လွယ်ကူပါစေ သင်ကြားရေး



‘က’ ကလေးငယ် ချစ်စဖွယ်၊

‘ခ’ ခရေကုံးမလေးပြုံး၊

‘ဂ’ ဂဏန်းသင်ပြုံးရွှင်ရွှင်

သူငယ်တန်း ဖတ်စာအုပ်ပါတဲ့ ကဗျာလေးတစ်ပုဒ်ပါ။

မြို့ပြနေကလေးတွေရဲ့ ပါးစပ်ဖျားမှာဆိုလို့ကောင်းတဲ့ ကဗျာအဖြစ်ရှိနေပေမယ့် တိုင်းရင်းသားကလေး တွေ ရဲ့ ပါးစပ်ဖျားမှာတော့ အထစ်ထစ်အငေါ့ငေါ့နဲ့ စာကြောင်းတစ်ကြောင်း ပြီးဆုံးဖို့ အနည်းဆုံး စက္ကန့် သုံးဆယ်လောက် အချိန်ယူရတယ်လို့ ရှမ်းပြည်နယ်မန်ပုတ်ကျေးရွာမှာ မူလတန်းပြသင်ကြားပေးနေ တဲ့ ဆရာမဒေါ်နန်းမို့မို့လွင်က ပြောပါတယ်။ ပြီးတော့ကလေးတွေ စာတစ်ကြောင်းရဲ့အဓိပ္ပာယ်ကို နားလည်အောင် ဘယ်လိုရှင်းပြရမလဲဆိုတာ အချိန်ယူရပါတယ်။

မြန်မာစကားကို ရေရေရာရာနားမလည်ခြင်းကြောင့် ဗမာစာသင်ကြားရာတွင် အခက်အခဲရှိပြီး ဗမာစာ မတတ်ခြင်းရဲ့ နောက်ဆက်တွဲကတော့ မြန်မာလိုပြဋ္ဌာန်းထားတဲ့ သင်္ချာဘာသာရပ်နဲ့ သိပ္ပံဘာသာရပ် မှာတိုင်းရင်းသားကလေးတွေအတွက် စာလိုက်နိုင်မှု စွမ်းရည်လျော့ကျတယ်လို့ သိရပါတယ်။

ယခင်အိမ်စောင့်အစိုးရလက်ထက်မှာ ဦးနေဝင်းရဲ့ မဟာလူမျိုးကြီးဝါဒနဲ့ အုပ်ချုပ်မှုမှာ ဘာသာစကားကို အသုံးချသွားခဲ့ပြီး၊ တိုင်းရင်းသား ဘာသာစကားတွေကို သင်လို့မရအောင် ပိတ်ပင်လိုက်ပြီး တိုင်းရင်း သားတွေရဲ့ ကဏ္ဍမှေးမှိန်အောင် လုပ်ခဲ့ပါတယ်။ နောက်ဆက်တွဲအကျိုးရလဒ်တွေကတော့ တိုင်းရင်း သားတွေ စာတတ်မြောက်မှုနှုန်း နှေးကွေးသွားပြီး တန်းတူအခွင့်အရေးရရှိမှုမှာ နောက်ကျ ကျန်နေမှု များ ဖြစ်ခဲ့ရပါတယ်။

ပညာရေးဝန်ကြီးဌာနက သတ်မှတ်ထားတဲ့ Course ကိုအချိန်မီပြီးပြတ်အောင် သင်ရသလိုကျောင်း သားတွေ စာလိုက်နိုင်အောင်လည်း သင်ကြားရပါတယ်။ တစ်ခါတစ်ခါ ကျောင်းသားတွေအတွက် အဆင်သင့်မဖြစ်သေးဘူး။ သင်ထားတဲ့စာတွေကို စာမေးပွဲဖြေရမယ်ဆိုလို့ ရောချလိုက်တဲ့လတွေက လည်း မနည်းတာတော့ အမှန်ပါ။ ဒီလိုနဲ့တစ်နှစ်တစ်တန်းအောင်အောင် သင်ပြီးမူလတန်းလည်း ပြီးသွားရော အိမ်အခြေအနေ အဆင်မပြေလို့ဆိုတဲ့ အကြောင်းပြချက်နဲ့ ကျောင်းထွက်သွားတာလည်း ဒုနဲ့ဒေးပါပဲ။

