အများအကျိုး ဆောင်ခြင်းနှင့် ကိုယ်စိတ် ကျန်းမာရေး

 

စတီဖန်ပို့စ် တစ်ယောက် ကလေး ဘ၀တုန်းက ကျောင်းမှာ အမှတ် ကောင်းကောင်း မရလို့ စိတ်မချမ်း မသာ ဖြစ်နေရ သည့်အခါမျိုး၊ ညီအစ်ကို မောင်နှမတွေ ကစားတဲ့ အထဲ မပါရလို့ ၀မ်းနည်း နေသည့် အခါမျိုးနှင့် အခြားသော အကြောင်း အမျိုးမျိုး တို့ကြောင့် စိတ်မဆင် မပြေသည့် အခါမျိုး တွေမှာ အမေဖြစ် သူက ““အပြင် သွားပြီး တစ်ယောက် ယောက်ကို ကူညီချေ””ဟု လွှတ်တတ်သည်။

အမေက ထိုသို့ လွှတ်လိုက်လျှင် စတီဖန် တစ်ယောက် ဘေးအိမ်က မစ္စတာ မူလာဆီ သွားပြီး ခြံထဲက သစ်ရွက် ခြောက်တွေ လှည်း ကျင်း ရှင်းလင်း ပေးသည်။ ဒါမှမဟုတ်လည်း လမ်းတစ်ဖက် မျက်နှာချင်းဆိုင် အိမ်က မစ္စတာ လောရန့် အိမ်သွားပြီး ခြံထဲ လုပ်စရာ ရှိတာ ၀ိုင်းလုပ်ပေး တတ်သည်။ ““အိမ်ပြန်ရင် ကျွန်တော့် နှလုံးသား လန်းလန်း ဆန်းဆန်း ဖြစ်သွား တာပဲ””ဟု စတုန်နီ ဘရစ်ခ်ျ တက္ကသိုလ်တွင် ကာကွယ် ကုသဆေး များဆိုင်ရာ ပါမောက္ခ ဖြစ်နေ ပြီဖြစ်သော စတီဖန် ပို့စ်က ပြန်ပြောင်း ပြောပြသည်။ ““အများ အကျိုး ဆောင်ခြင်း ဆိုင်ရာ လူသိနည်း နေသေးသော ကောင်းကျိုးများ”” (The Hidden Gifts of Helping) စာအုပ် ကိုလည်း ပို့စ်က ရေး သား ထုတ်ဝေ ထားသည်။ အများ အကျိုး ဆောင်ခြင်းသည် ကိုယ်ကျိုးအောင် စေရုံသာ မက ကျန်းမာ သောဘ၀၊ ပျော်ရွှင်သော ဘ၀ ကိုပါ ရစေ ကြောင်းကို ပို့စ်၏ မေမေဖြစ်သူက ပို့စ်ကို ကလေး ဘ၀ ကတည်းက လက်တွေ့ သင်ပြ ပေးခဲ့သည်။ အများအကျိုး ဆောင်ခြင်း သည် မိမိကိုယ် စိတ် ကျန်းမာရေး ကိုလည်း လက်တွေ့အထောက် အကူပြုကြောင်း လက် တွေ့ သုတေသန စစ်တမ်းများ ကလည်း အတည်ပြု ထားကြသည်။ အများအကျိုး ဆောင်ခြင်းက ကိုယ် စိတ် ကျန်းမာရေး အတွက် ဘာကြောင့် ကောင်းကြောင်း အောက် တွင် ဖော်ပြပါမည်။

