မီးခိုးတလူလူနှင့် ဆေးလိပ်ကင်းမဲ့ဇုန်များ
ရန်ကုန်မြို့လယ် ၄၆ လမ်း ကားမှတ်တိုင် လူအုပ်ကြားမှာ အသက် ၂၀ ဝန်းကျင် လူငယ်တစ်ဦး စီးကရက် ဖွာရှိုက်နေသည်။ ဖြတ်သွားဖြတ်လာ အမျိုးသမီးများက ဆေးလိပ်ငွေ့ကြောင့် နှာခေါင်းရှုံ့သွား ကြသော် လည်း ဆေးလိပ်သောက်နေသော ကိုကောင်းကောင်း (နာမည်လွှဲ) မမှုဘဲ ဆက်သောက်နေသည်။ အများတကာ မေးငေါ့ နှာခေါင်းရှုံ့သော်လည်း စီးကရက်ခဲမပျက်။
“ဆေးလိပ်ငွေ့က လေသင့်ရာကို လွင့်နေတာပဲလေ” ဟု ၎င်းက ဆိုသေးသည်။
ကျန်းမာရေး ဝန်ကြီးဌာနက လူအများနှင့် သက်ဆိုင်သော နေရာများတွင် ကိုကောင်းကောင်းကဲ့ သို့ ဆေးလိပ်သောက်သုံးသူများ အတွက် ယခုနှစ်ဆန်းပိုင်းက စတင်ပြီး သီးသန့်ဇုန် သတ်မှတ် မည် ဖြစ်ကြောင်း ကြေညာလိုက်သည်။
လူဦးရေ၏ ထက်ဝက်နီးပါး ဆေးလိပ်နှင့် ဆေးရွက်ကြီး သုံးစွဲလျက် ရှိသော မြန်မာနိုင်ငံအတွက် ယနေ့အချိန်ထိ ဆေးလိပ်မသောက်ရ နယ်မြေ ဆိုသည်မှာ မည်ကာမတ္တသာ ရှိသေးသည်။
ဆေးလိပ်နှင့် ဆေးရွက်ကြီးထွက်ပစ္စည်း ထိန်းချုပ်ရေး ဥပဒေ အတည်ပြုပြီး ခုနစ်နှစ်ကျော် ကြာသည်အထိ နည်းဥပဒေ မပေါ်ပေါက်သလို တရားဥပဒေအရ အရေးယူမှုများလည်း ဝေဝါးနေဆဲဖြစ်သည်။ အလားတူအများနှင့် သက်ဆိုင်သော နေရာများတွင် ဆေးလိပ်သောက်ခွင့် မရှိကြောင်း မေ့လျော့နေသူ လည်း ပိုများလာသည်။ အချို့က ဥပဒေ စည်းကမ်း ထုတ်ထားကြောင်း သိပင်မသိ။
ယင်းကြောင့် ထပ်မံ သတိပေးသည့် အနေနှင့် မတ်လ ၃ ရက်နေ့တွင် ဆေးလိပ်သောက်သုံးခွင့် မရှိသော နေရာများကို ဆိုင်းဘုတ်များထူရန်နှင့် လိုက်နာဆောင်ရွက်ရန် ပျက်ကွက်ပါက ဥပဒေအရ အရေးယူမည် ဖြစ်ကြောင်း ကျန်းမာရေး ဝန်ကြီးဌာနက ကြေညာခဲ့သည်။
ဆေးလိပ်သောက်သုံးခွင့် မရှိသော နေရာအဖြစ် ထင်ရှားစေရန် အဆောက်အအုံ ဝင်ပေါက်၊ ပြတင်းပေါက်နှင့် အနီးဆုံး ၁၀ မီတာ အကွာတွင် သတ်မှတ်ရမည် ဖြစ်ကြောင်း၊ အမိုးအကာ မရှိသော နေရာဖြစ်ပါက ဆေးလိပ်ငွေ့ ပျံ့နှံ့မှုမရှိရန် စီစဉ်ထားရန် ညွှန်ကြားထားကြောင်း ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ တာဝန်ရှိသူတစ်ဦးက ဆိုသည်။