“ကလေးတွေက တရုတ်စကားနဲ့ ရှမ်းစကားပဲ တတ်တာမြန်မာစကားကို သိပ်မပြောဘူး။ တချို့ကလေး တွေ က မြန်မာစကားနည်းနည်းပြောတတ်တော့ အချင်းချင်းဘာသာပြန်ခိုင်းပြီး သင်ရတယ်။ အချိန်က တော့ကြာ တယ်။ အားလုံးကတော့ တော်တဲ့စာရင်းထဲမှာမပါပါဘူး” ဟုဆရာမဒေါ်နန်းမို့မို့လွင်က ပြော ပါတယ်။ ရှမ်းပြည်နယ်မှာမွေးပြီး ရှမ်းပြည်နယ်မှာ ကြီးပြင်းတဲ့သူ့အတွက် ရှမ်းစကားနဲ့ မြန်မာစာသင် ကြားရာမှာ အခက်အခဲမရှိပေမယ့် အခြားအောက်မြန်မာပြည်ဘက်ကလာတဲ့ ကျောင်းဆရာ/ ကျောင်း ဆရာမတွေ အတွက်ကတော့ ကျောင်းသားနဲ့ဆရာကြား ဗျာများနေရတာ မရိုးတော့ပါဘူး။ တချို့ ကျောင်းဆရာတွေ ကတော့ တာဝန်ကျလာတာ နှစ်ကြာလာတာနဲ့အမျှ လူမျိုးစကားကို အနည်းငယ် တတ်ကျွမ်းပြီး သင်ကြား မှုတွေ ပြုလုပ်တယ်လို့သိရပါတယ်။

ရွှေ့ပြောင်းလူဦးရေများပြားလာတဲ့အတွက် မြို့ပေါ်နေ တိုင်းရင်းသား ကလေးတွေအတွက် မြန်မာ စကား ပြောဆိုမှုဟာ ခက်ခဲမှုမရှိပေမယ့် မြို့နဲ့ဝေးကွာတဲ့ ကျေးရွာတွေမှာတော့ မြန်မာစကားပြောဆိုမှုဟာ မရှိ သလောက်ဘဲလို့ သိရပါတယ်။ အဲဒီကလေးတွေမြန်မာစကား မြန်မာစာကိုပထမဆုံးထိတွေ့ရတဲ့ အချိန်ဟာအခြေခံပညာမူလတန်းကျောင်းနေတဲ့အချိန်ဆိုရင်လည်း မမှားပါဘူး။

မြန်မာနိုင်ငံရဲ့ ပညာရေးမှာတိုင်းရင်းသား ဘာသာစကားနဲ့ သင်ကြားမှုကို ဗြိတိသျှကိုလိုနီခေတ် ကတည်း က ထည့်သွင်းသင်ကြားစေခဲ့ပေမယ့် နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့နှင့် နိုင်ငံတော်အေး ချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီခေတ်မှာတော့ တိုင်းရင်းသားဘာသာစကား အသုံးပြုသင်ကြားမှုကို ပိတ်ပင်ထားခဲ့တာ ယနေ့အချိန်ထိပါပဲ။ လက်ရှိအစိုးရသစ် လက်ထက်မှာတော့ ပွင့်လင်းလာမှုနဲ့အညီ တိုင်းရင်းသားပြည်နယ်အသီးသီးက ယဉ်ကျေးမှု၊ စာပေ၊ မပျောက်ရေးအတွက် သက်ဆိုင်ရာ ဘာသာ စကားတွေကို ကျောင်းချိန်တွင်းမှာ သင်ကြားရန်၊ ပညာရေးဆိုင်ရာအဖွဲ့အစည်း ပညာရှင်တွေက ကျောင်း ပညာရေးမှာ တိုင်းရင်းသားဘာသာစကားနဲ့ပါ သင်ကြားရန်တောင်းဆိုမှုတွေ၊ ဥပဒေရေးဆွဲမှုတွေ ကို ပြုလုပ်နေကြတယ်လို့ သိရပါတယ်။