အသက် ပိုရှည်စေသည်

နိုင်ငံတကာတွင် ပြုလုပ် ထားသော အများအကျိုး ဆောင်သူ များ၏ ကျန်းမာရေး ကို လေ့လာ ထားသည့် လေ့လာမှု စစ်တမ်း အစောင် (၄၀) ကို စုပေါင်း၍ ၂၀၁၃ ခုနှစ်တွင် ခြုံငုံ သုံးသပ်မှု ကောက်ချက် စစ်တမ်း တစ် စောင် ထုတ်ပြန် ခဲ့သည်။ ထိုစစ်တမ်း အရ အများအကျိုး ဆောင်ကာ သူများကို ကူညီ တတ်သူ များသည် အခြားသူများနှင့် ယှဉ်လျှင် သေဆုံးနိုင်ခြေ (၂၂) ရာခိုင်နှုန်းထိ ပိုနည်း ပါးကြ ကြောင်း တွေ့ခဲ့ရသည်။ နောက်ထပ် လေ့လာမှု စစ်တမ်း တစ်ရပ်တွင်လည်း တစ်နှစ် ကို နာရီ တစ်ရာနှင့် အထက် အများအကျိုး ဆောင် လုပ်ငန်းများ လုပ်သော သက်ကြီးပိုင်း များသည် မလုပ်သော ရွယ်တူ များနှင့်ယှဉ် လျှင် သေဆုံး နိုင်ခြေ (၂၈) ရာခိုင်နှုန်းထိ နည်းပါး ကြသည်ကို တွေ့ရသည်။

““ဘယ်လောက် လုပ်တယ် ဆိုတာက အရေးမကြီး ပါဘူး၊ လုပ်ဖြစ်ဖို့ ကသာ ပို အရေးကြီး တာပါ။ နာရီ (၁၀၀) ပဲဖြစ်ဖြစ်၊ (၇၅) နာရီပဲဖြစ်ဖြစ်၊ (၁၂၅) နာရီပဲဖြစ်ဖြစ် ပုံမှန်လေး လုပ်ဖြစ် သွားဖို့က အရေးကြီးပါ တယ်””ဟု သုံးသပ် စာတန်းကို ပြုစုခဲ့သည့် အဖွဲ့တွင် ပါဝင်သော မင်နီဆိုးတားပြည်နယ် တက်္ကသိုလ် လူမှုဗေဒဌာန ပါမောက္ခ အဲလိ ဇဘတ် လိုက်ဖုက ပြောသည်။ လူကြီးပိုင်းများ မှာချည်း အကျိုး သက်ရောက် သည်မဟုတ်။ အများအကျိုး ဆောင်ခြင်းသည် လူငယ်များ မှာလည်း သိသာသော အကျိုးရ စေကြောင်း နောက်စစ်တမ်း တစ်စောင် ကလည်း ထောက် ပြနေသည်။ အထက်တန်း ကျောင်း သားများ သည် တစ်ပတ်ကို တစ်ကြိမ် မူလတန်း ကျောင်းသား ငယ်လေး များအား ကူညီလုပ် ကိုင်ပေး ခြင်းဖြင့် သွေးတွင်းကို လက်စထရော ဓာတ် သိသိ သာသာ ကျဆင်း သွားသည်ကို တွေ့ ရကြောင်း JAMA Pediatrics လေ့လာ မှုစစ်တမ်းက ဖော်ပြသည်။

