သားစိုးရဲ့ Miss ရွှေပိုးနန်းတော်၊ Manhunt 2013 နဲ့ ခင်စုစုနိုင် DVD ပရိုမိုးရှင်း ကျင်းပပြီးစီး

 
  
  
  
 

ရောသမမွှေတဲ့ သားစိုးရဲ့ Miss ရွှေပိုးနန်းတော် ဆုချီးမြှင့် ပြီးစီး

အမြဲတမ်းတခုခုတော့ မွှေတတ်တဲ့ သားစိုးတယောက်ကတော့ ဒီတခါသူဖွင့်ထားတဲ့ ရွှေပိုးနန်းတော်ပိုး ထည်ဆိုင်မှာ ၀ယ်ယူအားပေးတဲ့ မိန်းမလှလေးတွေကို ကျေးဇူးတုံ့ပြန်တဲ့အနေနဲ့ Miss ရွှေပိုးနန်းတော်ပြိုင် ပွဲ ပြုလုပ်ပြီး အလှမယ်တွေ ရွေးချယ်ခဲ့ပြီး ဖြစ်ပါတယ်။

ပြိုင်ပွဲကိုတော့ စက်တင်ဘာ ၂၉ ရက်နေ့မှာ Park Royal Hotel မှာကျင်းပပြုလုပ်ခဲ့တာပါ။

ပြိုင်ပွဲ ကျင်းပနေစဉ်မှာ ပိုးထည်တွေကို ဒီဇိုင်းထွင် ချုပ်ပြီး နာမည်ကြီး သရုပ်ဆောင်တွေ၊ မော်ဒယ်လ်တွေ ကို ၀တ်ဆင်စေကာ Show တင်ဆက် ပြသခဲ့ပါတယ်။ ဒါ့အပြင် သားစိုးက သူ့ဆိုင်ရဲ့ ဖောက်သည်တွေ ကို ကျေးဇူးတုံ့ပြန်တဲ့ အနေနဲ့ ပိုးထည်တွေကို Discount ပေး ရောင်းချတဲ့အပြင်၊ နှစ်ထည်ဝယ် တထည် လက်ဆောင်ပေး အစီအစဉ်၊ တထည်ဝယ် တထည် လက်ဆောင်ပေး အစီအစဉ်နဲ့ ရောသမမွှေ ရောင်းချ ခဲ့တယ်လို့ သိရပါတယ်။

ပရိသတ်တွေနဲ့ ဖောက်သည်တွေကလည်း ကျေနပ်ဝမ်းမြောက်စွာ ၀ယ်ယူခဲ့တာကို တွေ့မြင်ခဲ့ရပါတယ်။ ဒါ့အပြင် Miss ရွှေပိုးနန်းတော် ဆုတွေကို ရွေးချယ်တဲ့အခါမှာတော့ Miss Internet ဆုအနေနဲ့ Facebook မှာ Like အများဆုံးရခဲ့တဲ့ စိမ့်ရှားလဲ့ကို ဆုငွေကျပ် ငါးသိန်း၊ Miss ရွှေပိုးနန်းတော်ဆု အနေနဲ့ ဆုငွေ ကျပ်ငါးသိန်းစီကို အသက် ၃၀ နှစ်အောက် Miss ရွှေပိုးနန်းတော် 2013 ဆုရတဲ့ ချောရူပါသက်၊ အသက် ၃၀ နှစ်အထက် Miss ရွှေပိုးနန်းတော် 2013 ဆုရတဲ့ စန်းမြဝေတို့ကို ချီးမြှင့်ခဲ့ပြီး နှစ်သိမ့်ဆုတွေကို ရှုမ၀နဲ့ သူဇာဝင်းတို့ကို ချီးမြှင့်ခဲ့ပါတယ်။

Miss ရွှေပိုးနန်းတော်ဆု ရရှိသူတွေကို သားစိုးက တနှစ်စာချုပ်ချုပ်ပြီး အနုပညာလုပ်ငန်းတွေ လုပ်ကိုင် သွားမယ်လို့ သိရပါတယ်။