“ကလေးတွေက စာသင်ကြားရာမှာ ကိုယ်နဲ့စိမ်းတဲ့ဘာသာစကားကို သင်ကြားရတဲ့အချိန်ကျတော့ ယုံကြည်မှု မရှိတော့ဘူး။ သက်သောင့်သက်သာ မရှိတော့ဘူးပေါ့။ ကိုယ်တောင်အစည်းအဝေးပွဲတွေမှာ အင်္ဂလိပ်လိုပြောရင် နားလည်ပါ့မလားဆိုတဲ့ ယုံကြည်မှုတော့လျော့တာပဲ” ဟု ငြိမ်းဖောင်ဒေးရှင်းမှ တာဝန်ခံဦးဟန်ရီဆန်က ပြောပါတယ်။ ကလေးတွေအနေနဲ့ ဘာသာစကားသင်ယူမှုကွဲပြားတာတွေ ဟာ စိတ်ဖိစီးမှုရရှိတာတွေ၊ စာသင်ကြားရာမှာ ယုံကြည်မှုလျော့နည်း တာတွေမှတစ်ဆင့် ကျောင်းမ ပျော်တော့ တာတွေဖြစ်ပြီး ကျောင်းထွက်ရတဲ့အဆင့်ထိ ဖြစ်ပွားတယ်လို့ ၎င်းကဆိုပါတယ်။

ယူနက်စကိုရဲ့ စာတတ်မြောက်ရေးဆယ်စုနှစ် (United Nations Literacy Decade) ကို ၂၀၀၃ ခုနှစ် ကနေ ၂၀၃၂ ခုနှစ်အထိ သတ်မှတ်ထားတယ်လို့ သိရပါတယ်။ နိုင်ငံတော်တော်များများမှာ ပညာရေးနဲ့ ပတ်သက်ပြီးထင်ရှားတဲ့ အောင်မြင်မှုရခဲ့ပေမယ့် ကမ္ဘာပေါ်မှာလူသန်းပေါင်း (၈၀၀) ဟာ စာတတ် မြောက်မှု မရှိဘူးလို့ ယူနက်စကိုစစ်တမ်းက ဖော်ပြထားပါတယ်။ အဲဒီထဲက ကလေးသန်း (၁၀၀) ဟာဆိုရင် ပညာ သင်ကြားခွင့်ကို ငြင်းပယ်ခံနေရပြီး ကျောင်းထွက်တဲ့ကလေးအများစုဟာ လူနည်းစု တိုင်းရင်းသားတွေ၊ ဆင်းရဲနွမ်းပါးသူတွေ၊ ဝေးလံတဲ့နေရာဒေသက ကလေးတွေဖြစ်တယ်လို့ ဖော်ပြ ထားပါတယ်။

ပြည်တွင်းသတင်းဂျာနယ်တစ်စောင်ရဲ့ ဖော်ပြချက်အရ ပညာရေးဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်မှာ မြန်မာနိုင် ငံမှာလည်း (၁၀) နှစ်အတွင်း မြို့ပြနေကလေးတွေရဲ့ ကျောင်းထွက်နှုန်းဟာ မူလတန်းမှာ ဆိုရင် (၁ ဒသမ ၉ ရာခိုင်နှုန်း၊ အလယ်တန်းမှာဆိုရင် (၀ ဒသမ ၈ ရာခိုင်နှုန်း)၊ အထက်တန်းမှာဆိုရင် (၃၃ ဒသမ ၈) ရာခိုင်နှုန်းရှိတယ်လို့ သိရပါတယ်။ ဒါပေမယ့် ကျေးရွာနေကလေးတွေရဲ့ ကျောင်းထွက် နှုန်းကတော့ မူလတန်းမှာဆိုရင် (၁၃ ဒသမ ၉) ရာခိုင်နှုန်း၊ အလယ်တန်းမှာဆိုရင် (၂၂ ဒသမ ၇) ရာခိုင်နှုန်း၊ အထက် တန်း (၄၂ ဒသမ ၉) ရာခိုင်နှုန်းရှိတဲ့အတွက် မိသားစုအခြေအနေအရ ကျောင်း ထွက်မှုမရှိသလို၊ ဘာသာ စကား အခက်အခဲကြောင့် ကျောင်းထွက်နိုင်တယ်လို့ ပညာရေးပညာရှင် အချို့က သုံးသပ်ထားပါတယ်။

