ပညာသင်ဆု စိတ်ဓာတ်

ပညာသင်ဆု လျှောက်ဖို့ ဘာတွေလိုအပ်သလဲ ဆိုတဲ့ မရိုးနိုင်တဲ့ မေးခွန်းတစ်ခု ရှိပါတယ်။ အဲဒီမေးခွန်းက အရင်ကလည်း ရှိတယ်။ အခုလည်း ရှိတယ်။ နောင်လည်း ရှိနေမယ်။ စာရေးသူ ပညာသင်ဆုနဲ့ ပတ်သက်လို့ ဆောင်းပါးအမျိုးမျိုး ရေးဖူးပါတယ်။ ထပ်ရေးပါ ဆိုပေမယ့် ရေးစရာအကြောင်းက မည်မည်ရရ မရှိလှပါဘူး။ အရင်ရေးခဲ့တဲ့ ဆောင်းပါးတွေ ပြန်ဖတ်ပါလို့ပဲ ညွှန်းရပါတယ်။



သို့သော် ပညာသင်ဆုပဲ ဖြစ်ဖြစ်၊ အလုပ်အကိုင်ပဲ ဖြစ်ဖြစ် လျှောက်ထားရာမှာ ခေတ်အခြေအနေက အပြောင်းအလဲ ဖြစ်နေသလို ကိုယ်လိုချင်တဲ့အရာ တစ်ခုအပေါ် ချဉ်းကပ်ပုံ၊ ချဉ်းကပ်နည်း၊ ပြင်ဆင်ပုံ၊ ပြင် ဆင်နည်း၊ လျှောက် ထားပုံ၊ လျှောက်ထားနည်းတွေကလည်း အပြောင်းအလဲ လုပ်ဖို့ လိုပါတယ်။ ဆိုလိုတာက အရင်တပ်မတော်အစိုးရ လက်ထက်တုန်းက ပညာသင်ဆုဆိုတာ သိပ်များများစားစား မရှိသေးဘူး။ အခုချိန်မှာ ပိုမိုပွင့်လင်းလာပြီ ဖြစ်လို့ ပညာသင်ဆု အမျိုးအစား အသစ်တွေ တွေ့လာရတယ်။

ဆိုကြပါစို့။ လွန်ခဲ့တဲ့ ၂ နှစ်၊ သုံးနှစ်လောက်ကစလို့ မြန်မာနိုင်ငံမှာ ဒီမိုကရက်တစ်လှိုင်း ဖြစ်ထွန်း ပေါ်ပေါက် လာတာမို့ ပဋိပက္ခဖြေရှင်းရေးလို Interfaith Dialogue လို ကိစ္စမျိုးတွေကို ဦးတည်တဲ့ ပညာသင်ဆုမျိုးတွေ ရှိလာတယ်။ ဒီတော့ ပညာသင်ဆု စိတ်ဝင်စားသူ တစ်ဦးဟာ ဘာပဲစိတ်ဝင်စား စိတ်ဝင်စား ဆိုလိုတာက နိုင်ငံရေး စိတ်မဝင်စားဘူး၊ ကျန်းမာရေးပဲ၊ ပညာရေးပဲ၊ ဖွံ့ဖြိုးရေးပဲ စိတ်ဝင်စားပါတယ် ဆိုရင်တောင် ဒီမှာဖြစ်နေတဲ့ ပဋိပက္ခ အခြေအနေကို ခြုံငုံ နားလည်ရမယ်။ ဒါမှ အဲဒီပဋိပက္ခတွေထဲက လိုအပ်နေတဲ့ ပညာရေး၊ ကျန်းမာရေး စသည်ဖြင့် ဘာတွေလုပ်ချင်ပါတယ် ဆိုတာ ဖော်ပြနိုင်ရမယ်။ ဆိုလိုတာက နိုင်ငံ့ရေးရာဟာ အရာအားလုံးနဲ့ ဆက်စပ်နေတယ်။

