မျိုးဆက်သစ် Wi-Fi ပါဝင်ပြီး Haswell ချစ်ပ်အသုံးပြု iMac သစ်ကို Apple မိတ်ဆက်

အတွဲ (၁၄)၊ အမှတ် (၃၈)


Apple ကုမ္ပဏီမှ Haswell ပရိုဆက်ဆာ ထည့်သွင်းထုတ်လုပ်ထားပြီး မျိုးဆက်သစ် Wi-Fi ပါဝင်သည့် iMac ထုတ်ကုန်သစ်များကို ပွဲထုတ်မိတ်ဆက်ခဲ့ကြောင်း သိရသည်။

Intel ၏ စတုတ္ထမျိုးဆက် quad-core ပရိုဆက်ဆာပါဝင်ပြီး ဂရပ်ဖစ်စနစ်သစ်၊ 802.11ac Wi-Fi နှင့် ပိုမိုလျင်မြန်သည့် PCIe flash storage option တို့ ထည့်သွင်းထားသည့် ၂၁.၅ လက်မနှင့် ၁၇ လက်မအရွယ် desktop PC များကို ကုမ္ပဏီမှ ကြေညာခဲ့သည်။ အဆင့်မြှင့်တင်ထားသည့် iMac သစ်တွင် 802.11ac Wi-Fi ကို ထောက်ပံ့ထားပြီး desktop PC ကို 802.11ac base station နှင့် ချိတ်ဆက်လိုက်သည့် အခါတွင် မူလထက် ၃ ဆ ပိုမိုလျင်မြန်သည့် ကြိုးမဲ့စွမ်းဆောင်ရည်ကို အသုံးပြုရမည် ဖြစ်ကြောင်း Apple မှပြောကြားခဲ့သည်။ PCIe အခြေခံ flash storage ဖြင့် Fusion Drive နှင့် အခြား flash storage option များအားလုံးကို ၅၀ ရာခိုင်နှုန်း ပိုမိုလျင်မြန်စွာ လုပ်ဆောင်နိုင်ကြောင်း ကုမ္ပဏီ၏အဆိုအရ သိရသည်။ Fusion Drive ဆိုသည်မှာ Flash Storage နှင့် ပုံမှန် hard drive တို့ကို ပေါင်းစပ်ထားခြင်း ဖြစ်ပြီး boot ပြုလုပ်ချိန်ကို ပိုမိုတိုတောင်းစေကာ app နှင့် ဖိုင်များကို ပိုမိုလျင်မြန်စွာ ဝင်ရောက်အသုံးပြု နိုင်မည်ဖြစ်သည်။ iMac သစ်ကို အခြေခံဗားရှင်းအဖြစ် memory 8GB နှင့် 1TB hard drive တို့ဖြင့် ထုတ်လုပ်ထားပြီး memory 32GB နှင့် hard drive ကို 3TB အထိ ထပ်တိုးအသုံးပြုနိုင်ကာ Thunderbolt 2 ခုနှင့် USB 3.0 port 4 ခုလည်း ပါဝင်ကြောင်း သိရသည်။

၂၁.၅ လက်မ iMac ကို 2.7 GHz quad-core Intel Core i5 ပရိုဆက်ဆာ ထည့်သွင်းထုတ်လုပ်ထားပြီး 3.2GHz Turbo Boost speed option လည်း အသုံးပြုနိုင်သည်။ Iris Pro ဂရပ်ဖစ်လည်း ပါဝင်ပြီး တန်ဖိုးကို အမေရိကန်ဒေါ်လာ ၁,၂၉၉ သတ်မှတ်ထားသည်။ ၂၇ လက်မ iMac တွင်မူ Intel Core i5 ပရိုဆက်ဆာကို 3.2GHz ဖြင့် အသုံးပြုနိုင်မည် ဖြစ်ပြီး Nvidia GeForce 700 series ဂရပ်ဖစ်ထည့်သွင်း ပေးထားသည်။ တန်ဖိုးကို အမေရိကန်ဒေါ်လာ ၁,၇၉၉ သတ်မှတ်ထားပြီး အဆိုပါ ၂၇ လက်မ iMac သည် video memory ၂ ဆ ပိုမိုများပြားကာ မူလ iMac ထက် စွမ်းဆောင်ရည် ၄၀ ရာခိုင်နှုန်း ပိုမိုလျင်မြန်ကောင်းမွန်ကြောင်း Apple မှပြောကြားခဲ့ သည်။ iMac သစ်များကို Mac OS X Mountain Lion ဖြင့် တင်ပို့ရောင်းချမည်ဖြစ်ပြီး Apple.com နှင့် Apple အရောင်းကိုယ်စား လှယ်များထံတွင် ဝယ်ယူနိုင်ကြောင်း သိရသည်။

-ဟေမာ
Ref: PCMag
Internet Journal

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...