ပညာရေးဝန်ကြီးဌာနက ရေးဆွဲတဲ့အမျိုးသားရေးဥပဒေမူကြမ်းမှာ တိုင်းရင်းသားတွေ မိခင်ဘာသာ စကား သင်ကြားမှုနဲ့ ပတ်သက်ပြီးထည့်သွင်းရေးဆွဲထားပေမယ့် တိုင်းရင်းသားမိခင်ဘာသာစကား သင်ကြားမှုနဲ့ ပတ်သက်ပြီးရှေ့နောက်ကိုက်ညီမှုမရှိတာကြောင့် ပညာရေးစနစ်ပြုပြင်ပြောင်းလဲရေး နိုင်ငံလုံးဆိုင်ရာ ကွန်ရက် (NNER) မှကန့်ကွက်မှုတွေ ပြုလုပ်ထားတယ်လို့ သိရပါတယ်။

ငြိမ်းဖောင်ဒေးရှင်းက ၂၀၁၁ ခုနှစ်မှာ ကချင်၊ ကရင်၊ ချင်း၊ မွန်၊ ရခိုင်နဲ့ ရှမ်းပြည်နယ်မှာရှိတဲ့ ကျေးရွာ ၂၁ ရွာက ကလေး (၇၀၀) နီးပါးနဲ့ မိဘ၊ ဆရာ၊ ကျေးရွာလူကြီး (၁၁၉၉) တို့ကို မေးမြန်းမှုတွေ ပြုလုပ်ခဲ့တာ ကလေးအများဆုံးဟာ မြန်မာစကားတတ်သည့်တိုင် ဆရာတွေရဲ့ပြောဆိုသည့် လေသံကို မဖမ်းနိုင် ခြင်းကြောင့် နားမလည်ကြောင်းမြန်မာစကားကို အသုံးပြုရာမှာ စာလုံးပေါင်းမှားယွင်းကြောင်း၊ အမေး အမြန်းပြုလုပ်ရာမှာ နှေးကွေးမှုများကို ရင်ဆိုင်နေရတယ်လို့ သိရပါတယ်။

“လွှမ်းမိုးမှုများတဲ့ ပညာရပ်နဲ့လွှမ်းမိုးမှုနည်းတဲ့ ပညာရပ်ဆိုရင်လွှမ်းမိုးမှုများတဲ့ ပညာရပ်ကိုပဲသင်ကြမှာ အဲ့ဒါဆိုရင်လွှမ်းမိုးမှုနည်းတဲ့ ပညာရပ်ကိုစွန့်ရမှာဘဲ၊ အဲ့ဒါတိုင်းရင်းသား စည်းလုံးညီညွတ်မှုမှာ မကောင်း ဘူး” ဟု ဦးဟန်ရီဆန်က ပြောပါတယ်။ လက်ရှိမှာတော့ တိုင်းရင်းသားကလေးတွေ စာသင် ကြားရာမှာ အခက်အခဲမရှိစေဖို့အတွက် မြန်မာစာကို (၆၀) ရာခိုင်နှုန်း၊ မိခင်ဘာသာစကားကို (၄၀) ရာခိုင်နှုန်း သင်ကြားဖို့ ပညာရေးဝန်ကြီးဌာနကို အကြံဉာဏ်ပေးထားတယ်လို့ သိရပါတယ်။

ထို့ပြင်ပညာရေးစနစ် ပြုပြင်ပြောင်းလဲရေး နိုင်ငံလုံးဆိုင်ရာကွန်ရက်မှ ပြည်သူ့လွှတ်တော်ကို တင်သွင်း တဲ့ အမျိုးသားပညာရေး မူဝါဒ (မူကြမ်း) မှာတိုင်းရင်းသား ဘာသာစကားသင်ကြားရေးနဲ့ ပတ်သက်ပြီး ဒေသ အသီးသီးရဲ့ မူလတန်းကျောင်းတွေမှာ ဘာသာစကားသုံးမျိုးဖြစ်တဲ့ မိခင်ဘာသာစကား၊ မြန်မာ ဘာသာ စကား၊ အင်္ဂလိပ်ဘာသာစကားတို့ကို သင်ကြားရန်၊ တိုင်းရင်းသားဘာသာစကား သင်ကြားရာတွင် အသုံးပြုမည့် ဖတ်စာအုပ်များကို သက်ဆိုင်ရာတိုင်းရင်းသားပညာရှင်များ ကိုယ်တိုင်လွတ်လပ်စွာ ရေးသား ရန်၊ တိုင်းရင်းသားဘာသာစကားကို သင်ကြားမည့်ဆရာ၊ ဆရာမများကို လေ့ကျင့်မွေးထုတ်ရန်၊ ဒေသသုံး ဘာသာစကားများကို သင်ကြားမည့်ဆရာ၊ ဆရာမများကို ခန့်အပ်ရာတွင် ဒေသခံများကို အထူး ဦးစားပေးလေ့ကျင့် ခန့်အပ်ရမည် အစရှိသည့်အချက် (၁၁) ချက်ကို ထည့်သွင်းထားတယ်လို့ သိရပါတယ်။

ပညာရေးဝန်ကြီးဌာနကရေးဆွဲတဲ့ အမျိုးသားပညာရေးဥပဒေကြမ်း (မူကြမ်း) မှာလည်း တိုင်းရင်း သား တွေမိခင်ဘာသာစကား သင်ကြားမှုနဲ့ပတ်သက်ပြီး ထည့်သွင်းရေးဆွဲထားပေမယ့် ဥပဒေမူကြမ်း မှာ တော့ တိုင်းရင်းသားမိခင်ဘာသာ စကားသင်ကြားမှုနဲ့ ပတ်သက်ပြီးရှေ့နောက်ညီမှုမရှိတာတွေကြောင့် ပညာရေးစနစ်ပြုပြင်ပြောင်းလဲရေး နိုင်ငံလုံးဆိုင်ရာကွန်ရက် (NNER) မှကန့်ကွက်မှုတွေ ပြုလုပ်ထား တယ်လို့ သိရပါတယ်။

“ဥပဒေကြမ်းအစမှာတော့ တိုင်းရင်းသား မိခင်ဘာသာစကားသင်ကြားဖို့ပါပေမယ့် ဥပဒေကြမ်း အခန်း (၅) မှာတော့ တိုင်းရင်းသားမိခင်ဘာသာစကားကို သင့်လျော်သလို ထည့်သွင်းအသုံးပြုမယ်လို့ပဲပါ တယ်၊ အမှန်တကယ်ဖြစ်စေချင်တာ တိုင်းရင်းသားတွေမိခင်ဘာသာစကားနဲ့ ပတ်သက်ပြီးတိကျတဲ့ ဥပဒေကို လိုချင်တာပါ” ဟုပညာရေးစနစ် ပြုပြင်ပြောင်းလဲရေး နိုင်ငံလုံးဆိုင်ရာကွန်ရက် (NNER) မှ ဆလိုင်းဂျင်မီရီဇက်ဘွေး က ပြောပါတယ်။

