ဈေးကွက် (Market)
၂၀၁၅ မတိုင်မီ အစုရှယ်ယာဈေးကွက် (Stock Share Market) စသော ရင်းနှီးမြှုပ်နှံမှု ဈေးကွက် များ ဖြစ်ပေါ်လာမည် ဖြစ်သည်။ ဈေးကွက်များဟူသည် ကုန်ပစ္စည်းများ ရောင်းချသူများနှင့် ဝယ်ယူလို သူများကို ပေါင်းဆုံပေးသော နေရာဖြစ်သည်။ ဈေးကွက် အမျိုးအစားများစွာ (ဥပမာ- မီးဖိုချောင်သုံး ပစ္စည်းများ ရောင်းသည့် ဈေးကွက်၊ ကုန်စည်ဈေးကွက်၊ လုပ်သားဈေးကွက်၊ ငွေကြေးဈေးကွက်၊ ကုန်ကြမ်းဈေးကွက်၊ ရွှေဈေးကွက်၊ ကောက်ပဲသီးနှံ ကြိုတင်ဝယ်ရောင်း ဈေးကွက်၊ အစုရှယ်ယာဈေးကွက် စသဖြင့်) ရှိသည့် အားလျော်စွာ ထိုဈေးကွက် အသီးသီး၏ ဝယ်လိုအားနှင့် ရောင်းလိုအား (တစ်နည်းအားဖြင့် ဝယ်လိုအားကို ဖြစ်တည်စေနိုင်သော အကြောင်းအရာများနှင့် ရောင်းလို အားကို ဖြစ်တည်စေနိုင်သော အကြောင်းအရာများ) အကြားတွင် ဈေးနှုန်းသတ်မှတ်ချက်များ (ဈေးကွက်ပေါက်ဈေး) ဟူ၍ အကြမ်းအားဖြင့် ဖြစ်ပေါ်လာလေ့ ရှိသည်။
သို့သော် ဈေးကွက်များ၏ ပုံသဏ္ဌာန်သည် အကြောင်းခြင်းရာ များစွာ ပေါင်းဆုံထားသောကြောင့် ရံဖန်ရံခါ ရှုပ်ထွေးသော ဆက်စပ်မှုများကို ဈေးကွက်တစ်ခုနှင့် တစ်ခုအကြားတွင် တွေ့မြင်နိုင်သည်။
ထို့ကြောင့် ဈေးကွက်ကို သရုပ်ခွဲ လေ့လာကြည့်ခြင်းသည်ပင်လျှင် မက်ခရိုစီးပွားရေး၏ အစိတ်အပိုင်း တစ်ခုကို စူးစမ်းလေ့လာ သရုပ်ခွဲခြင်းဟုပင် ဆိုနိုင်ပြီး ဈေးကွက်များ၏ အသွင်သဏ္ဌာန်နှင့် လားရာတို့ကိုပါ ခန့်မှန်းလာနိုင်ပါသည်။ ဥပမာ- အစုရှယ်ယာဈေးကွက် ဖွံ့ဖြိုးသော နိုင်ငံတစ်နိုင်ငံ၏ မက်ခရိုစီးပွားရေး အခြေအနေကို သိရှိလိုလျှင် ယင်းနိုင်ငံ၏ စီးပွားရေး လုပ်ငန်းများ၏ အစုရှယ်ယာဈေးနှုန်း ပေါက်ဈေးပျမ်းမျှ အတက်အကျ အနိမ့်အမြင့် ပုံသဏ္ဌာန်နှင့် ပြောင်းလဲမှုနှုန်းတို့ကို လေ့လာခြင်းဖြင့် အကြမ်းဖျင်း သိရှိနိုင်သည်။ ထို့အပြင် ယင်းနိုင်ငံ၏ ပြည်ပပို့ကုန်ပမာဏနှင့် အမျိုးအစားများ၊ ယင်းတို့တွင် သုံးစွဲရသော ကုန်ကြမ်းများနှင့် လုပ်သားများ၏ ဈေးကွက်အခြေအနေ စသည်တို့ကိုပါ တစ်ပါတည်း လေ့လာအကဲခတ်နိုင်သည်။
ဈေးကွက်စီးပွားရေးစနစ် ပီပြင်လာသည်နှင့်အတူ ဈေးကွက်အသီးသီးတွင် ဈေးနှုန်းသတ်မှတ်ခြင်းဟူသည် စီးပွားရေးလုပ်ငန်းတစ်ခု သို့မဟုတ် အနည်းငယ်ကသာ လွှမ်းမိုးခြယ်လှယ် ချုပ်ကိုင်နိုင်စွမ်း လျော့ပါးလာ တတ်ပြီး ဈေးကွက်တစ်ခုနှင့်တစ်ခု အကြားတွင် ဖြစ်ပေါ်လာသော ဈေးနှုန်းများ ၏ အပြောင်းအလဲ များ၊ ပြည်တွင်းဈေးကွက်များနှင့် ပြည်ပနိုင်ငံများ၏ ဈေးကွက်များ အကြားတွင် ဖြစ်ပေါ်လာသော ဈေးနှုန်း အပြောင်းအလဲများသည် ယင်းဈေးကွက်အတွင်းရှိ ကုန်စည်များနှင့် ဝန်ဆောင်မှု လုပ်ငန်းများ၏ ဈေးနှုန်းများ အပေါ်တွင် အနည်းနှင့်အများ သက်ရောက်မှု ပေးလာမည် ဖြစ်သည်။ အကြောင်းမှာ ထုတ်လုပ်မှု (Production) နှင့် စားသုံးမှု (Consumption) ဖြစ်စဉ်တွင် မည်သည့်နိုင်ငံမဆို မိမိတို့ လိုအပ်သော (တစ်နည်းအားဖြင့် Consumption လုပ်သော) ကုန်စည်အားလုံးကို မိမိပြည်တွင်းတွင် ထုတ်လုပ်မှု မလုပ်ဘဲ အချို့ကို ပြည်တွင်းတွင် ထုတ်လုပ်ပြီး ပြည်ပမှ တင်သွင်းရာတွင် နှိုင်းယှဉ် အကျိုးကျေးဇူး (Comperative Advantage) နှင့် လုံးဝဥဿုံ အကျိုးကျေးဇူး (Absolute Advantage) ရှိသော အချို့ကုန်ပစ္စည်းများကို ပြည်ပမှ တင်သွင်းသောကြောင့် ဖြစ်သည်။
တစ်ချိန်တည်းတွင် ယင်းအထက်ပါ ဖြစ်စဉ်များနှင့် အတူတကွ ငွေကြေးလဲလှယ်နှုန်းများ၊ လုပ်သားလုပ်ခ လစာ ပြောင်းလဲမှုများနှင့် သွင်းအားစု ဈေးနှုန်းများ ပြောင်းလဲလာခြင်း ဖြစ်သည်။ တစ်ဖန် ပြောင်းလဲ လာသော ဈေးနှုန်းများကို ဈေးကွက်ဈေးနှုန်းများဟု ခေါ်ဆိုနိုင်ပြီး ကုန်ပစ္စည်းအသီးသီးကို ထုတ်လုပ်သူများနှင့် ရောင်းချသူများကလည်း ယင်းဈေးနှုန်းများကို အခြေခံကာ (ဗဟိုပြုကာ) မိမိတို့၏ လုပ်ငန်းအသီးသီးကို တိုးချဲ့ခြင်း သို့မဟုတ် လျှော့ချခြင်း၊ ဒေသတစ်ခုမှ တစ်ခုသို့ ပြောင်းရွှေ့ခြင်း သို့မဟုတ် နိုင်ငံတစ်ခုမှ တစ်ခုသို့ ပြောင်းရွှေ့ခြင်း စသည်တို့ကို ပြုလုပ်လေ့ရှိသည်။
သို့သော် ထိုသို့ ပြုလုပ်ရာတွင် ဈေးကွက်များ၏ တုံ့ပြန်မှု (ဈေးကွက် ဈေးနှုန်းများအပေါ် မူတည် ကာ ပြောင်းလဲသော ဝယ်လိုအား အခြေအနေနှင့် ရောင်းလိုအား အခြေအနေ) ကို ဦးစွာ ခန့်မှန်းရပြီး မိမိဈေးကွက်သာမက အခြားအခြားသော ဈေးကွက်များ၏ လှုပ်ရှားမှု ပုံသဏ္ဌာန်များနှင့် လှုပ်ရှားမှု အရှိန်အဟုန်တို့ကိုပါ ပေါင်းခြုံလေ့လာရသည်။ ဤအချက်မှာ ဈေးကွက်အခြေ အနေနှင့် ဈေးကွက်အတွင်းရှိ အမျိုးတူ (အမျိုးတူ) စီးပွားရေးလုပ်ငန်းများ၏ ပြန်လည်တုံ့ပြန်မှု အခြေအနေတို့ကို သိရှိရန် ဖြစ်သည်။
မည်သည့်ကုန်ပစ္စည်းကို ထုတ်လုပ်သည်ဖြစ်စေ ယင်းကုန်စည်၏ ဈေးကွက်ပမာဏနှင့် ဈေးကွက်အခြေ အနေ လားရာသဏ္ဌာန်တို့ကို ကြိုတင် မခန့်မှန်းနိုင်၍ မရပေ။ ထိုသို့ ကြိုတင်ခန့်မှန်းရာတွင် ဝယ်လိုအား (Demand) နှင့် ရောင်းလိုအား (Supply) တို့၏ အခြေအနေ အမျိုးမျိုးကြောင့် ပြောင်းလဲနိုင်ပါသည်။