သို့သော် ပညာသင်ဆု တစ်ခုအတွက် လိုအပ်ချက်တွေကတော့ အပြောင်းအလဲ မရှိပါဘူး။ အသက်မကြီးသေးဘူး။ ဘွဲ့ရဖြစ်မယ်။ သတ်မှတ်လုပ်သက် ရှိမယ်။ အင်္ဂလိပ်စာ ကောင်းမွန်ရမယ်။ ပညာသင်ဆုရပုံ ရနည်းကလည်း အမျိုးမျိုးကွဲပါတယ်။ ဆိုလိုတာ အစိုးရဝန်ထမ်း အနေနဲ့ ရတာရှိမယ်။ NGO ဝန်ထမ်းအနေနဲ့ ရတာရှိမယ်။ ပြင်ပက အလွတ်လျှောက်ရင်း ရတာရှိမယ်။ တပ်မတော်အစိုးရ ကာလတုန်းက နိုင်ငံရေး တက်ကြွလှုပ်ရှားသူတွေကို မြေတောင် မြှောက်ပေးချင်လို့ သတ်မှတ်ချက် လျှော့ပေါ့ပြီး ပညာသင်ဆု ပေးတာတွေတောင် ရှိခဲ့တယ်။ တချို့လည်း သက်သောင့် သက်သာနဲ့ ရကြသလို တချို့လည်း ပြင်းပြင်းထန်ထန် ကြိုးစားယှဉ်ပြိုင်ပြီးမှ ရတာရှိတယ်။

ဆိုလိုတာ အစိုးရဝန်ထမ်း အနေနဲ့ ရခဲ့တဲ့ ပညာသင်ဆု အများစုဟာ ကိုယ့်ဝန်ကြီးဌာနအတွင်း ယှဉ်ပြိုင်ကြရတာမို့ သိပ်ပြင်းထန်တယ် ပြောလို့မရဘူး။ ခွဲတမ်းကလည်း ရှိပြီး ဖြစ်နေတတ်တယ်။ အပြင်က လျှောက်ရတဲ့ ပညာသင်ဆုတွေကျတော့ အတော်ခက်ခက်ခဲခဲ ယှဉ်ပြိုင်ရတာမျိုး ရှိတယ်။ စာရေးသူရခဲ့တဲ့ ပညာသင်ဆု နှစ်ခုက အစိုးရဝန်ထမ်း ဘဝက ရခဲ့တာဖြစ်ပြီး တတိယ တစ်ခုက အပြင်က ဝင်ရောက် ယှဉ်ပြိုင်ခဲ့ရတာပါ။ ဆိုရရင် စာရေးသူမှာ ပညာသင်ဆုနဲ့ ပတ်သက်လို့ အပျော့ရော အပြင်းပါ အတွေ့အကြုံ ရှိပါတယ်။

စာရေးသူဆီ ပညာသင်ဆုနဲ့ ပတ်သက်လို့ အီးမေးလ်နဲ့သော် လည်းကောင်း၊ ဖုန်းဖြင့်သော် လည်းကောင်း မေးမြန်းလာသူတွေကို ယေဘုယျ အဖြေပဲ ပေးဖြစ်ပါတယ်။ ကြိုးစားပါ။ ပြင်ဆင်ပါ။ ရတဲ့ အလုပ်လုပ်ရင်း ပညာသင်ဆု လျှောက်ပါ စသဖြင့် ပြန်ကြားဖြစ်ပါတယ်။ သို့သော် အဲဒါတွေထက် အရေးကြီးတာက စိတ်ဓာတ်ဖြစ်ပါတယ်။ စိတ်ဓာတ်အပြင် အရေးကြီးတာ တစ်ခုက ဝန်းကျင်ပါ။ သို့သော် အဲဒီဝန်းကျင် ဖန်တီးမှု ဆိုတာကလည်း စိတ်ဓာတ်နဲ့ ဆက်စပ်နေလို့ အပြန်အလှန် သက်ရောက်မှု ရှိပါတယ်။ ဝန်းကျင်ဆိုတာ အများကြီး ကျယ်ပြန့်တယ်။ ကိုယ်တကယ် ပညာသင်ဆုရဖို့ ကြိုးစားမယ်ဆိုရင် ကိုယ့်အနားမှာ ဖြစ်နိုင်တဲ့ ဝန်းကျင် ရှိရမယ်။ ဆိုလိုတာ အင်္ဂလိပ်စာ လုပ်ချင်စိတ် ရှိရမယ်။ စာဖတ်ချင်စိတ် ရှိရမယ်။ ကိုယ်လေ့လာချင်တဲ့ ဘာသာရပ်နဲ့ နီးစပ် ကျွမ်းဝင်မှု ရှိအောင် လေ့လာအားထုတ်ရမယ်။ ဆက်သွယ်မှုတွေ တည်ဆောက်ရမယ်။ အင်္ဂလိပ်စာ ကောင်းအောင်ဆိုပြီး သင်တန်းတွေချည်း လိုက်တက်နေလို့ မရဘူး။ စာအုပ်တွေချည်း ဝယ်ဖတ်နေလို့ မရဘူး။ တကယ်ကို နှစ်နှစ်ကာကာ လုပ် မယ်။ သတ်မှတ်ထားတဲ့ TOEFL/IELTS စသဖြင့် အင်္ဂလိပ်စာ ရမှတ်တွေ မီရမယ်။ မမီရင် မဖြေသေးနဲ့။ နောက် တစ်နှစ်ကြိုးစား။ အင်္ဂလိပ်စာချည်းပဲ တစ်ချိန်လုံး ဖတ်နေရင် ထူသွားမှာပေါ့။

