သင်္ကြန် သို့မဟုတ် ယဉ်ကျေးမှုရေချိန် တိုင်းတာရေး ကိရိယာ
သင်္ကြန်ကို ဖြတ်သန်းခဲ့တာ တဖြည်းဖြည်းနဲ့ ဆယ်စုနှစ် လေးခုနား ကပ်လာခဲ့ပြီ။
ခံစားချက်ကတော့ ကျွန်တော့်အသက် ကြီးကြီးလာတာနဲ့အမျှ သင်္ကြန်ကို သွေးအေးအေး သွားတာပါပဲ။ ခပ်ငယ်ငယ်ဘဝက ရပ်ကွက်တကာလှည့် ရေတိုက်ပွဲ ဆင်နွှဲခဲ့တာတွေ၊ လူပျိုပေါက်မှာ တစ်ရက်စာလောက် လည်ခွင့်ရဖို့အရေး ရတဲ့နည်းနဲ့ ပိုက်ဆံစု၊ အိမ်နဲ့ တိုက်ပွဲဆင်နွှဲရတာတွေက ခုပြန်စဉ်းစားကြည့်တော့ ရယ်စရာတောင် ဖြစ်နေသေးတယ်။ ကိုယ်တိုင်တင် မဟုတ်ဘဲ တခြားသူငယ်ချင်း သက်တူရွယ်တူတွေမှာလည်း အဲဒီသဘောပါတဲ့ ခံစားချက်မျိုးကို ထင်ထင်ရှားရှား တွေ့ရတယ်။ လူလတ်ပိုင်း ဖြစ်လာတဲ့ ကျွန်တော်တို့ အတွက်တော့ သင်္ကြန်ဆိုတာ အိမ်မှာ အနားယူစရာ၊ မုန့်လေးဘာလေး လုပ်စားပြီး သူငယ်ချင်းတွေနဲ့ စုဝေးစရာ၊ ရုပ်ရှင်လေးကြည့် စာလေးဖတ်ရင်း ပျော်မွေ့ အနားယူစရာ အချိန်ကောင်း သဘောမျိုး တစ်စ တစ်စ ဆန်လာတယ်။
ဒီတော့ သတိထားမိတာက သင်္ကြန်ဟာ ကလေးတွေ စိတ်လှုပ်ရှားတဲ့ပွဲ... လူငယ်တွေ အဓိကပျော်တဲ့ ပွဲဆိုတာပါပဲ။
မဟာသင်္ကြန်၊ မြန်မာ့ယဉ်ကျေးမှု အတာသင်္ကြန် စတဲ့ စကားလုံးတွေနဲ့ အခံ့အထည် လုပ်နေကြပေမယ့် တက်တက်ကြွကြွ ပါဝင်ဆင်နွှဲသူရဲ့ အများစု ပမာဏဟာ လူငယ်တွေပါ။ အဲဒီအတွက်ကြောင့်လည်း သင်္ကြန်ရဲ့ပုံရိပ်ဟာ အမြဲလိုလို လူငယ်ဆန်နေတတ်တယ်။ လူငယ်ဆန်တော့ ဘာဖြစ်သလဲ။ လူငယ်တွေကြားထဲမှာ ပျံ့နှံ့နေတဲ့ ဂီတတွေ၊ ဝတ်စားဆင်ယဉ်မှုတွေ၊ ဓလေ့စရိုက်တွေကို သင်္ကြန်မှာ ပီပီပြင်ပြင် မြင်ရတာပေါ့။ လူငယ်တွေ အိမ်မှာ၊ လမ်းဘေးဂစ်တာဝိုင်းမှာ၊ လက်ဖက်ရည်ဆိုင်မှာ၊ ဒီထက်ပိုရင် ကလပ်တွေမှာ ဆိုကြဟစ်ကြလေ့ ရှိတဲ့ ဂီတတွေ၊ အကတွေဟာ သင်္ကြန်နဲ့အတူ တစ်ပြိုင်နက်တည်း လမ်းပေါ်ကို ထွက်ကျလာကြတယ်။ တစ်ယောက်တလေတင် မကတဲ့ လမ်းပေါ်ထွက်သူ အားလုံးရဲ့ ရည်ရွယ်ချက် ကိုယ်တိုင်က ပျော်မယ် ကဲမယ်ဆိုတာ ဖြစ်နေတာကြောင့် တချို့တွေ အထိန်းအကွပ် မဲ့ကုန်တယ်။ အပျော်လွန် ကျူးတာတွေ၊ သောက်စားကြတာတွေ အပြည့်အသိပ် တွေ့ရတယ်။ အဲဒါနဲ့ နောက်ဆက်တွဲ ရန်ပွဲတွေ၊ မတော်တဆ ထိခိုက်မှုတွေ၊ အသက် သေဆုံးမှုတွေထိလည်း ရှိတာပဲ။