“ဆေးလိပ်သောက်ခွင့် မရှိတဲ့ ဘယ်နေရာမှာမှ ဆေးလိပ် မသောက်ရတော့ဘူး” ဟု ကျန်းမာရေး ဦးစီးဌာန ဆေးလိပ်နှင့် ဆေးရွက်ကြီး ထိန်းချုပ်ရေး စီမံကိန်း တာဝန်ရှိသူတစ်ဦးက The Voice သို့ ပြောကြားသည်။
လက်တွေ့တွင်မူ လူဦးရေ ထူထပ်သည့် ရန်ကုန်မြို့၏ လူသွားလမ်းများတွင် စီးကရက်ခဲလျက် လမ်းသွား သူများ၊ အများပြည်သူသုံး ခန်းမကြီးများနှင့် ဆေးလိပ်မသောက်ရ သတိပေး ဆိုင်းဘုတ်နား ဆေး လိပ်သောက်သုံးသူများ တွေ့နေရသည်။
အလားတူ အခြေခံပညာကျောင်း ပတ်ဝန်းကျင်၊ တက္ကသိုလ်ပရိဝုဏ် ဝန်းကျင်က ဆေးလိပ်တစ်လိပ် ချင်း ရောင်း ချနေသူများက ဆေးလိပ်နှင့် ဆေးရွက်ကြီးထွက်ပစ္စည်း ထိန်းချုပ်ရေး ဥပဒေအကြောင်း နားမလည်ကြသကဲ့သို့ သောက်သုံးသူ ကျောင်းသား၊ ကျောင်းသူများကလည်း အတားအဆီးမရှိ ဝယ်ယူ သုံးစွဲနေဆဲပင် ရှိသည်။
သို့သော် ၂၀၁၄ ခုနှစ် မတ်လဆန်းမှ စတင်ပြီး သတ်မှတ်ထားသော ဆေးလိပ်ကင်းမဲ့ဇုန်များတွင် စည်းကမ်း ဖောက်ဖျက်ကြောင်း တွေ့ရှိပါက တာဝန်ရှိသူများက အရေးယူရန် ညွှန်ကြားထားကြောင်း ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။
“ကျောင်းဆို ကျောင်းအုပ်၊ ဌာနဆို ဌာနဆိုင်ရာက တာဝန်ရှိတဲ့သူကို အရေးယူမယ်။ သူတို့က အရေးမယူရင် အစိုးရအဖွဲ့က ပြန်အရေးယူမယ်” ဟု ၎င်းက ဆက်လက် ပြောကြားသည်။
အကောင်အထည်ဖော်မှုတွင် မေးခွန်းထုတ်စရာများ ကျန်နေသေးသည်။ မည်သူက အဓိက စောင့်ကြည့် အရေးယူ ဆောင်ရွက်မည်နည်း။
ဥပဒေ ချိုးဖောက်သူများကို စောင့်ကြည့်မည့် မြို့နယ်အဆင့်၊ တိုင်းအဆင့် ကြီးကြပ်ရေး အဖွဲ့များ မပေါ်ပေါက်သေးသရွေ့ အရေးယူမည့် အစီအစဉ်မှာ မေးခွန်းများနှင့်သာ ပြည့်နေမည်။
ကျန်းမာရေး ဝန်ကြီးဌာနက မြို့နယ်အဆင့်အလိုက် ဆေးလိပ်နှင့်ဆေးရွက်ကြီး သောက်သုံးမှု ကြီးကြပ်ရေး အဖွဲ့များ ဖွဲ့စည်းရန် ညွှန်ကြားထားသော်လည်း လက်ရှိအချိန်ထိ အကောင်အထည် မပေါ်သေးကြောင်း ကျန်းမာရေး ဦးစီးဌာနထံမှ သိရသည်။