ဒီတော့ တခြား ဗဟုသုတ ဖြစ်စေမယ့် စာအုပ်တွေ ဖတ်ရမယ်။ အဲဒီအတွက် ဖတ်ချင်စိတ် ရှိရမယ်။ ကိုယ်က နိုင်ငံတကာ ဖွံ့ဖြိုးရေးဆိုင်ရာ ဘာသာရပ် ယူမယ်ဆိုရင် ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ ဘာသာရပ်တွေ၊ ဆင်းရဲမှု တိုက်ဖျက်ရေးတွေ၊ ကမ္ဘာ့ဘဏ်နဲ့ ပတ်သက်တဲ့ စာအုပ်စာတမ်းတွေ ရွေးဖတ်၊ နိုင်ငံရေး စိတ်ဝင်စားရင် နိုင်ငံတကာ ဆက်ဆံရေး စာအုပ်တွေ၊ အတ္ထုပ္ပတ္တိတွေ၊ ခေါင်းဆောင်မှု ဘာသာရပ်တွေ ရွေးဖတ်၊ သဘာဝ ပတ်ဝန်းကျင်၊ စာနယ်ဇင်း၊ ပြည်သူကျန်းမာရေး စသဖြင့် ကိုယ်စိတ်ဝင်စားတဲ့ အကြောင်းအရာတွေ ရေးသားထားတဲ့ စာအုပ်စာတမ်းတွေ ရွေးဖတ်တတ်ဖို့ လိုတယ်။ အခုခေတ်မှာ မြန်မာလို အားလုံး ရနေတာပဲ။ မြန်မာလိုဖတ်ပြီး တစ်ဖက်က အင်္ဂလိပ်စာ တိုးတက် ကောင်းမွန်အောင် ကြိုးစားရင်း ဝင်ခွင့် အက်ဆေးတွေ ရေးရတဲ့အခါ မြန်မာလို တွေးပြီး အင်္ဂလိပ်လိုရေးပေါ့။ အဲဒီလိုဆို အတွေးအခေါ်၊ အရေးအသားအပိုင်းမှာ တိုးတက်လာလိမ့်မယ်။

စာရေးသူ အတွေ့အကြုံအရ တချို့က အင်္ဂလိပ်စာသာ ကောင်းတာ၊ စာဖတ်အားနည်းတယ်။ ဒီတော့ အက်ဆေးတွေ၊ သုတေသန စာတမ်းတွေ၊ ပေါ်လစီ စာတမ်းတွေ ရေးတဲ့အခါ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု မရှိတတ်ကြဘူး။ ဘယ်လိုချိတ်ဆက်ရ မယ်ဆိုတာ သဘောပေါက်မှု အားနည်းကြတယ်။ စာဖတ်အားများတဲ့သူက အတွေးအခေါ် ရှိတယ်။ အင်္ဂလိပ်စာရေးရင် အဲဒီအတွေးအခေါ်တွေ က ပေါ်လာလိမ့်မယ်။ ဒါပေမဲ့ အတွေးအခေါ် ဆိုတာ အလိုအလျောက် မလာဘူး။ စာဖတ်အားကပဲ တစ်ဆင့်လာတယ်။ ဒီတော့ ပညာသင်ဆု လိုချင်ရင် အင်္ဂလိပ်စာလုပ်ရင်း စာဖတ်ပါလို့ တိုက်တွန်းပါတယ်။

