သိပ်မကြောက်ရပါဘူး ဆိုပေမယ့် ကြောက်နေရတဲ့ “ရေကျောက်”



ရံဖန်ရံခါတော့လည်း လူက ဝေါဟာရရဲ့စေရာ လိုက်ကြရပြန်တယ်။ Big Pox မရှိပေမယ့် Small Pox ကို ကျောက်ရောဂါ ခေါ်ကြပြီး Chickenpox ကျပြန်တော့ ကြက်ကျောက်လို့မခေါ်ဘဲ ရေကျောက် တဲ့။ ပြောချင်တာက ဘာသာဗေဒအကြောင်း မဟုတ်ပါဘူး။ အဲဒီ ရေကျောက်အကြောင်းပါ။ ဖွံ့ဖြိုးဆဲ တိုင်းပြည်ပီသစွာ ဒီရောဂါက လူထုထဲမှာ ဖြစ်လေ့ဖြစ်ထရှိနေတဲ့ ရောဂါတခု ဖြစ်နေဆဲမို့ပါ။ ဖွံ့ဖြိုးဆဲ ဆိုတဲ့ကာလကလည်း ရာစုနှစ်နဲ့ချီလေသလားတော့ မသိဘူး ပေါ့လေ။ ခုလိုနွေဦးပေါက်ရင် ကလေးအမေတွေ ကြုံနေကျပြဿနာပေါ့။အခယူ ဆေးခန်း ဆရာဝန်တွေလည်း စိတ်သက်သာစွာ ဝင်ငွေရွှင်တဲ့ရောဂါပေါ့။ သွေးလွန် တုပ်ကွေးတို့လို အရမ်းကာရောထိတ်လန့်ဖို့ သိပ်မလိုတာကြောင့်ပါ။ ဒါပေမယ့်လည်း သတိလက်လွတ်မဖြစ်ရမယ့် အကြောင်းတွေကလည်း ရှိနေသေးပြန်ပါတယ်။

ရေကျောက် (chickenpox) ဆိုတာ
ဗိုင်းရပ်စ်ပိုးတမျိုး (varicella-zoster)ကြောင့် ဖြစ်တဲ့ ရောဂါပါပဲ။ ယားယံတဲ့ ရေကြည်ဖုလေးတွေ တကိုယ်လုံး ပေါ်တဲ့ရောဂါပေါ့။ ကူးစက်ဖို့ သိပ်လွယ် ကူလျင်မြန်ပါတယ် (အထူးသဖြင့် ရောဂါ မဖြစ်ဖူးသူတွေနဲ့ ကာကွယ် ဆေး ထိုးမထားသူတွေမှာပေါ့)။သာမန်ကျောက်ရောဂါ ကာကွယ်ဆေး မပေါ်မီကဆို အရွယ်ရောက်သူတိုင်း လိုလို ပိုပြီးတွေ့ကြုံကြရပေ မယ့် ကျောက်ရောဂါ ကာကွယ်ဆေး ပေါ်ပြီးနောက် မှာတော့ ဖြစ်တဲ့သူဦးရေ နည်းလာခဲ့တယ်လို့ ဆိုပါ တယ်။ များသောအားဖြင့် ဒီရောဂါက သိပ်ပြင်းထန်တာ မဟုတ်ပေမယ့် အချို့မှာ တော့ နောက်ဆက်တွဲ ပြဿနာတွေကြောင့် စိုးရိမ်ရတာမျိုးရှိပါတယ်။

ဘယ်သူတွေမှာ ဖြစ်နိုင်ခြေပိုများသလဲ
ရေကျောက်ရောဂါဖြစ်စေတဲ့ ဗိုင်းရပ်စ်က သိပ် ကူးစက် ပြန့်ပွားလွယ်ပါတယ်။ ရောဂါဖြစ်နေသူနဲ့ တိုက်ရိုက် ထိတွေ့ရင် ဒါမှမဟုတ် နှာချေချောင်းဆိုး တဲ့အထဲမှာပါလာတဲ့ အမှုန်အမွှားလေးတွေ ရှူရှိုက်မိ ရင်ကိုပဲ ကူးစက်တာပါ။