ဝယ်လိုအားကို ပြောင်းလဲစေနိုင်သော အချက်များမှာ
(၁) ဝယ်သူ စားသုံးသူတို့၏ အကြိုက်ပြောင်းလဲမှု (Changes in buyers' taste)၊
(၂) ဝယ်သူအရေအတွက် ပြောင်းလဲမှု (Changes in numbers of buyers)၊
(၃) ရာသီဥတု ပြောင်းလဲမှုများ (Changes in Weather)၊
(၄) ဝင်ငွေပြောင်းလဲမှုများ (Changes in Incomes)၊
(၅) အခြားကုန်စည်တို့၏ ဈေးနှုန်းပြောင်းလဲမှုများ (Changes in Prices of other Commodities)၊
(၆) မျှော်လင့်ထားမှုများ၏ ပြောင်းလဲမှုများ (Changes in Expectations) တို့ ဖြစ်ပြီး
ရောင်းလိုအား (Supply) ကို ပြောင်းလဲစေနိုင်သော အချက်များမှာ
(၁) ကုန်ထုတ်လုပ်မှုတွင် အသုံးပြုသော ကုန်ကြမ်းများ၏ ဈေးနှုန်းများ ပြောင်းလဲမှုများ (Changes of Resources Prices)၊
(၂) ကုန်ထုတ်နည်းပညာများ ပြောင်းလဲမှု (Changes in the Technology of Production)၊
(၃) အခွန်အကောက်နှင့် ဘဏ္ဍာရေး ထောက်ပံ့မှုများ၏ ပြောင်းလဲမှုများ (Changes of Taxes and Subsidies)၊
(၄) အခြားကုန်စည်များ၏ ဈေးနှုန်းပြောင်းလဲမှုများ (Changes in Prices of other goods)၊
(၅) ဈေးနှုန်း မျှော်မှန်းချက်များ (Price Expectation)၊
(၆) ရာသီဥတု ပြောင်းလဲမှုများ (Changes in Weather)၊
(၇) အသစ်ရှာဖွေ တွေ့ရှိမှုများ (Discoveries)၊
(၈) ဈေးကွက်အတွင်း ရောင်းသူအရေအတွက် ပြောင်းလဲမှုများ (Changes of the numbers of sellers in the market) ဟူ၍ အကြမ်းအားဖြင့် ခွဲခြားထားသည်။
ဈေးကွက်စီးပွားရေး စနစ်တွင် ဈေးကွက်များ၏ အခန်းကဏ္ဍသည် အရေးကြီးပြီး ယင်းဈေးကွက် အသီးသီးတွင် ဖြစ်တည်လာသော၊ ဖြစ်တည်နေသော ဈေးနှုန်းများသည် တစ်ခုနှင့်တစ်ခု တိုက်ရိုက် (သို့မဟုတ်) သွယ်ဝိုက် ဆက်စပ်နေပါသည်။ ထို့အပြင် ထိုဈေးနှုန်းများသည် အနာဂတ်တွင် ဖြစ်ပေါ်လာမည့် ဈေးနှုန်းအသီးသီးနှင့်လည်း ဆက်စပ်လေ့ ရှိပါသည်။
ထို့ကြောင့် ဈေးကွက်စီးပွားရေး စနစ်သည် ပြည်တွင်းစီးပွားရေး၊ ပြည်ပစီးပွားရေး (ပြည်ပစီးပွားရေးဟု ဆိုရာတွင် ကုန်သွယ်ဘက် နိုင်ငံများ၏ စီးပွားရေးအပြင်၊ အခြားကမ္ဘာ့နိုင်ငံများ၏ စီးပွားရေးကိုပါ ဆိုလိုသည်) နှင့် ဆက်စပ်နေလေ့ရှိပြီး ယင်းတို့အပေါ်တွင် မည်သို့တုံ့ပြန်မည် ဆိုသည်ကို ထုတ်လုပ်သူများ၊ စားသုံးသူများနှင့်တကွ မူဝါဒ ချမှတ်ပေးရသော အဖွဲ့အစည်းများ အားလုံးနှင့် တိုက်ရိုက်သက်ဆိုင်လာပါသည်။
ဒေါက်တာအောင်ကိုကို (စီးပွားရေးပညာ၊ စီးပွားရေးပေါ်လစီ)
The Voice Weekly