အီဘိုလာဗိုင်းရပ်ရဲ့ တိုက်ခိုက်မှု ဒဏ်ကိုခံနေရတဲ့ ဂီနီနိုင်ငံ


Health Updates Journal No. 113

လူသားတွေကို သေဆုံးမှု အမြင့်ဆုံးဖြစ်စေတဲ့ ဗိုင်းရပ်များထဲက တစ်မျိုးဖြစ်တဲ့ အီဘိုလာဗိုင်းရပ်ဟာ ကူးစက်ခံရသူများရဲ့ ၉၀% ကို သေစေပါတယ်။ ဒီဗိုင်းရပ်ပိုး ကူးစက်မှုဟာ ဂီနီ နိုင်ငံကို အခုအခါ ခြိမ်းခြောက်နေတယ်လို့ သတင်းရရှိပါတယ်။ အပူပိုင်း ဒေသဗိုင်းရပ်တစ်မျိုးဖြစ်တဲ့ အီဘိုလာဟာ သွေးလွန် တုပ်ကွေး၊ ပုလိပ် ရောဂါတွေကို ပူးပေါင်းထားတဲ့ ရောဂါလက္ခဏာတွေ ရှိပါတယ်။ ပြင်းထန် စွာဖျား နာခြင်း၊ ကြွက်သားနာကျင် ခြင်း၊ အန်ခြင်း၊ ၀မ်းသွားခြင်းစတဲ့ လက္ခဏာတွေပြသပြီး ပြင်းထန်ဆိုးရွားရင် ကိုယ်တွင်းအင်္ဂါတွေကို ထိခိုက်စေပြီး ထိန်းချုပ်လို့မရတဲ့ သွေး ထွက်ခြင်းကို ဖြစ်စေနိုင်ပါတယ်။

ကွန်ဂိုသမ္မတနိုင်ငံမှာ လွန်ခဲ့တဲ့ ၃၈နှစ်ကစတင်ပြီး အစုလိုက်အပြုံလိုက် စတင်ဖြစ်ပွားခဲ့ပြီး ရောဂါဖြစ်ပွားသူ ၁၈၉၀ရှိတဲ့အနက် ၁၂၀၀ဦး သေဆုံးခဲ့ကြောင်း WHO က ထုတ်ပြန်ကြေညာခဲ့ပါတယ်။ အခုလက်ရှိမှာတော့ ဂီနီနိုင်ငံမှာ ရောဂါဖြစ်ပွားသူ ၈၆ဦးရှိတဲ့အနက် ၆၀ဦးထက်မနည်း သေဆုံးခဲ့ပြီလို့ ဆိုပါတယ်။ ဂီနီနိုင်ငံဟာ အနောက်ပိုင်း အာဖရိကနိုင်ငံ တစ်နိုင်ငံဖြစ်ပြီး အိုင်ဗရိကိုစ့်၊ လိုက်ဘေးရီးယားနဲ့ ဆိုရာလီယွန်နိုင်ငံတွေနဲ့ နယ်နိမိတ်ခြင်း ထိစက်နေပါတယ်။

ကျွမ်းကျင်ပညာရှင်တွေကတော့ ဒီဗိုင်းရပ်ဟာ အလွန်ကူးစက်လွယ်ပြီးပျံ့နှံ့မှုမြန်ဆန်ကြောင်း၊ ဗိုင်းရပ်အုပ်စု ၅ စုရှိပြီး အဲဒီထဲက၃စုဟာ သေဆုံးမှုနှုန်း၂၅%ကနေ ၉၀%ထိ ရှိနေကြောင်း ပြောကြားထားပါတယ်။ အီဘိုလာဗိုင်းရပ်ရဲ့ လက်ခံကောင် တစ်မျိုးကတော့ အာဖရိကရွက်စား လင်းနို့တစ်မျိုးဖြစ်ပြီး ဂေါ်ရီ လာ၊ မျောက်ဝံ၊ ချင်ပန်ဇီမျောက်၊ ဖြူကောင်တွေကို ကူးစက်နိုင်ကြောင်း သိရှိရပါတယ်။ ကူးစက်ခံရတဲ့ တိရစ္ဆာန်တွေကို ကိုင်တွယ်မိခြင်းအားဖြင့် ကူးစက်နိုင်ပါတယ်။ ၂၀၁၂ ခုနှစ်မှာ ကနေဒါနိုင်ငံက ပြုလုပ်ထား တဲ့ စာတမ်းအရ အီဘိုလာဗိုင်းရပ်ဟာ လေ ထုကနေလည်း ကူးစက်နိုင်ကြောင်း သိရှိရပါတယ်။

သက်ကို
ref: medindia

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...