ဒီနေရာမှာ ယဉ်ကျေးမှုနဲ့ စတွေ့တော့တာပဲ။
ကျွန်တော် သိတတ်သလောက် အရွယ်တည်းက ခုချိန်ထိ သင်္ကြန်ဟာ ယဉ်ကျေးမှု ရှုထောင့်က ဝေဖန်တာကို နှစ်တိုင်းခံရတယ်။ သင်္ကြန်ယဉ်ကျေးမှု အရွေ့က ဘာလဲ၊ ဘယ်လိုတွေ ထိန်းကြမလဲဆိုတဲ့ ဆွေးနွေးချက်တွေက စပြီး ....... ရင့်သီးတဲ့ ဆဲဆိုကြိမ်းမောင်းမှုတွေထိ မျိုးစုံကို ဝေဖန်ခဲ့ကြတယ်။ ဒါပေမဲ့ အဲဒီလို ဆဲဆိုကြိမ်းမောင်းရင်း၊ ရှုတ်ချရင်းနဲ့ပဲ သင်္ကြန်ဟာ ပိုပိုဆိုးလာတာတော့ အားလုံးအမြင်ပဲ။ ပြစ်တင် ရှုတ်ချတာတွေ၊ ဆဲဆိုကြိမ်းမောင်းတာတွေဟာ မှန်ကန်တဲ့ နည်းလမ်းတစ်ခု မဟုတ်ဘဲ မအောင်မြင်ဘူး ဆိုတာကိုတော့ တစ်နှစ်ထက် တစ်နှစ် ဆိုးလာတဲ့ ရလဒ်က သက်သေပြနေတယ်။ အစိုးရတစ်ရပ်က ပါဝါအာဏာပြပြီး ဟိုလိုဝတ်ရင် ဖမ်းမယ်၊ ဒီလိုကရင် ဒဏ်ရိုက်မယ်ဆိုတဲ့ နည်းစနစ်ကလည်း သဘောတွေ့စရာ မရှိဘူး။ နောက်ပိုင်း ခေတ်စားလာတ Facebook တို့လို Social Network တွေကရော၊ တချို့ အမျိုးကောင်း သားသမီးလေးတွေကို တွန့်သွားစေနိုင်ပေမယ့် ထင်ပေါ်ကျော်ကြားမှုကို လွန်လွန်ကျူးကျူး မျှော်လင့်တတ်တဲ့ လူငယ်တချို့ အတွက်တော့ မဟုတ်တာလုပ်ပြီး နာမည်ကျော်စေဖို့ အသုံးချစရာ နေရာတောင် ဖြစ်လာသေးတယ်။ Social Network တွေဟာ သင်္ကြန်မှာ မတော်တဆ အပျော်ကျူးမိသွားတဲ့ လူငယ်တချို့ကို ပတ်ဝန်းကျင်မှာ အရှက်ရစေပြီး အနာဂတ်ထိခိုက်၊ ပျက်စီးသွားအောင် သက်ရောက်စေတဲ့ ဆိုးကျိုးတွေလည်း ရှိစေပြန်တယ်။