ပိုပျော်ရွှင်စေသည်

ကလေးလေး တွေအတွက် ကဗျာ ဖတ်ပြခြင်း၊ ရပ်ကွက် သာရေး နာရေး များပါ ၀ိုင်းကူ လုပ်ပေးခြင်း၊ အလှူခံ ခွက်ထဲ ငွေ အကြွေလေး ထည့်လိုက်ခြင်း ကအစ အများ အကျိုးဆောင် ကူညီသော အပြုအမူ တစ်ခုခု လုပ်လိုက် သည်နှင့် ဦးနှောက်၏ ဆုလာဘ် ချီးမြှင့်သည့် ခံစားချက် ပေါ်သော နေရာသည် လူကို တက်ကြွ စေသော ဒိုပါမင် ဓာတ်ကို ထုတ်ပေးသည်။ လေ့လာမှု တစ်ခုတွင် တစ်ပတ် ကို တစ်ရက် ကြင်နာမှု အပြုအမူ ငါးခုပြည့် အောင် လုပ်ခိုင်း ကြည့်ပြီး ထိုသူများ၏ ကိုယ် စိတ် ကျန်းမာမှု အရည် အသွေးကို ခြောက် ပတ်ကြာ စောင့်ကြည့် မှတ်တမ်း တင်ခဲ့သည်။ မိတ်ဆွေ တစ်ယောက်ကို ကူညီခြင်း၊ ဆွေမျိုး တစ်ယောက် ယောက်ဆီ သွားလည်ခြင်း၊ ကျေးဇူး တင်ကြောင်း စာတစ်စောင် ပို့ခြင်း စသည့် သေးငယ်၍ လုပ်ရ လွယ်သော အလုပ် လေးများကို လုပ်ခိုင်း ကြည့်သည်။ ခြောက် ပတ်ပြည့်၍ ရလဒ်များ ခြုံငုံ အဖြေ ထုတ်ကြည့် သည့်အခါ ထိုသူများ၏ ကိုယ်စိတ် ကျန်းမာ မှုပမာဏသည် သိသိ သာသာကို မြင့်တက် နေကြောင်း တွေ့ခဲ့ရသည်။ ကြင်နာမှု အပြု အမူလေးများ တစ်ပတ်ကို တစ်ရက်ခန့်ဖြင့် ခြောက်ပတ် နီးပါး လုပ်လိုက်သည့် အခါ သိသာသော ကျန်းမာရေး ကောင်းကျိုးကို ရသည်မှန် သော်လည်း တစ်ပတ် ခန့်သာ လုပ်ပြီး ရပ်လိုက် သည့်လူများ မှာမူကား ထူး ခြားမှု မရှိသည် ကိုလည်း တွေ့ရသည်။

““သက်ရောက် မှုဖြစ်ပေါ် နိုင်တဲ့ ကာလ အတိုင်း အတာ တစ်ခုထိ လုပ်ကိုင် ဖို့တော့ လိုမယ်ဆိုတာ ဒီလေ့လာမှုက ပြနေပါ တယ်””ဟု စစ်တမ်း ခေါင်းဆောင် ကယ်လီဖိုး နီးယား တက္ကသိုလ် စိတ်ပညာ ပါမောက္ခ ဆွန်ရာ လူဘိုမာ စကီးက သုံးသပ်သည်။

““ဆင့်ကဲ အကျိုး သက်ရောက် မှုလို့ ဆိုရမှာ ဖြစ်ပါတယ်။ တစ်ပါး သူကို ကူညီရာ ရောက်တဲ့ ကြင်နာမှု အပြုအမူ လေးတွေ လုပ် ပါများလေ တစ်ပါးသူ တွေက ကိုယ့်အပေါ် အပြု သဘော ဆောင် တုံ့ပြန်မှု ပိုများ လာလေ ဖြစ်ပြီး လောကကြီးမှာ နေရတာ ကိုယ်စိတ် ချမ်းသာ လာလေပါပဲ””ဟု လူဘိုမာစကီး က ဆက်လက် ရှင်းပြသည်။

ကိုယ်လက် နာကျင်မှု ပိုသက်သာ စေသည်

ကျောအောင့် ခါးနား ဝေဒနာ ခံစားနေရ သူချင်း တူတူမှာပင် အခြားနာနေ သူတစ်ဦး ဦးကို ကူညီ လုပ်ကိုင်ပေး သူများသည် ကိုယ် တိုင်မှာ နာကျင် မှုများစွာ သက်သာ ရာရသည် ကို တွေ့ရကြောင်း ဖြင့်လည်း ကိုက်ခဲ နာကျင် မှု သူနာပြုခြင်း ဆိုင်ရာ သုတေသန တစ်ရပ်က စိတ်ဝင်စားဖွယ် ဖော်ပြ သွားသည်။ ကိုယ် လက်ကိုက်ခဲ ဝေဒနာ ခံစားနေရ သူများသည် ခြောက်လခန့် အခြား အလားတူ ခံစား နေရသူ များကို ကူညီပြုစုခြင်း အစီအစဉ်တွင် ပါဝင်ခဲ့ ကြသည်။ နာကျင် ကိုက်ခဲမှုကို အဆင့် သုညမှ (၁၀) ထိ သတ်မှတ်ကာ စာရင်း ကောက်သည်။ ကိုယ်လက် နာကျင်မှုကို ကိုယ်တိုင် ခံစားနေရ လျက်နှင့် အလားတူ ခံစားနေရ သူများကို ကူညီသူ များသည် နာကျင်မှု အဆင့် (၆) ၀န်း ကျင်ရှိခဲ့ရာမှ ခြောက်လ ခန့်ကြာ သည့်အခါ အ ဆင့် (၄) အောက်ထိ ကျဆင်းသွား သည်ကို တွေ့ ခဲ့ရသည်။

