Nobel Prize အကြောင်း တစေ့တစောင်း

2013 ခုနှစ် အတွက် နိုဗယ်လ်ဆုတွေ ကြေငြာနေ တဲ့အချိန်မှာ နိုဗယ်လ်ဆု အကြောင်း တစေ့တစောင်း ဖော်ပြ ပေးလိုက် ပါတယ်။ လူတိုင်းသိတဲ့ Alfred Nobel မှစတင် လာခဲ့တဲ့ နိုဗယ်လ်ဆုပာာ ဘယ်လို သမိုင်းကြောင်းတွေ ရှိခဲ့လဲ။


နိုဗယ်လ်ဆုဟာ ကမ္တာနဲ့ အဝှမ်း ငြိမ်းချမ်းရေး၊ ယဉ်ကျေးမှုနဲ့ သိပ္ပံ ပညာရပ် နယ်ပယ် အသီးသီးမှာ ထူးခြား ပြောင်မြောက်တဲ့ ရှာဖွေတွေ့ရှိမှု တွေ၊ တီထွင် ဖန်တီးမှု တွေနဲ့ စွမ်းစွမ်းတမံ ဆောင်ရွက်ချက် တွေကို အသိအမှတ် ပြုပြီး ဆွီဒင်နဲ့ နော်ဝေး နိုင်ငံရှိ သက်ဆိုင်ရာ ကော်မတီ တွေ က နှစ်စဉ် ချီးမြှင့်တဲ့ နိုင်ငံ တကာ မျက်နှာစာမှာ ဂုဏ်အရှိဆုံး ဆုတွေပဲ ဖြစ်ပါတယ်။ ရူပ ဗေဒဆု၊ ဓာတု ဗေဒဆု၊ ဇီဝကမ္မ ဗေဒနှင့် ဆေးပ ညာဆု၊ စာပေဆုနဲ့ ငြိမ်းချမ်းရေး ဆုတွေကို ၁၉၀၁ ခုနှစ် ကတည်းက အပ်နှင်း ခဲ့တာ ဖြစ်ပြီး စီးပွား ဆိုင်ရာဆု ကိုတော့ ဆွိဒစ်ရှ် ဗဟို ဘဏ် (Sveriges Riksbank) နှစ် သုံးရာပြည့် အထိမ်းအမှတ် အဖြစ် ရံပုံငွေ မတည်ကာ Alfred Nobel ကို အမှတ်ရ တဲ့အနေနဲ့ ၁၉၆၈ ခုနှစ်မှာ ထည့်သွင်း အပ်နှင်း ခဲ့တာပါ။ ၁၉၀၁ ခုနှစ်မှ ၂၀၁၂ အထိ ဆုပေါင်း ၅၅၅ ခုကို လူပုဂ္ဂိုလ်နဲ့ အဖွဲ့ အစည်းပေါင်း ၈၆၃ ခုကို အပ်နှင်း ခဲ့ပြီး ဖြစ်ပါတယ်။ ဆွီဒင်ဟာ ကမ္ဘာ စစ်ပွဲ တွေမှာ ကြားနေ နိုင်ငံ ဖြစ်ပေမယ့် ပထမ ကမ္ဘာစစ် အတွင်း (၁၉၁၄ - ၁၉၁၈) နဲ့ ဒုတိယ ကမ္ဘာစစ် အတွင်း (၁၉၃၉ - ၁၉၄၅) တွေမှာ ဒေသတွင်း နိုင်ငံရေး မတည် ငြိမ်မှု တွေကြောင့် နိုဗယ်လ် ဆုပေးပွဲတွေ မကျင်းပ နိုင်ခဲ့ပါဘူး။



