေမှ အဖြူဆင်နေတာ ဘာဖြစ်လို့ပါလဲ။ ဘယ်လို ရောဂါမျိုးလဲ။ အန္တရာယ် ရှိပါသလား။ ဘယ်လိုကုသသင့်လဲ ဆိုတာ ဖြေကြားပေးပါ။

Vaginal Discharge မွေးလမ်းကြောင်းမှ အဖြူဆင်းခြင်း ကိုပို့လိုက်ပါတယ်။

အမေး (၁၄) ကျွန်မအသက်က ၂၉ ပါ။ ကျွန်မ ပါးအလယ်တနေရာက အပ်သေးသေးလေးနဲ့ အထိုးခံ၇သလို ဆူးခနဲ ဆူးခနဲ ဖြစ်ဖြစ်သွားပါတယ်။ ဘာအဖုအပိန့်မှလဲမ၇ှိပါဘူး လက်နဲ့ဖိကြည့်လဲမနာပါဘူး သူ့ဟာသူနေရင်းနဲ့ စူးခနဲ ဖြစ်ဖြစ်သွားတာပါ။ အစကတော့ သတိမထားမိပါဘူး ခဏဖြစ်တယ်ပဲထင်တာ အခုနောက်ပိုင်း နေ့တိုင်းလို သတိထားမိလာလို့ပါ။ ဆေးခန်းပြဖို့ လိုပါသလားရှင်။ ဘယ်လိုဆေးခန်းမျိုးကိုပြသင့်ပါသလဲ။ အရေပြားဆေးခန်းမျိုးကို ပြရမှာပါလားရှင်။ ဘာကြောင့်ဖြစ်မှန်းတော့ မသိပါ။

နာတယ်ဆိုတာ အနာခံတာကိုသိတဲ့အာရုံကြောမှာ တခုခုဖြစ်လို့ဖြစ်တယ်။ အဲလိုနေရာမှာဖြစ်တာက မစိုးရိမ်ရပါ။ ပါရာစီတမော သောက်နိုင်ပါတယ်။ နာတာအပြင် အာရုံကြောနေရာမှာ ရောင်နေတာကိုပါကျစေတယ်။ Neurobion ကိုလဲ သောက်နိုင်ပါတယ်။ ရက်တိုသာလိုပါမယ်။

အမေး (၁၅) မင်္ဂလာပါဆရာ။ ဆရာ့ဆောင်း ပါးတွေဖတ်ပြီး ဆရာလမ်းညွှန်တဲ့နည်းလမ်းနဲ့ (ဘက) ကျောင်းက ကိုရင်လေးတွေရဲ့ ယားနာ ပြည်တည်နာတွေကို ကုသပေးတာ အတော်ကို ပျောက်ကင်းချမ်း သာကုန်ပါတယ်ဆရာ။ စားဆေးလိမ်းဆေးတွေနဲ့ အဆင်ပြေနေပါတယ်။ ဘာတွေဆက်ပြီး လုပ်ပေးရမလည်းဆိုတာ ဆက်ပြီး ညွှန်ကြားစေလိုပါတယ်။ ဆေးလိမ်းပေး သောက်ဆေးလည်းပေးပါတယ်။ ပြည်တွေနဲ့ အနာတွေဖြစ်နေတာကို AMPICLOX သောက်ခိုင်းပါတယ် ဆရာ။

အခုမှ ဖတ်ဖြစ်တယ်။ အများကြီး ကျေးဇူးတင်ပါတယ်။ ဆရာလဲ ထပ်တူ ဝမ်းသာရတယ်။ ကိုယ်ထဲမှာ ပူးနေတာက ရောဂါရှာရတာ ခက်တယ်။ ဆရာဝန်တွေလဲ ပြထားလို့ မစိုးရိမ်ပါနဲ့။ ဆရာသိတာရှိရင် ပြန်ရေးပါမယ်။

အမေး (၁၆) လိပ်ခေါင်းအကြောင်းရေးထားတဲ့ link ရှိရင်ပေးပါရှင်။

Piles လိပ်ခေါင်းရောဂါ အမေး-အဖြေများ ကိုပို့လိုက်ပါတယ်။

အမေး (၁၇) ဆရာ ကျေးဇူးပြု၍ COLON CANCER အကြာင်းရှင်းပြပေးပါ။ ကျွန်တော့် အဖေမှာ ခွဲစိတ်ပြီး colon cancer stage 2 ဖြတ်ထုတ်ပြီး အလုံးရဲ့ နုတ်ခမ်းပတ်လည်မှာ cancer cell လွတ်ကြောင်းသိရပါတယ်။