ရောဂါဖြစ်ပြီးသူနဲ့ ကာကွယ်ဆေး ထိုးထားသူ တွေကတော့ ရောဂါထပ်မဖြစ်တော့ပါဘူး။

ဘယ်လိုလက္ခဏာတွေ ခံစားရသလဲ
ရေကျောက်ရောဂါဖြစ်ရင် ၅ ရက်ကနေ ၁၀ ရက်လောက်အထိ ကြာမြင့်တတ်ပါတယ်။ အဓိက လက္ခဏာ ကတော့ ကျောက်အဖုလေးတွေ ပေါ်တာ ဖြစ်ပေမယ့် အဲဒီအဖုတွေ မပေါ်ခင် ၁ ရက် ၂ ရက် ကြိုပြီး ဖြစ် တတ်တာတွေက ဖျားမယ်၊ ခံတွင်းပျက် မယ်၊ ခေါင်းကိုက်မယ်၊ နုံးချည့်ပြီး နေလို့မကောင်း ဘူးဖြစ်မယ် ဆိုတာတွေပေါ့။

အဖုကလေးတွေက များသောအားဖြင့် အဆင့် ၃ ဆင့် ကျော်ဖြတ်တာတွေ့ရပါမယ်။ ပန်းရောင် ဒါမှ မဟုတ် အနီရောင်ကြွတက်ပြီး ရက်အနည်းငယ်မှာ ပေါက်ထွက်တာ၊ အရည်ပြည့်နေတဲ့ အိတ်ကလေး တွေဖြစ်ပြီး တရက်လောက်မှာပေါက်သွားတာ၊ အနာ ဖေးက ပေါက်သွားတဲ့ အဖုလေးတွေပေါ်မှာ ကျန် နေပြီး ရက် အတန်ကြာမှ အနာကျက်သွားတတ်တာ တွေပေါ့။ ကလေးတွေမှာ အသက်ငယ်ရင် ခံစားရတာ သက်သာ တတ်ပါတယ်။ အချို့မှာတော့ ဒီအဖုတွေ က တကိုယ်လုံး ပျံ့နှံ့ပြီး လည်ချောင်း၊ မျက်လုံး၊ ဆီး လမ်းကြောင်း၊ အမျိုးသမီး လိင်အင်္ဂါတွေအထိပါ ရောက်ရှိသွားတတ်ပါတယ်။

- တကယ်လို့ အဖုလေးတွေ မျက်လုံးတွေမှာ ပေါ်လာရင်

- အဖုလေးတွေက အရမ်း နီပြောင်တင်းပြီး ပူလာရင်

- နှလုံးခုန်မြန်တာ၊ ကယောင်ကတမ်း ဖြစ်တာ၊ အသက်ရှူရ ခက်တာ၊ ကတုန်ကယင် ဖြစ်တာ၊ ချောင်းတွေ ဆိုးလာတာ၊ ဇက်ခိုင်လာတာတွေပါ တွဲပြီးဖြစ်လာခဲ့ရင်

- ကိုယ်ခံအားချို့တဲ့ ရောဂါရှိနေသူ သို့မဟုတ် ၆ လထက်ငယ်တဲ့ကလေး ဖြစ်ရင် ဆေးရုံ၊ ဆေးခန်းကို အမြန်ဆုံး ပြသဖို့လိုအပ်တာ အမြဲသတိရှိထားစေချင်ပါတယ်။


 
နောက်ဆက်တွဲပြဿနာတွေ
ရေကျောက်ရောဂါက သူ့ချည်းဆိုရင် ပြင်းထန် လေ့မရှိပေမယ့် နောက်ဆက်တွဲ ပြဿနာတွေက တော့ အသက်အန္တရာယ်အထိ ဖြစ်စေပါတယ်။ နောက်ဆက်တွဲတွေကို ကြည့်ရင်-

- အရေပြား၊ အရိုး၊ အဆစ်တွေကို ဘက်တီးရီး ယားပိုးတွေ

- အဆုတ်ရောင် နမိုးနီးယား ရောဂါ

- ဦးနှောက်ရောင်ရောဂါ

- ပိုးက ထွက်တဲ့ အဆိပ်အ တောက်တွေကြောင့် သွေး လန့်ခြင်း စတဲ့ရောဂါတွေပါပဲ။

အထူးသဖြင့် ဒီလိုနောက်ဆက်တွဲရောဂါ ဖြစ် နိုင်ခြေ အများဆုံးသူတွေက မိခင်မှာ ရေကျောက် ရောဂါ တခါမှမဖြစ်ဖူးသေးတဲ့ မွေးကင်းစနဲ့ တနှစ် အောက်ကလေးတွေ၊ အသက်ကြီးသူတွေ၊ ရေကျောက် ရောဂါ မဖြစ်ဖူးသေးတဲ့ ကိုယ်ဝန်ဆောင်တွေ၊ ကိုယ် ခံအားချို့တဲ့နေတဲ့ ကင်ဆာရောဂါသည်၊ အိပ်ခ်ျအိုင်ဗီ ရောဂါ သည်တွေ တခြား နာတာရှည်ရောဂါ တခုခု အတွက် ဆေးတွေသောက်သုံးနေကြရသူတွေပဲ ဖြစ် ပါတယ်။