ဒိုင်းနမိုက် အပါအဝင် ပေါက်ကွဲ စေတတ်တဲ့ ပစ္စည်းတွေကို တီထွင်ခဲ့တဲ့ ဆွီဒင် နိုင်ငံသား Alfred Nobel ဟာနေမဝင် စက်မှု အင်ပါယာကြီးကို ပိုင်ဆိုင်ထား သူတစ်ဦး ဖြစ်ရုံမက စာပေ၊ ကဗျာ စတာ တွေကို ဝါသနာ ထုံသူ တစ်ဦးလည်း ဖြစ်ပါတယ်။ ဇီဝကမ္မ ဗေဒနဲ့ ဆေးသုတေသန တွေ ကိုလည်း တစိုက် မတ်မတ် အားပေး ချီးမြှောက် ခဲ့ပါ သေးတယ်။ ၁၈၈၉ ခုနှစ်ရဲ့ နေ့တစ် နေ့မှာ သူ့အစ်ကို Ludvig Nobel ရဲ့ နာရေးကြော် ငြာမှာ "သေမင်းကုန်သည်၏ ဈာပန" ဆိုတဲ့ စာသားကို တွေ့ရှိပြီး သူသေ သွားရင်လည်း လူတွေက သူ့ကို ဒီလိုပဲ မြင်ကြတော့ မှာပဲလို့ တွေး ကြောက်သွား ခဲ့ပါတယ်။ ဒါကြောင့် Alfred Nobel ဟာ ၁၈၉၅ ခုနှစ်မှာ နောက်ဆုံး သေတမ်းစာကို ပြင်ဆင် ရေးသား ခဲ့ပြီး သူချန်ခဲ့တဲ့ အမွေ တွေကို ဖော်ပြပါ ဆုတွေ အဖြစ် နှစ်စဉ် ခွဲဝေ ပေးဖို့ ပြဋ္ဌာန်း ဖော်ပြထား ရာကနေ သူ့ကို ဂုဏ်ပြုတဲ့ အနေနဲ့ နိုဗယ်လ်ဆု ရယ်လို့ ပေါ်ပေါက် လာရတာ ဖြစ်ပါတယ်။ Alfred Nobel ဟာ အသက် ၆၃ နှစ် အရွယ်မှာ ဦးနှောက် သွေးကြောပေါက် လေဖြတ်ရောဂါနဲ့ အီတလီ နိုင်ငံ San Remo ရှိ သူ့အိမ်ဂေ ဟာကြီးမှာပဲ ဆုံးပါး သွားခဲ့ပါတယ်။



နိုဗယ်လ်ဆု ရံပုံငွေကို နိုဗယ်လ် ဖောင်ဒေးရှင်းမှ စီမံ ခန့်ခွဲပြီး တော်ဝင် ဆွိဒစ်ရှ် သိပ္ပံ အကယ်ဒမီ (Royal Swedish Academy of Sciences) က ရူပဗေဒ၊ ဓာတုဗေဒနဲ့ စီးပွားရေး ဆိုင်ရာ ဆုတွေကို နှစ်စဉ် ရွေးချယ် ပါတယ်။ Karolinska Institutet ကတော့ ဇီဝကမ္မဗေဒနဲ့ ဆေးပညာ ဆုကို ရွေးချယ်ပြီး The Swedish Academy ကတော့ စာပေ ဆုကို တာဝန်ယူ ရပါတယ်။ ငြိမ်းချမ်းရေး ဆုကိုတော့ နော်ဝေး နိုဗယ်လ်ဆု ကော်မတီမှ ရွေးချယ် အပ်နှင်း ပါတယ်။ ဆုရွေး ချယ်ရေး ကော် မတီ တွေက တစ်နှစ်ခန့် ကြိုတင်ကာ သက်ဆိုင်ရာ ပညာရပ် နယ်ပယ် အသီး သီးမှ ပညာရှင် ပေါင်း ၃၀၀၀ ကျော်ကို ဆုရသင့် သူတို့ရဲ့ နာမည် စာရင်းကို တင်သွင်း စေပြီး ကော်မတီက စည်းဝေး ရွေးချယ် ကြတာ ဖြစ်ပါ တယ်။ နာမည် စာရင်းပါ ပုဂ္ဂိုလ်များကို အသိ မပေး ထားဘဲ အစည်းအဝေး ဆုံးဖြတ် ချက်သာ အတည် ဖြစ်ပါတယ်။



