အမေရိကန် သမ္မတကတော် ရရှိသော လက်ဆောင်တန်ဖိုး

ပြည်ထောင်စုအစိုးရ မှတ်တမ်းဌာနတွင် မှတ်တမ်းပြု သိမ်းဆည်းထားသော လက်ဆောင်ပစ္စည်းများ စာရင်း တွင် သမ္မတကတော် မစ်ရှယ်လ် အိုဘားမားအား ဘရူနိုင်းမိဖုရားက ပေးအပ်ခဲ့သည့် အဝါရောင်နီလာနှင့် စိန်များ စီခြယ်ထားသည့် နားကပ်၊ လည်ဆွဲနှင့် လက်စွပ် ရွှေတဆင်စာသည် ၂၀၁၃ ခုနှစ်က အစိုးရအဖွဲ့ဝင် များ ရရှိခဲ့သမျှ လက်ဆောင် ပဏ္ဍာများတွင် တန်ဖိုးအကြီးဆုံး ဖြစ်သည်။ ၇၁,၄၆၈ ဒေါ်လာ တန်သော ရွှေတ ဆင်စာသည် သမ္မတ အိုဘားမားအား ကာတာ သံအမတ်ကြီးက ပေးအပ်ခဲ့သော ဒေါ်လာ ၁၀,၄၀၀ တန် လင်းယုန်ငှက် ပယင်း ပန်းပုရုပ်ထက် ၇ ဆ ပိုမို တန်ဖိုးကြီးပါသည်။
ပြည်ထောင်စု အစိုးရ၏ ကျင့်ဝတ်နီတိ စည်းမျဉ်းအရ အစိုးရအဖွဲ့ဝင်များနှင့် ကတော်များသည် ဒေါ်လာ ၂၀ ထက် တန်ဖိုးများသော လက်ဆောင်ပစ္စည်း မှန်သမျှကို ကျင့်ဝတ်ဆိုင်ရာ အစိုးရရုံးသို့ အပ်နှံရသည်။ ၎င်း လက်ဆောင်များကို အစိုးရ သိုလှောင်ခန်းတွင် ထိန်းသိမ်းထားပြီး၊ အစိုးရတရားဝင် အခမ်းအနားများ တွင်သာ ထုတ်ယူ အသုံးပြုခွင့်ရှိ၍ ပုဂ္ဂိုလ်ရေး ကိစ္စများတွင် သုံးခွင့်မရှိပေ။
အစိုးရအဖွဲ့ဝင် သိုမဟုတ် ဇနီးခင်ပွန်းသည် ၎င်းတို့ ရရှိသော လက်ဆောင်ကို ကိုယ်ပိုင် ရယူလိုပါက ရာဖြတ်ဖြင့် သတ်မှတ်ထားသော တန်ဖိုးကို ပေး၍ အစိုးရထံမှ ဝယ်ယူရသည်။ သို့သော် ထိုကဲ့သို့ ပြန်ပြီး ဝယ်ယူသူ အလွန်ရှားပါးကာ ယခုနှစ်တွင် နှစ်ဦးသာ ရှိသေးသည်။
၎င်းတို့ နှစ်ဦးမှာ နိုင်ငံခြားရေးဝန်ကြီးဟောင်း ဟီလာရီ ကလင်တန်နှင့် လက်ရှိ နိုင်ငံခြားရေးဝန်ကြီး ဂျွန် ကယ်ရီကတော်တို့ ဖြစ်၏။
အမြတ်တနိုး တန်ဖိုးထားသော လက်ဆောင်မွန်
နိုင်င်ငံခြားရေး ဝန်ကြီးအဖြစ် အမှုထမ်းနေစဉ် ၂၀၁၂ ခုနှစ်က မြန်မာပြည်သို့ လာရောက်သော ဟီလာရီ ကလင်တန်အား မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်း စုကြည်မှ လက်ဆောင်ပေးခဲ့သည့် ပုလဲနက် နှစ်ကုံးဆင့် လည်ဆွဲကို အမေရိကန် အစိုးရအား ၉၇၀ ဒေါ်လာ ပေး၍ ဟီလာရီ ကလင်တန်က အမြတ်တနိုး ပြန်လည် ဝယ်ယူခဲ့သည်။ ၎င်း လက်ဆောင်ကို ရရှိချိန် ၂၀၁၂ ခုနှစ်တွင် ဟီလာရီ ကလင်တန် သည် နိုင်ငံခြားရေးဝန်ကြီး တာဝန် ထမ်းဆောင်နေဆဲ ဖြစ်၍ အစိုးရ လုပ်ထုံးလုပ်နည်းအရ ၂၀၁၃ ခုနှစ် စာရင်းတွင် ထည့်သွင်း တွက်ချက်ခဲ့၏။
လက်ရှိ နိုင်ငံခြားရေး ဝန်ကြီးကတော် ထရီဆာ ဟိန်းဇ် ကယ်ရီသည် ယီမင်သမ္မတ လက်ဆောင်ပေးသော ငွေနှင့် သန္တာ လည်ဆွဲကို ၄၂၅ ဒေါ်လာ ပေး၍ အစိုးရထံမှ ဝယ်ယူခဲ့သည်။
နှိုင်းယှဉ်ချက်အားဖြင့် အမေရိကန် အစိုးရအဖွဲ့ဝင်များသည် ဒေါ်လာ ၂၀ အထက် တန်ဖိုးရှိသော လက်ဆောင် ပဏ္ဍာများကို အစိုးရထံ အပ်နှံရသော်လည်း မြန်မာနိုင်ငံတွင် ကျပ်သုံးသိန်း (ဒေါ်လာ ၃၀၀ ခန့်) ကို တရားဝင် ယူခွင့်ရှိသည်။
ကမ္ဘာသစ် လူမှုစီးပွား မီဒီယာ
http://kabarthit.com
--------------------------------------
ကိုမျိုး(သုတစွယ်စုံ)(lwanmapyay.blogspot.com) Facebook Page Twitter Google+