Colorectal cancer အူမကြီး ကင်ဆာ ကိုပို့လိုက်ပါတယ်။

အမေး (၁၈) သမီးက ကလေးတွေကို အင်္ဂလိပ်စာသင်တဲ့ဆရာမပါရှင့်။ သမီးစာသင်တဲ့ ညီအစ်ကို ၃ ယောက်ရှိပါတယ်ရှင့်။ သူတို့ထဲက အလတ်နဲ့ အငယ်ကောင်ရဲ့ မျက်နှာနဲ့လက်တွေမှာ အဖြူစက်၊ အဖြူကွက်လေးတွေ ရှိပါတယ်ရှင့်။ အရေပြား အတွင်းထဲကလို့ ယူဆရပါတယ်ရှင့်။ ကျမသူတို့အိမ် စာသွားသင်တာ တစ်လကျော်ရှိပါပြီရှင့်။ ဟိုတနေ့က ကျမမှန်ကြည့်ရင်း ကျမမျက်နှာဘယ်ဘက်အောက်နားမှာအဖြူပြောက်လေး ဖြစ်နေတာ သတိထားမိပါတယ်ရှင့်။ အဲ့ဒါ ကလေးတွေဆီက ကူးတာလားဆိုတာ သံသယဖြစ်မိပါတယ်ရှင်။ အဲ့ဒီကလေးတွေကို စာဆက်သင်ရဦးမှာဖြစ်လို့ ဆောင်ရန် ရှောင်ရန်များ ကျေးဇူးပြု၍ပြောပြပေးပါရှင်။ သူ့အမေမျက်နှာမှာလည်း မသိမသာ အဖြူစက်လေးတွေတွေ့ရပါတယ်ရှင့်။ အဲ့ဒါအရေပြားရောဂါပါလားရှင်။ ကူးတတ်ပါသလားရှင်။ ကူးခံရမှာ အရမ်းကြောက်နေလို့ ကူညီဖြေကြားပေးပါရှင်။

Leukoderma (Vitiligo) သို့မဟုတ် ခရုသင်း ကိုပို့လိုက်ပါတယ်။

အမေး (၁၉) ဆရာ ကျွန်မသားသည် ၂ နှစ်ခွဲရှိပါပြီ။ ဆရာဝန် မညွန်ကြားပါဘူး၊ ကျွန်မတို့ဘာသာ ဝယ်တိုက်တာပါ။ အပ်ပီတန် အားဆေးဝယ်တိုက်ပါတယ်။ သူများတွေက အားဆေးဆိုတာ မလိုပဲ မတိုက်ရဘူးလို့ပြောပါတယ်။ ဟုတ်ပါသလားရှင်။ ပြီးတော့ ကလေးကို babi milk cream &lotion ရေချိုးဆပ်ပြာသုံးပါတယ်။ ဒီအရွယ် သုံးလို့ရပြီလားရှင်။ လူကြီးတွေက သနပ်ခါးပဲလိမ်း ဘာမှမလိမ်နဲ့လို့ပြောလို့ပါ။ သုံးလို့ရမရ ဆေးတိုက်လို့ရမရ ကျေးဇူးပြုပြီး ဖြေပေးပါရှင်။

ကလေးငယ်တွေကို ဆေးတိုက်တာ သတိထားတာ ကောင်းပါတယ်။ ၂ နှစ်ခွဲဆို သိပ်မငယ်လှပါ။ ကလေးအားဆေးဆိုရင် ဗီတာမင် (ဘီ) အုပ်စုသာများတယ်။ ပြောပြတဲ့ဆေးထဲမှာ ဘာတွေပါသလဲ မသိပါ။ အစာအာဟာရ ပြည့်စုံ-မျှတဘို့က ပဌမဖြစ်ပါတယ်။ ဆပ်ပြာသုံးတာလဲ ဘေဘီ ဆိုရင်ရမှာပါ။ ကလေးသုံးပေါင်ဒါတချို့ကိုသာ တားမြစ်ချက်ထုတ်တာရှိတယ်။ ကျန်းမာရေးသတင်းတွေကို သတိထားပြီး တားမြစ်ချက်ထုတ်တာ မဟုတ်ဘို့တော့ သတိရှိပါ။ သနပ်ခါးလို သဘာဝနည်းတွေကို ဆေးကဘေးမဖြစ်စေပါ။