ဒါကို ပြဿနာတစ်ခုလို ရှင်းဖို့ ကြိုးစားမယ် ဆိုရင်တော့ လက်တွေ့ကျဖို့ လိုလိမ့်မယ်။ လက်တွေ့က ဘာလဲဆိုရင် မြန်မာ့ယဉ်ကျေးမှုဟာ မြန်မာတွေကြားထဲမှာကို ခံစစ်ဖြစ်နေပီ ဆိုတာပါပဲ။ တခြား ဂီတတွေ၊ ဒါမှမဟုတ် အဲဒီတခြားဆီက သံစဉ်ကူးယူထားတဲ့ ဂီတတွေ၊ ကခုန်မှုတွေ၊ တခြား ဝတ်စားဆင်ယဉ်မှုတွေနဲ့ နိစ္စဓူဝ ပျော်မွေ့နေကြတဲ့ လူတွေဆီက သင်္ကြန်ပျော်ကြပါးကြချိန်မှာ မြန်မာ့ယဉ်ကျေးမှု ထိန်းသိမ်းတာမျိုးကို သွားမျှော်လင့်နေတယ် ဆိုရင်တော့ စိတ်ကူးယဉ် ဆန်လွန်းတယ်။ အရက်သောက်တာကို ဂုဏ်တစ်ခုလို ပြောနေတတ်တဲ့၊ ညက ဘယ်လောက်ဘယ်လို မူးသွားတာကွာ ဆိုတာကို ခပ်ကြွားကြွား ဆိုတတ်တဲ့ အလေ့အကျင့်တစ်ခု လူငယ်ကြားရော၊ လူကြီးတွေ ကြားမှာပါ သိသိသာသာ ပျံ့နှံ့နေတဲ့ လူတွေရဲ့ ပျော်ကြပါးကြမယ့် သင်္ကြန်ဟာ အရက်သင်္ကြန်၊ ယမကာသင်္ကြန် ဖြစ်နေတာဟာလည်း မဆန်းဘူးလို့ ဆိုရမှာပဲ။ နေ့စဉ် ပုံမှန်အနေအထားမှာ မသိမသာ ခွဲခြား စိမ့်ဝင်နေတဲ့ ဂီတတွေ၊ ဝတ်စားဆင်ယဉ်မှုတွေ၊ မူးယစ်သောက်စားမှုတွေ အားလုံးကို သင်္ကြန်ရောက်ချိန်မှာ တစ်ပြိုင်နက် မြင်ရနိုင်တယ်။ ကျွန်တော်ကတော့ သင်္ကြန်ဟာ နှစ်တစ်နှစ်ရဲ့ မြန်မာ့ရိုးရာ ယဉ်ကျေးမှု ရေချိန်အတက်အကျ ဘယ်လောက်ရှိနေပြီလဲ ဆိုတာ တိုင်းတဲ့ ပွဲလို့တောင် သတ်မှတ်ချင်တယ်။ ဒီတော့ ပြဿနာဟာ သင်္ကြန်ရဲ့ ပြဿနာ မဟုတ်တော့ဘဲ မြန်မာ့လူ့အဖွဲ့အစည်း တစ်ခုလုံးရဲ့ ယဉ်ကျေးမှုအရွေ့ ပြဿနာလို့ပဲ မြင်တယ်။ သင်္ကြန်ကတော့ မြန်မာ့ယဉ်ကျေးမှု ဘယ်လောက်ပမာဏ ထိခိုက်နေပြီ ဆိုတာကို တစ်နှစ်တစ်ခါ ချပြ၊ တိုင်းပြတဲ့ ပွဲပဲ ဖြစ်တယ်။
ယဉ်ကျေးမှုမှာ ချိန်တိုင်းတဲ့ ပေတံတွေထဲမှာ ရှေ့ဆုံးက ပါနေတာကတော့ အနုပညာပဲ။ ဒါပေမဲ့ အနုပညာဆိုတာ ခံစားချက်နဲ့ပဲ ဆိုင်တာကြောင့် ရိုးရာထိန်းသိမ်းရမဟဲ့ ဆိုပြီး အတင်းကြိုက်ယူလို့ မရသလို မကြိုက်ပါနဲ့ဆိုပြီး တားလို့ရကောင်းတဲ့ အရာလည်း မဟုတ်ဘူး။ ခံစားချက်ကို ဖမ်းယူ ဆွဲဆောင်နိုင်ရင် အနုပညာဟာ နယ်စည်းမရှိ၊ ဘာသာမခြား၊ လူမျိုးမကွဲ နေရာတိုင်းကို ထိုးဖောက် ဝင်ရောက်နိုင်တဲ့ စွမ်းရည်ကို ပိုင်တယ်။ အရည်အချင်း ချို့တဲ့လာတဲ့ မြန်မာ့အနုပညာ လောကရဲ့ ဖန်တီးနိုင်စွမ်းအားကလည်း လက်ရှိ အခြေအနေတင်မကဘဲ အနာဂတ် မျိုးဆက်တစ်ခုလောက် ထိအောင်ကို သိပ်ပြီး အားရစရာ ရှိလာမှာ မဟုတ်ဘူး ဆိုတာကတော့ ကျွန်တော်တို့ အများစုကတော့ မငြင်းမဆန် လက်ခံကြလိမ့်မယ်။ ဒါကြောင့်လည်း သင်္ကြန်ယဉ်ကျေးမှု ပျက်ယွင်းတာကို ဝေဖန်ထောက်ပြသူတွေတောင် လွန်ခဲ့တဲ့ လေးငါးနှစ် လောက်တည်းကိုက ဂီတအနုပညာပိုင်းကိုတော့ လက်ရှောင် အလျှော့ပေးထားခဲ့ပြီးသားပါပဲ။ အဲဒီလို အနောက်တိုင်း ဂီတတွေနဲ့အညီ ကကြခုန်ကြရတော့လည်း ကလေးလူငယ်မရွေး ကကြတဲ့ အကတွေက မြန်မာအကတွေ မဟုတ်တော့ဘဲ ဂီတနဲ့ လိုက်လျောညီထွေ လှုပ်ကြရပြီ၊ တွန့်ကြရပြီ၊ ထွန့်ကြရပြီ။ ဒီအနုပညာနဲ့ဆိုင်တဲ့ ကိစ္စကတော့ မြန်မာ့ယဉ်ကျေးမှု အနုပညာ ဖန်တီးမှု စွမ်းအားတွေ ပြန်ဖွံ့ဖြိုးလာအောင် ရေရှည်စီမံကိန်းတွေချ၊ ဖန်တီးမှုတွေ အားပေး၊ စနစ်ကျအောင် သင်ကြားပေးဖို့ လိုအပ်နေတဲ့ ကိစ္စပဲ ဖြစ်လိမ့်မယ်။ ဆေးမြီးတို မရှိတဲ့ ကိစ္စပါ။
နောက်တစ်ခုက တော်တော်များများ ထောက်ပြကြတဲ့ ယဉ်ကျေးမှု ကိုယ်ခံစွမ်းအားပါ။ ကျွန်တော်လည်း ဒါဟာ အရေးကြီးဆုံးတွေထဲက တစ်ခုလို့ သဘောတူပါတယ်။ လူတွေရဲ့ စိတ်ထဲမှာ ကိုယ့်ယဉ်ကျေးမှုကို မြတ်နိုးတဲ့စိတ်၊ အထင်ကြီးတဲ့ စိတ်ရှိနေရင် ထိန်းသိမ်းလိုက်နာကြဖို့ ပိုပြီးလွယ်မှာ အမှန်ပဲ။ နှစ်သက်အောင် စွဲဆောင်ယူတာက ဖိအားပေး ထိန်းသိမ်းစေတာထက်တော့ အများကြီး ပိုသဘာဝကျပါလိမ့်မယ်။ ဒါပေမဲ့ ကျွန်တော့်အမြင်ကတော့ ယဉ်ကျေးမှုဆိုတာ ရှေးဟောင်းပစ္စည်း ထိန်းသိမ်းသလို မတို့မထိ၊ မူလပုံစံ မပျောက်အောင် ထိန်းသိမ်းရမယ့် အရာမဟုတ်ဘူး။ အဲလို ထိန်းသိမ်းမယ် ဆိုရင်တော့ ရှေးဟောင်းပစ္စည်းတွေ ထုံးစံအတိုင်း ခံ့ညားထည်ဝါတော့ ရှိပါရဲ့၊ တကူးတက ပြတိုက်သွားကြည့်မှပဲ မြင်ရမယ့်အရာ ဖြစ်သွားလိမ့်မယ်။ ယဉ်ကျေးမှုကို သူ့ရဲ့မူရင်း အနှစ်သာရကို မပျောက်စေဘဲ လူတွေရဲ့ နေ့စဉ်အရေးတွေမှာ လိုက်လျောညီထွေ ပါဝင်နိုင်အောင် မွမ်းမံပြင်ဆင် ဖန်တီးသင့်တယ်လို့ ထင်တယ်။ အဲဒါမှလည်း လူတွေနဲ့အတူ အသားကျ ပျော်ဝင်ပြီး အားကောင်းမောင်းသန် ထိန်းလွယ်သိမ်းလွယ် အနေအထားကို ရောက်မှာပဲ။