အစိုးရရေးဆွဲတဲ့ ဥပဒေကြမ်းမှာ ရုံးသုံးဘာသာစကားဖြစ်သော မြန်မာစကားသည် အခြေခံပညာ အဆင့် တွင် သင်ကြားသင်ယူမှု ဘာသာစကားဖြစ်ပြီး လိုအပ်ပါကကလေးများ၏ မိခင်ဘာသာ စကား ဖြင့် ရှင်းလင်းသင်ကြား နာယူခွင့်ပြုတယ်လို့ ပါရှိပါတယ်။ ထို့ပြင်တိုင်းရင်းသားများ၏ စာပေနှင့် ယဉ် ကျေးမှုများ၊ အနုပညာနှင့် ရိုးရာဓလေ့များကို အခြေခံပညာသင်ရိုးညွှန်းတမ်းများတွင် သင့်တော်သလို ထည့်သွင်းရမယ် စတဲ့အချက်တွေက တိုင်းရင်းသားကလေးတွေ မိခင်ဘာသာစကားသင်ကြားရေးကို အနှောင့်အ ယှက်ဖြစ်စေတယ်လို့ ပညာရေးပညာရှင်တွေက သုံးသပ်ထားပါတယ်။

ပြည်မ တိုင်းရင်းသားနဲ့တောင်ပေါ်တိုင်းရင်းသားတွေကို နှိုင်းယှဉ်မှုတွေ ပြုလုပ်လိုက်ပါက တောင်ပေါ် တိုင်းရင်းသားတွေရဲ့ စာတတ်မြောက်မှုနှုန်းဟာ သိသိသာသာကို ကွာခြားမှုတွေရှိတယ်လို့ သိရပါ တယ်။ စာတတ်မြောက်မှုနှုန်းနည်းတဲ့အတွက် အခွင့်အလမ်းမှာလည်း နည်းသွားပြီးတဖြည်းဖြည်း တိုင်းရင်းသား ကလေးတွေရဲ့ အရေးပါမှုဟာ နောက်ကျကျန်ခဲ့တယ်လို့ ပညာရေးဆိုင်ရာ သုတေသန ပညာရှင်တွေ က ပြောပါတယ်။

တိုင်းရင်းသားကလေးတွေက မြန်မာစာ၊ မြန်မာစကားကိုပဲ အဓိကသင်ကြားမှုတွေ ပြုလုပ်တဲ့အတွက် သက်ဆိုင်ရာဘာသာစကား၊ စာပေ၊ ယဉ်ကျေးမှုတွေမှာ စာတမ်းမပြုစုနိုင်ခြင်း၊ ဒေသရဲ့မတူကွဲပြားတဲ့ အယူအဆကို မသိတော့ခြင်းတို့ကြောင့် တိုင်းရင်းသားအမွေအနှစ်တွေ၊ သမိုင်းကြောင်းတွေ မှေး မှိန် ပျောက်ကွယ်သွားမှာကို တိုင်းရင်းသားတွေအနေနဲ့ စိုးရိမ်နေတယ်လို့သိရပါတယ်။

မိခင်ဘာသာစကားကို သင်ကြားဖို့ဆိုရင် အချိန်ယူရမယ် ရုတ်တစ်ရက်ကောက်လုပ်လို့ မရနိုင်ဘူး ရေရှည် အတွက် စဉ်းစားရမယ်။ နိုင်ငံတော်ပိုင်းကလည်း အပေါ်ပိုင်းတင်လုပ်လို့မရဘူး၊ အောက်ခြေ အဆင့်တွေဖြစ် တဲ့ မြို့နယ်ပညာရေးမှူးတို့နဲ့ ညှိနှိုင်းဆွေးနွေးရမယ်၊ အောက်ခြေအဆင့်ကမှ တကယ် ထိတွေ့တာဖြစ်တဲ့ အတွက်ပါ” ဟု Save the Children မှပြင်ပကျောင်းပညာရေး အတိုင်ပင်ခံ ဦးသိန်း အောင်ကပြောပါတယ်။