အမေး (၂ဝ) ဆရာရှင့် တူလေးက အသက် ၁၁ လပါ။ အသက် ၈လ လောက်မှာ တစ်ခါ အခု အသက် ၁၁ လ မှာ တစ်ခါ တက်သွားပါတယ်။ ဆေးရုံ နဲ့ ဝေးတဲ့ မော်လမြိုင် မြို့ စွန်မှာ နေတာပါ ။ ကြိုတင်ကာကွယ်လို့ရပါသလား။ ဆောင်ရန် ရှောင်ရန်ကို သိချင်ပါတယ်။ ပထမ တစ်ခါက ဖျားပြီး တက်တာပါ။ နောက်တစ်ခါက ဘာမှမဖြစ်ပဲ ရေချိုးနေရင်း တက်သွားတာပါ။ နယ်က ဆရာဝန်နဲ့ ပြပါတယ်။ ပထမတစ်ခါက ဖြစ်တတ်ပါတယ်လို့ပဲပြောပါတယ်။ အခုနောက်တစ်ခါကတော့ ဒီနေ့ နေလည်ပိုင်းမှ စဖြစ်တော့ ဆရာဝန်မပြရသေးပါ။

ကိုယ်ပူမှ တက်တာလား။ မပူဘဲနဲ့တက်တာလား။ ဆရာဝန်ပြဘူးသလား Epilepsy အတက်ရောဂါ ဟုတ်-မဟုတ် စစ်သင့်တယ်။ အတက်ရောဂါဆိုရင်တော့ ဆေးနဲ့နေရမယ်။
Epilepsy (1) အတက်ရောဂါ (၁) နဲ့ Epilepsy (2) အတက်ရောဂါ (၂) တွေကိုပို့လိုက်ပါတယ်။

အမေး (၂၁) ဆရာ T3 T4 TSH စစ်ဆေးရတဲ့ ရောဂါအကြောင်းရှင်းပြပေးပါဦး ကျေးဇူးတင်စွာဖြင့်။

Thyroid လည်ပင်းကြီးရောဂါ နဲ့ Thyroid Function Tests လည်ပင်းကြီး ဟော်မုန်း စစ်ဆေးခြင်းတွေကိုပို့လိုက်ပါတယ်။

အမေး (၂၂) ဆရာရှင့် သားလေးရဲ့လိင်တံလေးကတိုနေပြီး ထိပ်ကလေးကလည်းပွင့်နေပါတယ်။ သားသားကအခု ၅ လပြည့်ပြီးပါပြီ။ မွေးတုန်း ၄ပေါင်၃အောင်စပဲ ရှိပါတယ် ။ လိမ်တံအတွက်စိတ်ပူစရာလိုမလိုသိပါရစေရှင့်။ ဘာကြောင့် ဖြစ်တာလဲကော သိလို့ရနိုင်ပါလားရှင့်။

ဒီအရွယ်မှာ သေးတယ်၊ ကြီးတယ်အပြောရခက်သေးတယ်။ ပုံပန်းက ပုံမှန် ဟုတ်မဟုတ် သိရမယ်။ အစေ့လေး နှစ်လုံးကိုလဲစစ်ပါ။ ဆီးသွားပေါက်လေးလဲစစ်ပါ။ တခြားရော ထူးခြားတာရှိရင် ပြောပါ။