MANHUNT 3 ဆု နေဝင်း ဆွတ်ခူး

Myanmar Model Management ကစီစဉ်ကျင်းပတဲ့ MAN OF THE YEAR 2013 တတိယအကြိမ်မြောက် အကြီးကျယ်ဆုံး အမျိုးသား မော်ဒယ်လ် ရွေးချယ်ပွဲ (MANHUNT 3) ကိုစက်တင်ဘာ ၂၈ ရက်နေ့က STRAND HOTEL မှာ ကျင်းပ ပြုလုပ်ခဲ့ ရာမှာ အမြင့်ဆုံး Manhunt ဆုအတွက် ငွေကျပ် ၁၅ သိန်း ကို နေ၀င်းကရရှိပြီး First Runner Up ဆု ငွေကျပ် ခုနစ်သိန်းကို ကျော်ကိုကိုဝေနဲ့ Second Runner Up ဆုငွေကျပ် ငါးသိန်းကို ထွန်းနိုင်ဦး တို့က အသီးသီး ဆွတ်ခူး ရရှိခဲ့ပါတယ်။

ပြိုင်ပွဲမှာ ပါဝင်ယှဉ်ပြိုင်သူများစွာ ထဲကမှ ဆန်ခါတင် အယောက် ၃၀ ကို အဆင့်ဆင့် ရွေးချယ် ယှဉ်ပြိုင်စေခဲ့တာ ဖြစ်ကြောင်း သိရပါတယ်။

၃၀ ထဲက ဆန်ခါတင် ၁၂ ဦး ရွေးချယ်ခဲ့ပြီး အဲဒီအထဲကမှ အနုပညာ အရည်အသွေး (Talent) ရှိတဲ့ သူ ၅ ဦးကို ရွေးချယ်ကာ Manhunt 2013 ကို ချီးမြှင့်ခဲ့တာပါ။

ယှဉ်ပြိုင်တဲ့ ပြိုင်ပွဲဝင် အမျိုးသားတွေဟာ ကျန်းမာသန်စွမ်းပြီး အနုပညာ အရည်အချင်း ပြည့်ဝသူ၊ အနုပညာကို အမှန်တကယ် ၀ါသနာပါတဲ့ သူတွေလို့ သိရပါတယ်။

ပြိုင်ပွဲဝင်တွေကို Sport Wear နဲ့ Casual ၀တ်စုံ နှစ်မျိုး ၀တ်ဆင် ယှဉ်ပြိုင်စေခဲ့ပါတယ်။ ပထမဆုံး Title ဆုတွေကို ချီးမြှင့်ရာမှာ Mr. Wellman အတွက် ဆုငွေကျပ် ငါးသိန်းကို ကျော်ကိုကိုဝေက ရရှိပြီး Mr. Casabella ဆုအတွက် ငွေကျပ် သုံးသိန်းကို ကျော်နေထွန်းတို့က အသီးသီး ရရှိခဲ့ပါတယ်။

Mr. Maxmate ဆုအတွက် ဆုငွေကျပ်ငါးသိန်းကို ကာရာနဲ့ Mr. Best Skin ဆုငွေကျပ်သုံးသိန်း ကို နေ၀င်းတို့က ရရှိပြီး Mr. Best Hair Style အတွက် ဆုငွေကျပ်သုံးသိန်းကို သီဟကိုကိုဇင်က ရရှိခဲ့ပါ တယ်။ Mr. Best Body ဆု (1 Year Membership) ကို နိုင်နိုင်း၊ Mr. Idol ဆုအတွက် ငွေကျပ်တသိန်းကို ဖြိုးဇင်မောင်နဲ့ Mr. People Choice Award ဆုအတွက် ငွေကျပ် သုံးသိန်းကို ဖိလစ်ဇော်က ရရှိခဲ့ပါတယ်။

Title ဆုတွေ ချီးမြှင့်ပြီးတဲ့ အချိန်ကျမှ Manhunt 2013 ကို ရွေးချယ်ခဲ့တာပါ။ ပြိုင်ပွဲယှဉ်ပြိုင်နေစဉ် တလျှောက်လုံးမှာလည်း Myanmar Model Management ရဲ့စီစဉ်မှုအနေနဲ့ ဖျော်ဖြေရေး အစီအစဉ်တွေ၊ Sponsor Company Brand Show တွေနဲ့ တင်ဆက်ခဲ့ပါတယ်။