လက်ရှိအနေနဲ့ အစိုးရပညာရေးအဖွဲ့အစည်းများမှ တိုင်းရင်းသားဒေသတွေမှာ မိခင်ဘာသာစကား သင်ကြားမှုနဲ့ ပတ်သက်ပြီးစာတမ်းပြုစုမှုများ၊ စစ်တမ်းကောက်ယူမှုများ၊ စစ်တမ်းကောက်ယူမှုများ၊ မူဝါဒရေးဆွဲမှုများကို ပြုလုပ်နေသော်လည်း အချက်အချို့ ကွဲလွဲမှုများရှိနေခြင်းကြောင့် တူညီသည့် အချက်များကို စုပေါင်းဆောင်ရွက်သင့်ကြောင်း၊ နိုင်ငံတော်အနေနဲ့လည်း တူညီမှုမရှိခြင်းများကို အရှိတိုင်းလက်ခံပေးရန် လိုအပ်ကြောင်း ပညာရှင်များကမှတ်ချက်ပြုပြောပါတယ်။

တရုတ်ပြည်သူ့ သမ္မတနိုင်ငံအပါအဝင် အာဆီယံနိုင်ငံတွေဖြစ်တဲ့၊ ဘရူနိုင်းဒါရုဆလင်နိုင်ငံ၊ ကမ္ဘောဒီး ယားနိုင်ငံ၊ ဗီယမ်နမ်နိုင်ငံ၊ အင်ဒိုနီးရှားနိုင်ငံ၊ မလေးရှားနိုင်ငံနဲ့ ထိုင်းနိုင်ငံတွေမှာဆိုရင် သက်ဆိုင်ရာ အမျိုးသားဘာသာစကားနဲ့ အင်္ဂလိပ်ဘာသာစကားကို ကျောင်းသင်ဘာသာရပ်ဖြင့် သင်ကြားမှုပြုလုပ် ပြီး၊ သက်ဆိုင်သည့်တိုင်းရင်းသား ဘာသာစကားသင်ကြားမှုများကို မူလတန်းကြိုကျောင်းများ၊ မူလတန်းကျောင်းများမှာ သင်ကြားတယ်လို့ သိရပါတယ်။ အချို့နိုင်ငံတွေကတော့ မူလတန်းအဆင့်မှာ မိခင်ဘာသာစကားကို လေ့ကျင့်သင်ကြားပြီး၊ အတန်းမြင့်လာတာနဲ့အမျှ အမျိုးသားဘာသာစကားကို တိုးမြှင့်သင်ကြားမှုတွေပြုလုပ်တယ်လို့ သိရပါတယ်။ အာရှနိုင်ငံမှာဆိုရင် ဘာသာစကား (၂၂၁၅) မျိုး ရှိပြီး တရုတ်နိုင်ငံမှာဆိုရင် (၂၉၈) မျိုး၊ မလေးရှားမှာဆိုရင် (၁၃၈) မျိုး၊ အင်ဒိုနီးရှားမှာဆိုရင် (၇၀၆) မျိုး၊ ဖိလစ်ပိုင်မှာဆိုရင် (၁၈၁) မျိုး၊ အိန္ဒိယနိုင်ငံမှာဆိုရင် (၄၄၇) မျိုးရှိတယ်လို့ သိရပါတယ်။ အဲဒီနိုင်ငံ တွေရဲ့ တိုင်းရင်းသားဘာသာစကားများပြားမှုဟာ မြန်မာနိုင်ငံထက်များပြားပေမယ့်၊ မိခင်ဘာသာ စကားသင်ကြား မှုနဲ့ ပတ်သက်ပြီး ပြဿနာတစ်စုံတစ်ရာမရှိဘူးလို့ သိရပါတယ်။