အမျိုးသားကတော့ အစေ့လေးနှစ်ခုစလုံးပါတယ်ပြောပါတယ်။ ဆီးသွားပေါက်ကလေးက အလည်တည့်တည့်တော့ မကျပါဘူး။ မွေးကာစကတော့ ဆရာဝန်က ဆီးသွားပေါက်ကြီးပြီး အလည်သိပ်မကျဘူးလို့ ပြောပါတယ်။ ဆီးသွားနိုင်တဲ့အတွက် စိတ်မပူနဲ့လို့တော့မှာပါတယ်။ ကြီးမှစောင့်ကြည့်ရမှာပေါ့လို့ပဲဖြေပါတယ်။ ကြီးရင် ဘာများ ဖြစ်နိုင်လဲလို့ စိတ်တထင့်ထင့်နဲ့ပါဆရာ။ သားသားရဲ့ လိင်တံ ပုံလေးဆရာ့ကိုပြချင်ပါတယ်။ မရိုသေရာ ရောက်မှာစိုးလို့ အရင်ခွင့်တောင်းတာပါဆရာ။ နောက်ပြီး ပေါင်မပြည့်ပဲမွေးလာတာဆိုတော့ သိပ်လည်း မထွားဘူးရှင့်။ Tongue tie လေးဖြစ်နေတော.မွေးစက အမေနို့ကလည်း မစို့နိုင်တော့ နို့မှုန့်နဲ့တိုက်ရပါတယ်။ မွေးပြီး ၁ ပတ်မှာ Tongue tie ဖြတ်လိုက်တာမှာဖျားပြီး ဆေးရုံမှာ ၃ ပတ်နေလိုက်ရတော့ အမေနို့ကလည်းခမ်းသွားပါတယ်ရှင့်။ အဲဒီအချိန်ကတည်းက အခုထိ နို့လည်းသိပ်မစို့ပဲ အမေနို့ပဲ စို့ချင်နေတယ်။ အမေနို့ကလည်း တဖက်ပဲ နည်းနည်းထွက်တယ်။ ကျန်တဖက်က နို့ပါးစပ်ဖြစ်နေလို့ သူမစို့တော့ နို့မထွက်တော့ပါရှင်။ ၅ လပြည့်ပြီးမှာ 6.55 kg ပဲရှိပြီး နိုမှုန့် တခါသောက် 120 mm မှ 150 mm ကို ၃ နာရီ ၄ နာရီခြားတခါပဲ အိပ်ချင်မှုးတူးမှာတိုက်ရပါတယ်။ ကျန်အချိန်တိုက်လို့မရပါ။ ပြဿနာများရှိနိုင်ပါလား။ မိဘနှစ်ယောက်စလုံး အလုပ်လုပ်ပါတယ်။ အိမ်မှာ လောလောဆယ် အဘွားနဲ့ထားပြီး၊ နောက်တပတ်ဆို ကလေးထိန်းနဲ့ ထားခဲ့ရမှာဆိုတော့ စိတ်လည်းမကောင်း စိတ်လည်းပူပါတယ်ရှင့်။ သားသားကအမေ့နို့တောင်းတိုင်း တဖက်တည်းကိုပဲ တိုက်နေတော့ ကျမအမေ က နို့တဖက်တည်းကြီးလာရင် ဒုက္ခပဲ လို့ပြောပြောနေလို့ အဲဒါကောဖြစ်နိုင်လားဆရာ။ သူတို့က ကျမနို့က မထွက်တော့ မတိုက်စေချင်ဘူးရှင့်။ ကျမကတော့ သားသားစို့နေသရွေ့ နို့ထွက်ထွက်မထွက်ထွက် တိုက်ချင်တာပါပဲရှင်။

Nipple Crack and Fissure နို့တိုက်မိခင် နို့ထိပ်ကွဲနေခြင်း၊
Breast Milk Supply နို့ထွက်နည်းနေရင် နဲ့
Hypospadias မွေးရာပါ ဆီးပေါက်နေရာလွဲခြင်းတွေကိုပို့လိုက်ပါတယ်။

အမေး (၂၃) ဆရာ ကျွန်တော်တစ်ခုလောက်မေးလို့ရမလား မသိဘူး။ ဆရာကနှံ့စပ်တော့ သိနိုင်မယ်ထင်လို့ အကူအညီ တောင်းတာပါ။ ၁၈ -၆-၂ဝ၁၃ ကစတင်တာဝန်ထမ်းဆောင်တဲ့ အာဆီယံအတွင်းရေးမှူးချုပ် နာမည်လေး သိချင်လို့ပါဆရာ အဆင်ပြေမှ ပြန်ဖြေပေးပါဆရာ။ ဆရာ့ကိုအလုပ်ပိုစေမိသလိုဖြစ်မှာလည်း စိုးရိမ်မိပါတယ်။

Mr. Le Luong Minh

ကျေးဇူးဆရာ။ နေကောင်းတယ်မလားဆရာ အခုနောက်ပိုင်းဆရာ့စာတွေသိပ်မမြင်မိဘူးလားလို့ တက်ချိန်ချင်း မတူတာလားတော့မသိဘူး။

https://www.facebook.com/pages/Dr-Tint-Swe/490031307758025?skip_nax_wizard=true

ဒေါက်တာတင့်ဆွေ

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...