ဆုတစ် ဆုကို လူသုံးဦး ဒါမှမဟုတ် တွေ့ရှိ တီထွင်မှု နှစ်မျိုး အထိပေး နိုင်ပါတယ်။ ခုနှစ်ပိုင်း တွေမှာ တွေ့ရှိမှု၊ တီထွင်မှု အသစ်တွေဟာ တစ်ခါ တရံ သုံးဦး ထက်မနည်း လေ့လာ စမ်းသပ်ပြီးမှ ရလာ တာတွေ ရှိလာ တာမို့ ဒီသတ်မှတ် ချက်ပာာ စိန်ခေါ်ခြင်း ခံနေရ ပါတယ်။ ငြိမ်းချမ်းရေး ဆုကိုတော့ အဖွဲ့အစည်း တွေကိုပါ ပေးနိုင်အောင် စည်းကမ်း သတ်မှတ်ချက် ထားရှိ ပါတယ်။ နောက်စည်းကမ်း ချက်တစ်ခု ကတော့ သေဆုံး သူတွေကို ဆုမ အပ်နှင်း တာပါပဲ။ ဒါပေမယ့် စီးပွားရေး ပညာရှင် William Vickrey လိုမျိုး ဆုကြေငြာပြီး ဆုမ အပ်နှင်းမီ ဆုံးပါး သွားသူတွေ ရှိခဲ့ဖူး ပါတယ်။ ၂၀၁၁ ခုနှစ်ရဲ့ ဆေးပညာဆု ရရှိခဲ့တဲ့ သုံးဦး အနက်မှ Ralph M. Steinman ဟာ ဆုမ ကြေငြာမီ သုံးရက် အလိုကမှ သေဆုံး သွားခဲ့ပြီး နိုဗယ်လ်ဆု ကော်မတီက မသိရှိ ခဲ့တာကြောင့် ဆုကြေငြာ ခဲ့ပါတယ်။ သူသေဆုံး သွားပြီး ပေမယ့် လူသားတို့ ကောင်းကျိုး အတွက် ပေးအပ် ခဲ့တာမို့ ဆုကို ပြန်မရုတ် သိမ်းခဲ့ပါဘူး။



နိုဗယ်လ်ဆု ပေးအပ်ပွဲကို Alfred Nobel သေဆုံးတဲ့ နေ့ဖြစ်တဲ့ ဒီဇင်ဘာလ ၁၀ ရက်နေ့မှာ ဆွီဒင်နိုင်ငံ စတော့ဟုမ်းမြို့မှာ ကျင်းပ ပါတယ်။ ငြိမ်းချမ်းရေး ဆုကိုတော့ တစ်ချိန် တည်းမှာပဲ နော်ဝေး နိုင်ငံမှာ အပ်နှင်း ပါတယ်။ ဆုရှင် တွေဟာ နိုဗယ်လ်ဆု လက်မှတ်တစ်ခု၊ နိုဗယ်လ်ဆု တံ ဆိပ်ပြား တစ်ခုနဲ့ ဆုကြေးငွေ တို့ကို ရရှိ ပါတယ်။ ဆုလက်မှတ် တစ်ချပ်စီဟာ ဆွီဒင်နဲ့ နော်ဝေး နိုင်ငံတို့မှ စာလုံး အနုပညာရှင် အကျော် အမော် တို့ရဲ့ နှစ်ခု မရှိတဲ့ သူမတူတဲ့ အနုပညာ လက်ရာ တွေပါ။ ဆုပြား မှာတော့ Alfred Nobel ရဲ့ ပုံတူနဲ့ သူမွေးဖွား သေဆုံးတဲ့ ခုနှစ်တွေ ကို ရိုက်နှိပ် ထားပြီး အခြား တစ်ဖက် မှာတော့ ဆုချီး မြှင့်တဲ့ ဌာနပေါ် မူတည်ပြီး ဒီဇိုင်း ကွဲပြား ပါတယ်။ ဆုကြေး ငွေကို နိုဗယ်လ် ကော် မတီက နှစ်စဉ် သတ်မှတ် ပေးပြီး ၂၀၁၃ ခုနှစ် အတွက် ဆုတစ် မျိုးစီကို ဆွိဒစ်ရှ် ငွေသား ရှစ်မီလျံ သတ်မှတ် ထားပါတယ်။ ဒီဇင်ဘာ ၁၀ ရက် နေ့မှာ အဆုံး သတ်တဲ့ နိုဗယ်လ် ရက်သတ္တ ပတ်မှာတော့ ပညာရပ် နယ်ပယ် အသီးသီးက ဆုရှင်တွေဟာ သူတို့ လုပ်ဆောင်ခဲ့ ရတာ တွေကို ဟောပြော ပေးရတဲ့ အစဉ်အလာ ရှိပါတယ်။ ဒီဇင်ဘာ ၁၀ ရက်မှာတော့ ညစာ စားပွဲကြီး ကျင်းပပြီး နိုဗယ်လ် ဆုချီးမြှင့်ပွဲကို အဆုံးသတ် ပါတယ်။ ၁၉၇၉ ခုနှစ် မှာတော့ ငြိမ်းချမ်းရေး ဆုရှင် မာသာ ထရီဇာရဲ့ ပန်ကြား ချက်အရ ဒီညစာ စားပွဲအတွက် ကုန်ကျ စရိတ် အမေရိကန် ဒေါ်လာ ၇၀၀၀ ခန့်ကို အိမ်ခြေ ရာမဲ့ နှစ်ထောင် ခန့်ကို ခရစ် စမတ် နေ့မှာ ညစာ ကျွေးဖို့ သုံးစွဲခဲ့ ပါတယ်။