““နာတာရှည် ကိုယ်လက် နာကျင် ဝေဒနာ ခံစားနေရ သူတွေဟာ ကူကယ်ရာမဲ့ ခံစားချက်မျိုး ခံစားရ တတ်တယ်။ အဲဒီလို အခြေ အနေမျိုးမှာ အလားတူ ဝေဒနာ ခံစားနေရသူ တွေကို ကူညီ ဖေးမတဲ့ အစီ အစဉ်မှာ ပါဝင်လိုက် တဲ့အခါ ကိုယ့်ကြောင့် တစ်ပါးသူ သက်သာရာ ရတယ်ဆိုတဲ့ ခံစား ချက်ပေါ်လာပြီး ဘ၀မှာ ဦးတည်ချက် တစ်ခု ရှိသွားတဲ့ ခံစားချက် ပေါ်လာ ပါတယ်၊ ဦးတည် ချက်တစ်ခု ပေါ်လာ တဲ့အတွက် ကိုယ့်ကို ဒုက္ခ ပေးနေတဲ့ နာကျင်ဝေဒနာကို အကောင်းဆုံး ဘယ်လို ရင်ဆိုင်မယ် ဆိုတဲ့ စိတ်ခွန်အား လည်း ဖြစ်လာ သလို၊ အပြု အမူကောင်း လုပ်ခြင်း ကြောင့် လူကို တက်ကြွ အားရှိ စေတဲ့ ဒိုပါမင် ဓာတ်လည်း ဦးနှောက်က ထွက်တာကြောင့် နာကျင်ေ ၀ဒနာဟာ လည်း ပိုသက် သာလာရ ပါတယ်””ဟု မက်ဆာ ချူးဆက် အထွေထွေ ရောဂါကု ဆေးရုံကြီးမှ သူနာပြု လုပ်ငန်း ဆိုင်ရာ အထူး ကျွမ်းကျင်သူ ဒေါက်တာ ပေါလ် အန်းဒတိန်းက ပြောသည်။

Social Science & Medicine ဂျာနယ် တွင် ဖော်ပြ ထားသော လေ့လာမှုစစ်တမ်း တစ်ရပ် အရလည်း ကြွက်သား တစ်သျှူးများ မာကြော တောင့်တင်း ရောဂါကြောင့် ကိုယ်လက် နာကျင်မှု ခံစားနေရ သူများသည် အလားတူ ခံစား နေရ သူများကို ဖုန်းဖြင့် ဆက်သွယ် အားပေး စကားပြော ကြားခြင်း အစီအစဉ်တွင် ပါဝင် ခဲ့ရာ အားပေး စကား ပြောကြား သူများ သည် နာကျင်မှုဒဏ် ပိုခံနိုင်ရည် ရှိလာကြ သလို နာကျင်မှုနှင့် ဆက်စပ် ဖြစ်ပွားသော စိတ်ရှုပ် စိတ်ကျ ခြင်းများ ဒဏ်ကိုလည်း ပိုခံနိုင် ရည်ရှိ လာကြ သည်ကို တွေ့ခဲ့ရသည်။