နေ့စဉ် အဝတ်အစား၊ အသုံးအဆောင် ပစ္စည်းတွေကို ဥပမာအနေနဲ့ ပြချင်တယ်။ မြန်မာ့အသုံးအဆောင် ပစ္စည်းတွေဟာ အရည်အသွေး မီတယ်ဆိုရင်၊ စတိုင်ကျန လှပတယ်ဆိုရင် လူတွေဟာ အသုံးပြုဖို့၊ ဝတ်ဆင်ဖို့ တကူးတက တိုက်တွန်းနေစရာတောင် မလိုဘူး။ ကျွန်တော့်အမြင်လည်း မြန်မာ့ဖက်ရှင်ကတော့ အနုပညာလောက် အခြေအနေ မဆိုးသေးဘူး။ ရာသီဥတုနဲ့ လိုက်ဖက်တယ်ဆိုတဲ့ အားသာချက်နဲ့အတူ ဖန်တီးမှု အသစ်တွေ ရှိနေတယ်။ တကယ့်ကို နိုင်ငံခြား အသုံးအဆောင်တွေနဲ့အပြိုင် လှပသေသပ်မှုတွေ ရှိတယ်။ အရည်အသွေးမီမီ ကမ္ဘာကျော် Brand တွေ ဖြစ်လာတဲ့အထိ တိုးတက် ဖန်တီးထုတ်မယ် ဆိုရင် မကိုင်ပါနဲ့ မသုံးပါနဲ့ ဆိုရင်တောင် တားလို့ရမှာ မဟုတ်ဘူး။
အလွန်အကျူး လျှပ်ပေါ်လော်လီ ဝတ်စားဆင်ယဉ်မှုကတော့ မြန်မာ့ယဉ်ကျေးမှု ကိစ္စနဲ့ သိပ်မဆိုင်လှဘူးလို့ ထင်တယ်။ ဒါဟာ လူတစ်ယောက်ချင်းစီရဲ့ ကိုယ့်ဘာသာ တန်ဖိုးထားမှု အပေါ်ပဲ မူတည်ပါလိမ့်မယ်။ နိုင်ငံတကာမှာတောင် အသားစိုင်တွေ လွန်လွန်ကျူးကျူး လှစ်ဟပြသူတွေဟာ လျှပ်ပေါ်လော်လီသူတွေပဲလို့ သတ်မှတ်ခံရတုန်းပဲ။ ယဉ်ကျေးမှု ဘယ်လောက်မြင့်မြင့်နိမ့်နိမ့် အဲလို ကိုယ့်ကိုယ်ကို တန်ဖိုးလျော့ သတ်မှတ်တဲ့ သူတွေကတော့ ဖော်ကြပြုကြမှာပဲ။ သူတို့ကိုတော့ ယဉ်ကျေးမှု တိုင်းတဲ့အထဲမှာ ထည့်သွင်းတွက်ဖို့ မလိုလောက်ဘူး ထင်တယ်။ တိုင်းရာမှာ ထည့်သွင်းတွက်ချက်ဖို့ မလိုပေမယ့် ရေရှည်ယဉ်ကျေးမှု ထိန်းသိမ်းရာမှာ လျစ်လျူရှုလို့ မရဘူး။ ကိုယ့်ဘာသာ တန်ဖိုးမထားသူတွေဟာ ယဉ်ကျေးမှု ဘာညာကိုလည်း တန်ဖိုးထားမှာ မဟုတ်ဘူး။ ဒီတော့ အဲလိုလူတွေ များလာရင်၊ များသထက် များလာရင် ယဉ်ကျေးမှုဟာ အန္တရာယ်ရှိမှာပဲ။