နိုဗယ်လ်ဆု ဟာလည်း ဒွိဟ ဖြစ်ဖွယ်တွေ များစွာနဲ့ ဒွန်တွဲနေ ပါသေးတယ်။ ဝေဖန် အခံရဆုံး နိုဗယ်လ်ဆု ကတော့ ၁၉၇၃ ခုနှစ် တုန်းက အ မေရိကန် အတွင်းဝန် Henry Kissinger နဲ့ဗီယက်နမ် ခေါင်းဆောင် Le Duc Tho တို့ကို ပူးတွဲ ပေးအပ် ခဲ့တဲ့ ငြိမ်းချမ်းရေး ဆုပါပဲ။ Kissinger ဟာငြိမ်းချမ်းရေး လိုလားသူ မဟုတ်တာ နိုင်ငံ တကာက သိရှိ နေပြီး ဗီယက်နမ် ခေါင်းဆောင် ကတော့ သူ့နိုင်ငံ ငြိမ်းချမ်းသေး တာမဟုတ်လို့ ဆုကို ငြင်းပယ် ခဲ့ပါတယ်။ ဆုရွေးချယ် ရေးအဖွဲ့ နှစ်ဦးလည်း အဲဒီနှစ်မှာပဲ နှုတ်ထွက် သွားခဲ့ ပါတယ်။ Yasser Arafat, Shimon Peres နဲ့ Yitzhak Rabin တို့ကို ပူးတွဲ ပေးအပ် ခဲ့တဲ့ ၁၉၉၄ ငြိမ်းချမ်းရေး ဆုကို ကြေငြာ အပြီး မှာတော့ ကော်မတီ ဝင်တစ်ဦးက Arafat ဟာ စစ်သွေး ကြွ သောင်းကျန်းသူလို့ ကြေငြာပြီး အဖွဲ့မှ နှုတ်ထွက် ခဲ့ပါသေးတယ်။ ၂၀၀၉ မှာလည်း အမေရိကန် သမ္မတ Barack Obama ကိုယ်တိုင်က သူပာာ ငြိမ်းချမ်းရေး ဆုနဲ့ မထိုက်တန် သေးကြောင်း ကိုယ်တိုင် ဝန်ခံ ပြောကြား သွားခဲ့ ပါတယ်။ သိပ္ပံ နယ်ပယ် မှာလည်း ၁၉၄၉ ခုနှစ်က ပေါ်တူဂီမှ ဦးနှောက်နှင့် အာရုံကြော ပါရဂူ Antonio Egas Moniz ဆေးပညာဆု ရရှိ အပြီးမှာ ဒီဆုရဲ့ အရှိန် အဝါရယ် နာမည်ကျော် The New England Journal of Medicine ဆေးပညာ ဂျာနယ် တို့ရဲ့ ထောက်ခံ အားပေးမှု တွေကြောင့် လူ့ကျင့်ဝတ် ပိုင်းဆိုင်ရာ ဒွိဟ တွေနဲ့ ငြိစွန်း နေတဲ့ စိတ်ရောဂါ ဝေဒနာ ရှင်တွေကို ကုသတဲ့ ဦးနှောက် ရှေ့ပိုင်း ထုတ်တဲ့ ခွဲစိတ်မှုတွေ တဟုန်ထိုး ခေတ်စား လာတာဟာ နိုဗယ်လ်ဆုရဲ့ မကောင်းတဲ့ ရိုက်ခတ်မှု တွေပါပဲ။