တစ်ခါတလေ တချို့ လူငယ်တွေက အောင်မြင်တိုးတက်ရေးကျမ်းတွေ၊ ဗျူဟာတွေ လိုက်စားနေတာ ရှိတယ်။ ဘယ်လောက်ကောင်းတဲ့ စာအုပ်ပဲ ဖြစ်ဖြစ်၊ ဗျူဟာပဲဖြစ်ဖြစ်၊ ကိုယ့်ကိုယ်ကိုယ်သာ အဓိကပဲ။ ကိုယ့်အားနည်းချက်၊ အားသာချက်ကို ကိုယ်သာ အသိဆုံးပဲ။ စိတ်ပိုင်းဆိုင်ရာကသာ အဆုံးအဖြတ် ပေးသွားတာပဲ။ ဂျပန်၊ တရုတ်၊ ကိုရီးယား ကြီးပွားတိုးတက်တယ်ဆိုတာ ဝီရိယကောင်းလို့၊ ကြိုးစားလို့ပဲ။ ဝီရိယဆိုတာလည်း စိတ်နဲ့ အများကြီး ဆက်စပ်နေတယ်။ စိတ်က ရ, ရမယ်၊ ဖြစ်ရမယ် ဆိုရင် အချိန်ကာလ အကန့်အသတ်နဲ့သာ ကြိုးစား၊ ဖြစ်လာဖို့ များတယ်။ သို့သော် အဲဒီလိုစိတ်မျိုး ဆိုတာ ငယ်တုန်း ပေါ်လာဖို့တော့ လိုတာပေါ့နော်။ နှစ်ဆယ်ကျော်က အကောင်းဆုံးပဲ။ သုံးဆယ်ကျော်မှ ဆိုရင် ပညာသင်ဆု အများစုက သုံးဆယ့်ငါးနှစ်အောက် သတ်မှတ်တာမို့ အခြေအနေက သိပ်မပေးတော့ဘူး။ သို့သော် အသက်လေးဆယ်ကျော်အထိ စဉ်းစားတဲ့ ပညာသင်ဆုတွေလည်း ရှိပါတယ်။

ဒါပေမဲ့ အချိန်ဆိုတာ မနှောင်းခင် အကောင်းဆုံးပဲ။ နှစ်ဆယ်ကျော်ဆို ကျောင်းပြီးပြီ။ ကျောင်းပြီးရင် ရတဲ့ အလုပ်ဝင်၊ လုပ်သက် အထိုက်အလျောက်ရ၊ ကျောင်းမှာကတည်းက အင်္ဂလိပ်စာ လုပ်ထားမယ်။ စာလည်း ဖတ်ထားမယ်။ လုပ်ငန်းမှာလည်း အတွေ့အကြုံတွေ ရှိလာမယ်ဆိုရင် ပညာသင်ဆုဆိုတာ ပြေးမလွတ်ဘူး။ ဒီလိုမဟုတ်ဘဲ ပညာသင်ဆုရမှ အလုပ်ဝင်မယ်ဆိုပြီး မရမချင်း လျှောက်ရင်း အချိန်ကုန်၊ လူပန်းသွားတာတွေလည်း တွေ့ဖူးတယ်။ အလုပ်လုပ်ဖို့ ကျပြန်တော့လည်း အရွယ်ကနှောင်း၊ ဟိုမရောက်၊ ဒီမရောက်ဖြစ်ပြီး လောကကြီးကို အဆိုးမြင်သွားတဲ့ သူတွေလည်း ရှိတယ်။ စာရေးသူ အရင်က ရေးခဲ့သလို အခုလည်းပဲ ထပ်ရေးပါတယ်။ နိုင်ငံခြား ပညာသင်ဆုဆိုတာ တော်တိုင်းမရဘူး။ တတ်တိုင်းမရဘူး။ တိုးတိုင်း မပေါက်ဘူး။ ဖြည်းဖြည်း၊ မှန်မှန် ဗျူဟာချပြီး လုပ်သွားရတာမျိုး။ သာမန်လူငယ်တွေ အတွက် ရည်ရွယ်ပြီး ရေးတာနော်။ အချို့က ငွေကြေးပြည့်စုံတယ်။ ငယ်ငယ်ကတည်းက ဘိုကျောင်းတွေတက်၊ ၅၀ ရာခိုင်နှုန်း၊ ၇၀ ရာခိုင်နှုန်း စသဖြင့် ပညာသင်ဆုတွေရ၊ တချို့လည်း ဘာသာရေး နောက်ခံနဲ့ ပညာသင်ဆု ရသွားတာတွေ ရှိတယ်။