အဲလိုလူတွေထဲမှာ ကိုယ့်ဘာသာ တန်ဖိုးမထားသူတွေနဲ့ တန်ဖိုးမထားနိုင်သူတွေ ဆိုပြီး နှစ်ပိုင်း ခွဲကြည့်ချင်တယ်။ တန်ဖိုးမထားသူတွေကတော့ လျစ်လျူရှုရမယ့် စာရင်းမှာ ထည့်သင့်တယ်။ တန်ဖိုးမထားနိုင်သူတွေဘက်ကို ကြည့်မယ်ဆိုရင်တော့ သူဘယ်လောက် တန်ဖိုးထား ခံရသလဲ။ သူ့ရဲ့ အခွင့်အရေးတွေ ဘယ်လောက်တန်ဖိုးထား အသိအမှတ်ပြု ခံရသလဲ၊ သူ့ဘာသာ ယုံကြည်ချက်ရှိရှိ တန်ဖိုးထားနိုင်မယ့် အနေအထား အဆင့်အတန်းတွေ ဘယ်လောက်ရှိသလဲ ဆိုတာတွေ မေးခွန်းထုတ်စရာ လိုလာမှာပဲ။ ဘဝမှာ ဘာအခြေခံ အခွင့်အရေးမှ မရ၊ ကျေနပ်လောက်စရာ နေထိုင်မှု အဆင့်အတန်း အသိပညာတွေ ပိုင်ဆိုင်ခွင့်မရ၊ အောက်ကျကျ အနေအထားနဲ့ အရာရာကို လက်လွှတ်လက်မြှောက် ရေ စုန်မျှောနေရသူ တစ်ယောက်အတွက် ကိုယ့်ဘာသာ တန်ဖိုးထားတဲ့စိတ် ဘယ်လိုမွေးယူမလဲ။ ဒါကတော့ စီးပွားရေးတွေ၊ နိုင်ငံရေးအခြေအနေ၊ လူအခွင့်အရေး စတာတွေနဲ့ ဆိုင်သွားပြီ။ ဆိုင်လည်း ဆိုင်ရမှာပဲ၊ လူ့အဖွဲ့အစည်း တစ်ခုလုံးရဲ့ ယဉ်ကျေးမှုနဲ့ ဆိုင်တဲ့ကိစ္စကြီး ဖြစ်တာကြောင့် အဲဒီအဖွဲ့အစည်းရဲ့ ကဏ္ဍတိုင်း ကဏ္ဍတိုင်းဟာ အနည်းနဲ့အများတော့ တာဝန်နဲ့၊ ပတ်သက်ယှက်နွယ်မှုတော့ ရှိကို ရှိနေမှာပဲ။
ခံယူချက်ပိုင်းမှာတော့ မြန်မာ့ယဉ်ကျေးမှုဟာ အားကောင်းမောင်းသန် ရှိတုန်းပဲလို့ ထင်တယ်။ သူလည်းပဲ ပွတ်တိုက်ခံရ၊ ယုတ်လျော့လာတဲ့ ပမာဏတစ်ခု ရှိနေပေမယ့် ပုံစံ ပြောင်းသွားတာက လွဲလို့ အကြီးအငယ်ကြား ထားတဲ့ ရိုသေမှုတွေ၊ မိသားစု တန်ဖိုးတွေဟာ အခြေခံ မပျက်မယွင်း ရှိနေသေးတယ်။ လူတွေဟာ ယဉ်ကျေးမှု အလေ့အထတစ်ခုကို မလိုက်နာချင် နေပါဦးတော့၊ အဲဒါကို ဆန့်ကျင်တဲ့ လုပ်ဆောင်ချက်တွေက မကောင်းပါဘူးလို့ လက်ခံနေသရွေ့တော့ အဲဒီယဉ်ကျေးမှုဟာ စိတ်ချလို့ ရသေးတယ်။ စစ်တမ်းတစ်ခုလို သတ်မှတ်နိုင်တဲ့ FB ရဲ့ Like တွေ၊ ကော်မန့်တွေကို အခြေခံ ပြောရမယ် ဆိုရင်တောင် ကျင့်ဝတ်ပိုင်း ယဉ်ကျေးမှု ပျက်ယွင်းတာတွေကို လက်မခံမှုဟာ လူကြီးလူငယ် မရွေးဆီ မှာ တွေ့နေရပြီး သိသိသာသာ အသာရနေတာကို မြင်နိုင်တယ်။