နိုဗယ်လ်ဆုကို ရသင့်လျက်နဲ့ မရခဲ့ သူတွေလည်း သမိုင်းမှာ အမြောက်အများ ရှိခဲ့ပါတယ်။ အထင်ရှားဆုံး ကတော့ ငြိမ်းချမ်းရေး ဂုရုကြီး မဟ တ္တမဂန္ဓီပဲ ဖြစ်ပါတယ်။ အကြိမ်ကြိမ် နာမည် စာရင်း တင်သွင်း ခြင်းခံခဲ့ ရပြီး နောက်ဆုံး အကြိမ် နာမည် စာရင်း တင်သွင်းခြင်း မခံရမီ သုံးရက် အလိုမှာ လုပ်ကြံခံ ခဲ့ရတာပါ။ အဲဒီ ၁၉၄၈ ခုနှစ် မှာတော့ ဂန္ဓီကို အမှတ်ရ တဲ့အနေနဲ့ သက်ရှိ ထင်ရှား ရှိသူတွေ ထဲက ငြိမ်းချမ်းရေး နိုဗယ်လ် ဆုကို ပေးအပ်ဖို့ သင့်လျော်သူ မရှိကြောင်း ကြေငြာပြီး ငြိမ်းချမ်း ရေးဆုကို မချီးမြှင့် ခဲ့ကြပါဘူး။ စာပေ နယ်ပယ် မှာလည်း လီယိုတော် စတွိုင်းနဲ့ မာ့ခ်တွိန်း တို့လို စာပေ ပညာရှင် ကြီးတွေ ချီးမြှောက်ခြင်း မခံခဲ့ ကြရပါဘူး။



နိုဗယ်လ်ဆု သမိုင်းမှာ ၁၉၆၄ ခုနှစ် စာပေ ဆုရှင် Jean-Paul Sartre နဲ့ ၁၉၇၃ ငြိမ်းချမ်းရေး ဆုရှင် Le Duc Tho တို့ဟာ မိမိတို့ ဆန္ဒအရ ဆုကို ငြင်းပယ် ခဲ့ကြပြီး ဆုရှင် လေးဦးဟာ ဆုကို လက်မခံဖို့ သက်ဆိုင်ရာ အစိုးရ တွေရဲ့ ဖိအားပေး ခြိမ်းခြောက် ခြင်းကို ခံခဲ့ ကြရပါတယ်။ ဟစ် တလာ လက်ထက်က Richard Kuhn, Adolf Butenandt နဲ့ Gerhard Domagk တို့ဖြစ် ကြပြီး နောက်တစ်ဦး ကတော့ ရုရှ စာပေပညာ ရှင် Boris Pasternak တို့ဖြစ်ကြ ပါတယ်။ ဂျာမန် ငြိမ်းချမ်းရေး လှုပ်ရှားသူ Carl von Ossietzky၊ မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင် ဆန်းစုကြည်နဲ့ တရုတ် လူ့အခွင့်အရေး လှုပ်ရှားသူ Liu Xiaobo တို့ဟာ နိုဗယ်လ် ဆုပေး အပ်တဲ့ အချိန်မှာ အချုပ် အနှောင် ခံထား ရသူတွေ ဖြစ်ကြ ပါတယ်။