တက္ကသိုလ်နှင့် အခြေခံပညာ ကျောင်းများတွင် ဆေးလိပ်သောက်သုံးကြောင်း တွေ့ရှိပါက ပထမအကြိမ် တွင် သတိပေးရုံသာ ဆောင်ရွက်ပြီး ဒုတိယအကြိမ်တွင် သက်ဆိုင်ရာ အစိုးရအဖွဲ့က အရေးယူ မည် ဖြစ်ကြောင်း၊ စာသင်ကျောင်းအနီး ဆေးလိပ် အလိပ်ခြွေ ရောင်းချခြင်း၊ ဆေးလိပ်မသောက်ရ ဆိုင်းဘုတ်များကို ဖျက်ဆီးကြောင်း စစ်ဆေးတွေ့ရှိပါက ငွေဒဏ်အနည်းဆုံး ကျပ်တစ်သောင်းမှ တစ်သိန်းအထိ ပေးဆောင်ရမည် ဖြစ်ကာ တစ်နှစ်ထက် မပိုသော ထောင်ဒဏ်ပါ ကျခံရမည် ဖြစ်ကြောင်း အဆိုပါ ဥပဒေတွင် ဖော်ပြထားသည်။
ဤသို့နှင့် ဥပဒေအရ အရေးယူမည့် အစီအစဉ်က တဖြည်းဖြည်း ဝေဝါးလာသည်။ လူထု၏တစ်ဆင့်ခံ ဆေးလိပ်ငွေ့ အန္တရာယ်ကလည်း အချက်ပေးသံများ ညံလာသည်။ မြို့လယ်ကောင်ရှိ အချို့သော စားသောက်ဆိုင်များပင်လျှင် ဆေးလိပ်ကို တစ်လိပ်ချင်း ပေါ်ပေါ် တင်တင် ရောင်း ချနေပြီး သောက်သုံးခွင့် ပေးထားသည်။
ကမ္ဘာ့ဘဏ်၏ ၂၀၀၉ ခုနှစ် သုတေသန ရလဒ်များအရ မြန်မာနိုင်ငံရှိ အသက် ၁၃ နှစ်မှ ၁၅ လူငယ်ထု၏ ၄ ရာခိုင်နှုန်းကျော်မှာ ဆေးလိပ်သောက်သုံးနေပြီး ဆေးလိပ်နှင့် ဆေးရွက်ကြီး သုံးစွဲသူများအနက် အမျိုးသားထု ၄၀ ရာခိုင်နှုန်းကျော်နှင့် အမျိုသမီးထု ၈ ရာခိုင်နှုန်းကျော် ပါဝင်နေကြောင်း ဖော်ပြထားသည်။
မြန်မာနိုင်ငံက ဆေးလိပ်သောက်သူ တစ်ဦးက တစ်နှစ်လျှင် ၂၈၂ လိပ်နီးပါး သောက်သုံးနေပြီး ဆေး လိပ်သောက်သုံးသူ အိမ်မှ အသက် ၁၃ နှစ်မှ ၁၅ နှစ်ကြား ကလေးငယ် ၃၄ ရာခိုင်နှုန်းကျော် သည် တစ်ဆင့်ခံ ဆေးလိပ်ငွေ့ကြောင့် နောက်ဆက်တွဲ ရောဂါများ ခံစားနေရကြောင်း ဆက်လက် ဖော်ပြထားသည်။
အစိုးရက နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုများ ခွင့်ပြုလိုက်သည်နှင့် ကမ္ဘာ့ထိပ်တန်း ဆေးလိပ်ကုမ္ပဏီများ ၏ ခြေကုပ်ယူရာစာရင်းတွင် မြန်မာနိုင်ငံလည်း ပါဝင်ခဲ့သည်။ ဆေးလိပ်နှင့် ဆေးရွက်ကြီး ထုတ်လုပ်သူများ၏ နောက်ဆုံး ကောင်းကင်ဘုံဟုပင် မြန်မာကို နိုင်ငံတကာ မီဒီယာအချို့က တင်စားရေးသားခဲ့သည်။ မြန်မာ့ဥပဒေ၏ အားနည်းချက်က ၎င်းတို့အတွက် ကောင်းကင်ဘုံပင် ဖြစ် သွားရဟန် ရှိနေသည်။ ယင်းစီးပွားရေး လုပ်ငန်းရှင်များကို ထိန်းချုပ်ရမည့် ဥပဒေများ အနက် ဆေးလိပ်နှင့် ဆေးရွက်ကြီးထွက် ပစ္စည်းများ ထိန်းချုပ်ရေး ဥပဒေမှာ အရောင်မလှသေးသော အခြေအနေသာ ရှိသေးသည်။