သွေးတိုး ကျစေသည်

၂၀၁၃ ခုနှစ်တွင် ထုတ်ပြန် ခဲ့သော လေ့လာမှု စစ်တမ်း တစ်ရပ်အရ လည်း အသက် (၅၀) အထက် သက်ကြီး ပိုင်းများကို တစ်ပတ် (၄) နာရီနှုန်းနှင့် တစ်နှစ်ကို နာရီနှစ်ရာကျော် အများ အကျိုးဆောင် လုပ်ငန်းများ လုပ်ခိုင်း ကာ စောင့်ကြည့် လေ့လာ ခဲ့သည်။ ထိုအခါ အများ အကျိုးဆောင် လုပ်ငန်းများ လုပ်ကိုင် သော အသက် (၅၀) ကျော်သမား များသည် မလုပ်သော ရွယ်တူ များနှင့် ယှဉ်ပါက သွေး တိုးဝေဒနာ ခံစားရမှု (၄၀) ရာခိုင်နှုန်းထိ နည်းပါး ကြသည်ကို တွေ့ ခဲ့ရသည်။ မည်သည့် အတွက်ကြောင့် ထိုသို့ ဖြစ်ရသည်ကို အတိ အကျ ထောက်ပြ နိုင်ရန် အသေးစိတ် လေ့လာ မှုများ ဆက်လုပ် ရဦးမည်ဖြစ် သော်လည်း ကနဦး ကောက်ချက် အနေနှင့်ကား ထိုသို့ လုပ်ခြင်းဖြင့် စိတ်ဖိစီးမှုကို လျော့ ကျစေသော ဟိုမုန်းဓာတ်များ ထွက်လာခြင်း၊ အများကို ကူညီသည့် လုပ်ငန်း များတွင် တက်ကြွစွာ ပါဝင်ခြင်းကြောင့် ကိုယ်လက် လှုပ်ရှား တက် ကြွခြင်း ကြောင့်လည်း သွေးတိုးဝေဒနာ ခံစားရ နိုင်ခြေ နည်းသွား ကြခြင်းဖြစ် နိုင်ကြောင်း လေ့လာမှု စစ်တမ်း အဖွဲ့ခေါင်းဆောင် ရိုဒဲဆီ ယာ ဆနိဒ်က ပြော သည်။ လေ့လာမှု စစ်တမ်း ကို Psychology and Aging ဂျာနယ်တွင် ထည့်သွင်း ဖော်ပြထား ခြင်းဖြစ် သည်။

““အသက်ကြီး လာတာနဲ့ အမျှ ကျွန်မ တို့ လူမှုအသိုင်း အ၀ိုင်း နယ်ကလည်း ကျဉ်း သထက် ကျဉ်း လာတယ်။ အထီးကျန် ဝေဒနာ ကို ပိုပိုပြီး ခံစား လာရတယ်။ အဲဒီလို အချိန်မှာ အများ အကျိုးဆောင် တဲ့ ပရဟတိ လုပ်ငန်း တွေ လုပ်ကိုင် လိုက်တဲ့ အခါ အပေါင်း အသင်း အသစ်တွေ ရတယ်။ ကိုယ့်ရဲ့ လူမှု အသိုင်း အ၀ိုင်း ပိုကျယ်ဝန်း လာတယ်။ ကိုယ်က ဂရု စိုက်ရမယ့် လူတွေ တိုးလာ သလို၊ ကိုယ့်ကို ဂရု စိုက်မယ့် လူတွေလည်း တိုးလာ တယ်၊ ကိုယ့် ဘေးက တက်ကြွတဲ့ အပေါင်း အသင်းတွေ ကိုကြည့်ပြီး လည်း ကိုယ့်ကိုယ်ကို ဂရုစိုက်ဖို့ တွန်းအား ပိုရ လာတယ်။ အဲ့လို တွန်းအား တွေကြောင့်ပဲ သွေးတိုး ကစလို့ အခြား ရောဂါ တွေဒဏ်ကပါ ပိုကင်း ဝေးကြတာ ဖြစ်ပါတယ်”” ဟု ရိုဒဲဆီယာက ဆိုသည်။

Ref: 4 Amazing Health Benefits of Helping Others By Leslie Goldman (Huffington Post)

The Messenger

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...