ဒီတော့ တချို့လူငယ်တွေက သူများရတာတွေ အားကျပြီး ကိုယ်တိုင်ကျတော့ လမ်းပျောက်နေ သလိုမျိုး ခံစားတတ်ကြတယ်။ ဖြစ်မှာ မဟုတ်ဘူးလို့ ကြိုတွေးတာမျိုး ရှိတယ်။ အဲဒီလို အတွေးမျိုး ဝင်ပြီဆိုကတည်းက စိတ် ပျော့လို့ပဲ။ စိတ်မာတဲ့လူက မဖြစ်စရာ အကြောင်းမရှိဘူးလို့ တွေး တယ်။ ဖြည်းဖြည်းချင်း တိုးတယ်။ ဒါကြောင့် ကိုယ့်ဝန်းကျင်ကို ကိုယ်ပဲတည်ဆောက်ရမယ်။ ကိုယ့်စိတ်ဓာတ်ကို ကိုယ်ပဲ ပြုပြင်ရမယ်။ ဖြစ်နိုင်ခြေကို တွက်ပြီး တိုးသင့်တန်တိုး၊ ဆုတ်သင့်တန် ဆုတ်ရမယ်။ ရှိသမျှ စိတ်ကူးနဲ့ နယ်ချဲ့ပစ်ရမယ်။ ခပ်ကြီးကြီးတွေးပြီး အဲဒီ အတွေးနောက်မှာ အလုပ်လိုက်ရမယ်။ ဒီဘဝ၊ ဒီ တစ်သက်မှာ ဒါမျိုးတော့ ရချင်တယ်၊ ဖြစ်ချင်တယ် ဆိုတာမျိုး တွေးရမယ်။ အိပ်မက်တွေ မက်ရမယ်။ နိုင်ငံတကာမှာ အသက် ၂၀ ကျော်ပြီဆိုရင် ကမ္ဘာပတ်ပြီး အလုပ်ရှာနေပြီ။ အာရှအိမ်နီးချင်း နိုင်ငံတွေမှာလည်း ပညာတတ် လူလတ်တန်းစားတွေ ဟာ နှစ်ဆယ်ကျော်၊ သုံးဆယ်ကျော်ဆို လုပ်ငန်းတွေ ဦးစီးနေပြီ။ အုပ်စုဖွဲ့ပြီး ကမ္ဘာပတ်နေကြပြီ။

ဒီတော့ စာရေးသူတို့ မြန်မာလူငယ်တွေအနေနဲ့ ဒီဘဝ၊ ဒီတစ်သက်တာမှာ တန်းတူရည်တူ လူတန်းစေ့ ဒေသဆိုင်ရာ အဆင့်အတန်းနဲ့ ယှဉ်ပြိုင် တိုးနိုင်ကြစေချင်တယ်။ အခုပဲ အာဆီယံတစ်ပြေးညီ အဆင့်အတန်းတွေ ဆိုတာ ဘက်ပေါင်းစုံမှာ လာတော့မယ်။ ကိုယ်ညံ့ရင် ကိုယ်ခံရမယ်။ ကမ္ဘောဒီးယား၊ လာအိုလောက်က ကိုယ့်ကို ဆရာလုပ်သွားလိမ့်မယ်။ ဒီတော့ ဘာလုပ်ကြမလဲ။ လောဘတွေ မွေးရမယ်။ ပညာလောဘ၊ အလုပ်လောဘ၊ အချိန်လောဘ၊ တစ်ဖက်ကတော့ အစွန်းမရောက်အောင် ကိုယ်ယုံကြည်ကိုးကွယ်ရာ ဘာသာရေးနဲ့ ထိန်းပေါ့။

ဒီတော့ ပညာသင်ဆု ရဖို့အတွက် ဆန္ဒရှိရင် ဒီနေ့ကစပြီး ကြိုးစားပါ။ ကိုယ့်ကိုယ်ကိုယ် ဖြည့်ဆည်း တည်ဆောက်ပါ။ ပညာဝန်းကျင် ဖန်တီးပါ။ အဆက်အသွယ်ရှာပါ။ အဲဒါတွေအားလုံးဟာ ကိုယ့်ပေါ်မှာသာ မူတည်ပါတယ်။ အဲဒီလိုမဟုတ်ဘဲ အခွင့်အရေးပေါ်မှ အရေးပေါ် တက်သုတ်ရိုက်၊ သင်တန်းတွေတက်၊ ဟိုမေးဒီမေး လုပ်ရင်တော့ ပညာသင်ဆု အိပ်မက်က ဝေးမြဲဝေးနေပါလိမ့်မယ်။

The Voice Weekly

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...