နိုဗယ်လ် ဆုရှင်တွေ ထဲမှာ အမျိုးသမီး ၄၅ ဦး ပါဝင်ပြီး မာရီ ကျူရီဟာ ဓာတုဗေဒနဲ့ ရူပဗေဒဆု တွေကို နှစ်ကြိမ် တိုင်တိုင် ဆွတ်ခူး ခဲ့ပါတယ်။ သူမလိုပဲ ဆုတစ်ကြိမ် ထက်မက ဆွတ်ခူးခဲ့ ကြတဲ့ လူပုဂ္ဂိုလ် တွေကတော့ ရူပဗေဒ ပညာရှင် John Bardeen၊ ဓာတု ဗေဒနဲ့ ငြိမ်းချမ်းရေးဆု တွေကို ရရှိ ခဲ့တဲ့ Linus Pauling၊ မျိုးဗီဇကို ဖတ်တဲ့ နည်းလမ်း (DNA sequencing) ကို ရှာဖွေ တွေ့ရှိ ခဲ့တဲ့ Frederick Sanger တို့ဖြစ်ပြီး အဖွဲ့ အစည်း ထဲမှာတော့ နိုင်ငံတကာ ကြက်ခြေနီ အဖွဲ့နဲ့ ကုလသမဂ္ဂ ဒုက္ခသည် များဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR) တို့ပဲ ဖြစ်ကြ ပါတယ်။ မိသား စုလိုက် နိုဗယ်လ် ဆုကို ရရှိခဲ့တဲ့ သူတွေ ထဲမှာ ပီယဲ၊ မာရီ တို့နဲ့ အတူ သမီး အိုင်ရင်းနဲ့ သားမက် ဖရက်ဒရစ်ခ် တို့ပါ ဆုလက်ခံ ရရှိခဲ့တဲ့ ကျူရီ မိသားစုက အထင်ရှား ဆုံးပါ။ နိုဗယ်လ်ဆု လက်ခံ ရရှိခဲ့ သူတွေထဲမှာ အသက် အငယ်ဆုံးက ၁၉၁၅ ခုနှစ်မှာ မော်လီကျူး တွေရဲ့ အ သေးစိတ် ဖွဲ့စည်းပုံကို လေ့လာ နိုင်တဲ့ Law of X-ray Diffraction ဥပဒေသကို တွေ့ရှိခဲ့ပြီး ရူပဗေဒ ဆုကို ရရှိ ခဲ့တဲ့ Lawrence Bragg ဖြစ်ပြီး ဆုကြေ ငြာချိန်မှာ အသက် ၂၅ နှစ်ပဲ ရှိပါ သေးတယ်။ အသက် အကြီးဆုံး ကတော့ ၂၀၀၇ ခုနှစ် စီးပွားရေး ဆုကို ရရှိခဲ့တဲ့ Leonid Hurwicz ဖြစ်ပြီး အသက် ၉၀ အရွယ်မှာ ဆုရရှိ ခဲ့တာ ဖြစ်ပါတယ်။



ယခုနှစ် မှာတော့ ရူပဗေဒ ဆုကို အက်တမ်ထက် သေးငယ်တဲ့ အမှုန်ငယ် တွေရဲ့ ဒြပ်ထုကို လေ့လာတဲ့ နည်းပညာကို တွေ့ရှိခဲ့ကြတဲ့ Francois Englert နဲ့ Peter W. Higgs၊ ဓာတုဗေဒ ဆုကို ရှုပ်ထွေးတဲ့ ဓာတု စနစ်ကို ရှုထောင့် ပေါင်းစုံကနေ လေ့လာ ခဲ့တဲ့ Martin Karplus, Michael Levitt နဲ့ Arieh Warshel၊ ဆေးပညာ ဆုကို ဆဲလ်အတွင်း ပိုင်းက မော်လီကျူးတွေ ရွေ့လျား ပို့ဆောင်ရေးကို ထိန်းချုပ် နိုင်တဲ့ စနစ်ကို လေ့ လာ တွေ့ရှိခဲ့တဲ့ James Rothman, Randy W. Schekman နဲ့ Thomas C. Sudhof၊ စာပေဆုကို ခေတ်ဆန်း ဝတ္ထုတို တွေရဲ့ အရှင်သခင်မ လို့ခေါ်ကြတဲ့ Alice Munro၊ ငြိမ်းချမ်းရေး ဆုကိုတော့ ဓာတု လက်နက်တွေ ဖယ်ရှား ရေးမှာ စွမ်းစွမ်းတမံ လုပ်ဆောင်ခဲ့တဲ့ Organization for the Prohibition of Chemical Weapons (OPCW) တို့ကို ပေးအပ်ဖို့ ကြေငြာခဲ့ပြီး ဖြစ်ပါတယ်။ စီးပွားရေး ဆိုင်ရာ နိုဗယ်လ်ဆု ကိုတော့ အမေရိကန်က Professors ၃ယောက် ဖြစ်တဲ့ Eugene F. Fama, Lars Peter Hansen နဲ့ Robert J. Shiller တို့က movements of asset prices နဲ့ပတ်သက်တဲ့ သီအိုရီတွေ ထုတ်ဖော် ပေးခဲ့ တာကြောင့် ရရှိသွား ပါတယ်။