ဘာပဲပြောပြော သင်္ကြန်နဲ့ ယဉ်ကျေးမှု စံချိန်တိုင်းမယ် ဆိုရင်တောင် ကျွန်တော်ကတော့ အကောင်းမြင်နေ ပါသေးတယ်။ လမ်းပေါ်မှာ ကြက်ပျံမကျ စည်ကားနေတဲ့ စည်းလွတ်ဝါးလွတ် ခုန်ပေါက်နေကြသူတွေကိုပဲ ကျွန်တော်တို့က ဝေဖန်နေကြတာ မဟုတ်လား။ တစ်ဖက်မှာလည်း တရားစခန်းတွေ၊ အလှူပွဲတွေ၊ စတုဒီသာ မဏ္ဍပ်တွေဟာလည်း နှစ်တိုင်းနှစ်တိုင်း မလျော့မပါး ကြက်ပျံမကျ တိုးလို့ တိုးလို့ နေတာပဲ မဟုတ်ဘူးလား။ အဲဒီမှာရော အေးငြိမ်း ငြိမ်သက်နေတဲ့၊ စိတ်ကြည်နူးစရာကောင်းတဲ့ လူငယ်တွေ အများကြီးကို မြင်နိုင်တာပဲ။ အိမ်တိုင်းအိမ်တိုင်း အလှူလုပ်ကြတဲ့ မဟာအလှူပွဲကြီးလည်း ဖြစ်နေသေးတာပဲ။
ကျွန်တော်တို့ဟာ အဖြူနဲ့အမည်း ဘက်နှစ်ခုမှာ အမည်းဘက်ကိုပဲ ကြည့်ပြီး မည်းလိုက်တာလို့ ဝေဖန်နေကြ တာပါပဲ။ အဲဒီ အမည်းဘက်မှာတောင် သံချပ်တွေ၊ အလှပြကားကြီးတွေ၊ မြန်မာ့ရိုးရာ အဆိုအကတွေဟာ (အသစ်မပေါ်တာက လွဲလို့) မဏ္ဍပ်တိုင်းမှာ တွေ့ကို တွေ့နေရတာပါပဲ။ လွန်ကျူးတဲ့ အဖော်အချွတ်တွေဟာ ပယ်ပယ်နယ်နယ် ဝေဖန် ရှုတ်ချခံကြရတာပါပဲ။ ဘာများ ဖော်မလဲ၊ ပေါ်မလဲ မလစ်စေရ။ ချောင်းနေတဲ့ ကင်မရာမျိုးစုံ အောက်မှာ ဒီနှစ်သင်္ကြန်ဟာ လေးငါးခုလောက်သာ အွန်လိုင်းမှာ ဖွလို့ရတဲ့အထိကို ထိန်းသိမ်းခဲ့တာပါပဲ (အဲဒီ လေးငါးခုကတော့ လေးငါးခု ဆိုသလောက်ကို ထက်မြက်ပါပေတယ်) ။ ဖော်နေပြုနေတဲ့ ပုံတွေပဲ လိုက်ကြည့်ပါဦးတော့။ အဲလို တစ်ယောက် နှစ်ယောက် ဘေးမှာကို လုံလုံခြုံခြုံ ရေးကစားနေသူတွေ အဆအများကြီးကို မြင်နေရသေးတာပဲ။ ဒီတော့ သင်္ကြန်ဟာ ပျော်စရာ ချစ်စရာ ကောင်းသေးတယ်လို့ ယူဆတယ်။ ယုတ်စွအဆုံး မူးပြဲကွဲနေတဲ့ လူတစ်ယောက်တောင် မြနန္ဒာ သီချင်းကြားရင် အသံကွဲနဲ့ လိုက်အော်ပြီး မြန်မာလို လက်ကလေးချိုးပြီး ကလိုက်ဖို့တော့ သတိရ ပါသေးတယ်လေ။
The Voice Weekly