“မြန်မာပြည်မှာ တိုင်းရင်းသားမျိုးနွယ်တွေက အရမ်းများတဲ့အတွက် မိခင်ဘာသာစကားသင်ကြားဖို့ လွယ်လွယ် ကူကူနဲ့တော့မဖြစ်ဘူး၊ သက်ဆိုင်တဲ့ကျောင်းဆရာမတွေကို မွေးထုတ်ပေးရမယ်၊ အဲဒီအတွက် လိုအပ်တာတွေကလည်း အများကြီးပဲတကယ်တမ်း သင်ကြားမှုပြုလုပ်မယ်ဆို တိုင်းရင်းသား အပစ်အခတ် ရပ်စဲပြီးမှာသာ ဆောင်ရွက်နိုင်မှာဟု (လက်တွေ့ကျသော ပညာရေးပြုပြင်ပြောင်းလဲချက်များ) သမ္မတ အကြံပေးတစ်ဦးက ပြောပါတယ်။ ၂၀၁၃ ခုနှစ် မတ်လက နေပြည်တော်မှာ ပြုလုပ်သွား တဲ့တိုင်းရင်းသား ဘာသာစကားသင်ကြားရေး ညှိနှိုင်းအစည်းအဝေးမှာ စကောကရင်၊ အရှေ့ပိုးကရင်၊ အနောက်ပိုးကရင်၊ မွန်၊ ကယား၊ ကလော၊ ကယန်း၊ လားဟူ၊ ပလောင်၊ ဖလမ်းချင်း၊ ဟားခါးချင်း၊ တီးတိန်ချင်းတိုင်းဆာရှမ်း၊ တိုင်းလိုင်ရှမ်း၊ ဂုံရှမ်း၊ တိုင်းလုံရှမ်း၊ လာချိဒ်ကချင်၊ ရဝမ်ကချင်၊ ဇိုင်ပါးက ချင်၊ လော်ဝေါ်ကချင်၊ လီဆူးကချင်၊ ပအို့ဝ်၊ ဓနု၊ အင်းသား၊ ရခိုင်၊ သက်၊ မြို စတဲ့စာပေတွေကို မူလတန်းအောက်အဆင့် သူငယ်တန်း၊ ပထမတန်း၊ ဒုတိယတန်းကျောင်းသုံး သင်ခန်းစာတွေမှာ ထည့်သွင်းသွားရန်အတွက် အဖွဲ့လိုက် စတင်နေပြီလို့ သိရပါတယ်။

မြန်မာနိုင်ငံမှာ တိုင်းရင်းသာမျိုးနွယ်တွေ များပြားတဲ့အပြင် မျိုးနွယ်စာပေများလည်း များစွာရှိတယ်။ မျိုးနွယ်စာပေအားလုံး ပြဋ္ဌာန်းရန်မဖြစ်နိုင်တဲ့အတွက် တိုင်းရင်းသားမျိုးနွယ်တွေရဲ့ အဓိကစာပေကို ရွေးချယ် ၍ သင်ကြားနိုင်ရေးအတွက် ငြိမ်းဖောင်ဒေးရှင်းက ပညာရေးဝန်ကြီးဌာနကို တင်ပြမှုတွေ ပြုလုပ်ထားတယ် လို့ သိရပါတယ်။

သမ္မတဦးသိန်းစိန်က ၂၀၁၃ ခုနှစ်၊ ဇွန်လကပြောခဲ့တဲ့ မိန့်ခွန်းမှာ ပြည်ထောင်စုနိုင်ငံတစ်နိုင်ငံဖြစ်တာနဲ့ အညီနိုင်ငံရေးလမ်းစဉ်မှာ တိုင်းရင်းသားတွေ အားလုံးတန်းတူရည်တူပါဝင်ဖို့ မဖြစ်မနေဆောင်ရွက်ရ မည်ဖြစ်ပြီး၊ တိုင်းရင်းသားတွေရဲ့ ခေတ်အဆက်ဆက် အကောင်အထည်မပေါ်ခဲ့တဲ့ အိပ်မက်တွေ လွင့် ပြယ်ပျောက်ပျက်ခဲ့ရတဲ့ မျှော်လင့်ချက်လည်း ဖြစ်ပါတယ်လို့ ၎င်းရဲ့မိန့်ခွန်းမှာ ပြောကြားခဲ့ပါတယ်။

အမှန်တကယ် တိုင်းရင်းသားတွေရဲ့ မျှော်လင့်ချက်ဖြစ်လာနိုင်မလားဆိုတာ ……….

The Messenger
Vol.4, No.47, April.21, 2014

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...