ခင်စုစုနိုင်ရဲ့ ချစ်မြဲအတိုင်း ချစ်မယ် DVD Promotion ပွဲကျင်းပ


Melody World မှာ ဆုရခဲ့တဲ့ အဆိုတော် ခင်စုစုနိုင်ရဲ့ ချစ်မြဲအတိုင်းချစ်မယ် DVD Promotion ပွဲအခမ်းအနားကို စက်တင်ဘာ ၂၈ ရက်နေ့က Junction Square မှာ ကျင်းပပြုလုပ်ခဲ့ပါတယ်။ ခင်စုစုနိုင်ရဲ့ အခွေမှာ သီချင်း ၁၂ ပုဒ် ပါဝင်ပြီး The Sun Music က ဖြန့်ချိမှာဖြစ်ကြောင်း သိရပါတယ်။

Promotion ပွဲနေ့မှာ ခင်စုစုနိုင်က သူ့ရဲ့ အနုပညာ မောင်နှမတွေနဲ့ အတူ ပရိသတ်တွေကို သီဆိုဖျော်ဖြေပြီး အမှတ်တရ လက်မှတ် ရေးထိုးပေးခဲ့ ပါတယ်။

သူ့ရဲ့အခွေနဲ့ ပတ်သက်ပြီး ခင်စုစုနိုင်က ပရိသတ်တွေအတွက် ကြိုးစားထားကြောင်း၊ သူ့သီချင်းတွေကို ပရိသတ်က အားပေးတဲ့အတွက် ၀မ်းသာကြောင်း ဟြေပါတယ်။

“ညီမ ဒီအခွေကို Audio CD မထွက်ခင် ကတည်းက ကြိုးစားထားတာဆိုတော့ နှစ်နှစ်လောက် ကြိုးစားထားပါတယ်။ ညီမ ပရိသတ် ကြိုက်မယ် ထင်တာလေးတွေကို ကြိုးစားပြီး ချပြထားတာပါ။ ပရိသတ်ကို ချပြပေမယ့် ကိုယ်တိုင်တော့ အားမရသေးပါဘူး။ Audio CD ထွက်တုန်းကတော့ အရုပ်မပါတဲ့ အတွက် တချို့ပရိသတ်တွေက မသိသေးတာလည်း ရှိတယ်လေ။ ကိုယ့်ကို အမြဲအားပေးနေတဲ့ ပရိသတ်ကကျတော့ Title သီချင်းလေးနဲ့ ငါ့ဘ၀ငါ့အိန်ဂျယ် သီချင်းကို ကြိုက်တယ်လို့ ဟြေကြတယ်။ သီချင်းတောင်း ကဏ္ဍတွေနဲ့ ပြိုင်ပွဲတွေမှာ ညီမ သီချင်းလေးတွေကို ဆိုတာ တွေ့ရတဲ့ အတွက်လည်း အရမ်းပျော်ပါတယ်။ ညီမ သီချင်းဆိုတဲ့ အခါမှာလည်း ခံစားချက် တခုပါအောင် ဆိုပါတယ်။ ပရိသတ် အကြိုက်နဲ့ ကိုယ့်အကြိုက် ထပ်တူကျသွားလို့ ညီမကို ပရိသတ်က လက်ခံ အားပေးတာပါ” လို ခင်စုစုနိုင်က ဆိုပါတယ်။

Title သီချင်း ချစ်မြဲအတိုင်း ချစ်မယ် ဆိုတာက ချစ်သူအတွက် ရည်ရွယ်ပြီး ပေးထားတာ မဟုတ်ပါဘူးတဲ့။ သီချင်း ရေးပေးတဲ့ ကို R ခိုင်ကို မေးကြည့်မှသိမယ်လို့ သူက ဆက်ပြောပါတယ်။

“ညီမအတွက် အချစ်က Love Is Blind လို့တော့ ဟြေလို့ရပါတယ်။ ညီမက အခု ညီမရဲ့ချစ်သူထက် ချစ်ရမယ့်သူကို မတွေ့ဖူးသေး ပါဘူး။ အဲဒါကြောင့်ပဲ သူ့ကို ချစ်နေတာထင်ပါတယ်။ ညီမရဲ့ အခွေလေးကို လည်း ပရိသတ်တွေ အားပေးပါဦးလို့ ဟြေချင်ပါတယ်” ဆိုပြီး ခင်စုစုနိုင်က ဧရာဝတီက တ ဆင့် ဟြေသွားပါတယ်။

ဧရာဝတီသတင်း

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...