"နိုဗယ်လ်ဆုရ အမျိုးသမီးများ" စာအုပ်ကို ရေးသား ခဲ့တဲ့ Sharon McGrayne ကတော့ "ပညာရှင်တွေ နိုဗယ်လ်ဆု အတွက် ယှဉ်ပြိုင် နေကြပါ တယ်။ တက္ကသိုလ် တွေက နိုဗယ်လ်ဆု ရဖို့ အလားအလာ ရှိတဲ့ ပညာရှင် တွေကို ရယူဖို့ ကြိုးပမ်း လာကြပါတယ်။ ဒါဟာ မာရီကျူရီ တို့ခေတ် က ကျော်ဇောမှု၊ တန်ဖိုးထား လေးစား ခံရမှု တွေနဲ့ လုံးဝ ခြားနား သွားခဲ့ပါပြီ။ ၁၉၂၁ ခုနှစ် မာရီကျူရီ နယူးယောက်ကို သင်္ဘောနဲ့ ရောက် လာစဉ်က သောင်းသောင်း ဖျဖျ ကြိုဆို ကြပြီး သူ့ဌာန အတွက် လိုအပ်တဲ့ Radium ကို အိမ်ရှင်မတွေ စုပေါင်း ထည့်ဝင်ပြီး တစ်တပ် တအား ပါဝင် ကူညီ ကြသလိုမျိုး မရှိနိုင် တော့ပါဘူး။ ခုခေတ် နိုဗယ်လ်ဆု ရရှိသူ တွေရဲ့ နာမည် တွေကိုတောင် သေချာ သိကြ ပါသေးရဲ့လား။" လို့ မေးခွန်း ထုတ် ပြောကြား သွားပါတယ်။ ဘာပဲ ဖြစ်ဖြစ် "လူသား မျိုးနွယ်ကို လက်တွေ့ ကောင်းကျိုး ပြုမယ့် အရေး ပါတဲ့ တွေ့ရှိမှု၊ တီထွင်မှု၊ လုပ် ဆောင်မှု တွေအတွက်" ရယ်လို့ Alfred Nobel ရည်ရွယ် ခဲ့တဲ့ နိုဗယ်လ်ဆုဟာ ယခုနှစ်ဆို နှစ်ပေါင်း ၁၁၂ နှစ် သက်တမ်း ရှိခဲ့ပြီး သက်တမ်း အရှည်ဆုံးနဲ့ ပညာရပ် နယ်ပယ် အများဆုံး ချီးမြှင့် နေတဲ့ ဂုဏ်သိက္ခာ ကြီးမား လှတဲ့ ဆုကြီး အဖြစ် လူသား မျိုးနွယ်ကို ဆက်လက် ပေးဆပ် နိုင်ပါစေကြောင်း ဆန္ဒပြု လိုက်ပါရစေ။


Images from ecx.images-amazon, static.guim, .cam.ac.uk, i.huffpost, i.telegra,theurbantwist, dagelijksestandaard, pictures.zimbio, rugusavay, biography. Source: nobelprize.org, en.wikipedia.org, news.nationalgeographic.com.

Author Tornado
MYMC

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...