ကမ္ဘာ့ထိပ်တန်း ဆေးလိပ်ကုမ္ပဏီကြီး ခြောက်ခု၏ နှစ်စဉ် အမြတ်ငွေသည် Coca-Cola၊ Microsoft နှင့် Donald’s လုပ်ငန်းသုံးခု၏ အမြတ်ငွေနီးပါး ရှိနေကြောင်း၊ ယင်းထိပ်တန်း ကုမ္ပဏီကြီးအနက် British American Tobacco သည် မြန်မာနိုင်ငံတွင် ခြေကုပ်ယူနေပြီ ဖြစ်ကြောင်း ပြည်ပ သတင်းမီဒီယာ များတွင် သတိပေးထားသည်။
ကုမ္ပဏီကြီးများ၏ ဆေးလိပ်ကြော်ငြာနှင့် ဈေးကွက်ချဲ့ထွင်မှုဒဏ်ကို သက်ဆိုင်ရာ အုပ်ချုပ်သူများ ထိန်းချုပ်နိုင်ခြေ ရှိ၊ မရှိကိုမူ စောင့်ကြည့်ရဦးမည်။
“ဆေးလိပ်ကို အလိပ်လိုက် မရောင်းရဘူး ဆိုပေမယ့် လက်တွေ့လိုက်လုပ်ဖို့က လိုသေးဦးမယ်” ဟု ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ဆိုသည်။
မြန်မာနိုင်ငံတွင် ဆေးလိပ်သောက်သုံးမှုနှုန်း ကျဆင်းမှု မရှိသေးသလို ဥပဒေနှင့်အညီ ဆေးလိပ်၊ ဆေး ရွက်ကြီး ထိန်းချုပ်ရေးမှာလည်း သိသိသာသာ အားနည်းနေသေးကြောင်း ဆေးလိပ်ကင်းဝေးရေး လှုပ်ရှားသူ အသိုင်းအဝိုင်းက စိုးရိမ်ဖွယ် ပြောကြားသည်။
အစိုးရ၏ ဆေးလိပ်မသောက်ရ နေရာသတ်မှတ်သော စီမံချက် အောင်မြင်ရန် တရားဥပဒေစိုးမိုးရေးက အရေးကြီးဆုံး ဖြစ်ကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) ၏ အရှေ့နှင့် တောင်အာရှဒေသ အကြံပေး ဒေါက်တာ ညိုညိုကြိုင်က ဝေဖန်အကြံပြုသည်။
ဆေးလိပ်မသောက်ရဇုန်များ သတ်မှတ်မည် ဆိုပါက လူများနှင့် သက်ဆိုင်သော နေရာများတွင် ဇုန်များများ ထားပြီး ဆေးလိပ်နှင့် စီးကရက်များကိုလည်း လူငယ်များကို အလွယ်တကူ မရောင်းချသင့်ကြောင်း ဆေးလိပ်သောက်သုံးသူ အသက် ၃၀ အရွယ် ကိုဟိန်းမင်းဦးက ဆိုသည်။
ကိုကောင်းကောင်းကတော့ အစိုးရ၏ ဆေးလိပ်ကင်းမဲ့ဇုန်များကို မသိသေးကြောင်း ယင်းသို့ ဖွင့်ဟ ပြောကြားခဲ့သည်။
“ဇုန်တွေ ဘယ်နေရာ သတ်မှတ်ထားလဲတောင် မသိဘူးဗျာ”
The Voice Weekly