ရေကျောက်ရောဂါ မဖြစ်ဖူးသေးတဲ့ ကိုယ်ဝန် ဆောင်မှာ ရောဂါဖြစ်လာရင် အထူးသတိပြုဖို့လိုအပ် တာ မမေ့ပါနဲ့။

အိမ်မှာစောင့်ရှောက်နိုင်တဲ့နည်းလမ်း
မိသားစုဝင်တယောက်ယောက် ရေကျောက် ရောဂါဖြစ်ရင် နောက်ဆက်တွဲရောဂါတွေ မဝင် ရောက်ရင် အိမ်မှာပဲ ပြုစုစောင့်ရှောက်နိုင် ပါတယ်။ အဓိကအားဖြင့် “မကုတ်ပါစေနဲ့” အဖုလေးတွေက ယားယံတတ်တော့ ကုတ် ခြစ်မိတတ်ကြပါတယ်။ အဲဒီအခါ အနာကျက်ဖို့ ကြာမြင့်သလို ရောဂါပိုး ထပ်ပြီး ဝင်ရောက်နိုင်ပါတယ်။ ဒါကြောင့် မကုတ် ခြစ်မိအောင် သတိပေးပါ။ အိပ်ချိန်တွေမှာ ယောင် ပြီး မကုတ်မိအောင် လက်အိပ်စွပ် ပေးထားတာ၊ လက်သည်းတွေ ညှပ်ပေးထားတာက အဆင်ပြေပါ တယ်။

အယားအယံနဲ့ တခြားဝေဒနာတွေ သက်သာဖို့
ရေကျောက်ဖုလေးတွေက ယားယံတတ်သလို တခြားယှဉ်တွဲနေတဲ့ ဖျားတာ၊ ခေါင်းကိုက် တာ၊ နုံးချည့်တာတွေကိုလည်း သက်သာအောင် ပြုစုပေး လို့ ရပါတယ်။ ရေအေးနဲ့ မုန့်ဖုတ်ဆော်ဒါ စပ်ပြီး ရေချိုးပေးပါ၊ ယားတဲ့နေရာတွေကို မယ်ဖင် ကယ်လို၊ ကာလာဒရိုင်လို လိမ်းဆေး တို့ပေး ပါ၊ ပါးစပ်ထဲမှာ အဖုအနာတွေ ရှိတတ်လို့ အစာ ပျော့ပျော့ အရမ်းမပူစပ်တာ ကျွေးပါ၊ ပါရာစီ တမောလ်လို အနာအကျင် သက်သာ စေတဲ့ ဆေးတွေ၊ ဘာမီတွန်နဲ့ အလားတူ အယားအယံ ပျောက်ဆေးတွေကို ဆရာဝန် ညွှန်ကြားသလို တိုက်ကျွေးနိုင်ပါတယ်။

ကာကွယ်ဖို့ 
ဖွံ့ဖြိုးပြီးနိုင်ငံကြီးတွေလို ကာကွယ်ဆေးအလွယ် တကူရဖို့ မဖြစ်နိုင်တာမို့ တကိုယ်ရေ သန့်ရှင်းရေး အထူးသဖြင့် မကြာခဏ လက်ဆေးတဲ့ အလေ့ အကျင့် လုပ်ပေးပါ၊ ရောဂါဖြစ်တဲ့ လူနာကို ခွဲထားပေးပါ၊ စနစ်တကျ နှာချေချောင်းဆိုးအောင် ညွှန်ပြ ပေးပါ၊ ရောဂါဖြစ်နေတဲ့ ကလေးကို ကျောင်း မလွှတ်ဖို့၊ ကျောင်းမှာ ရေကျောက်ရောဂါ သံသယဖြစ်ဖွယ် ကလေးရှိရင် ကျောင်းကနေ အိမ်ပြန်လွှတ်ပေးဖို့ စတဲ့ နည်းလမ်းတွေနဲ့ လုပ်ဆောင်နိုင်ပါတယ်။ အရမ်းမကြောက်ဖို့၊ မကြောက်မနေဖို့ ရေကျောက်ရောဂါ အတွက် သိအပ်တာလေးတွေ ဝေမျှပေးလိုက်ပါတယ်။

မစိုးရိမ်ပါနဲ့ ...။

ဒါပေမယ့် ..ဂရုစိုက်...။

ဒေါက်တာသက်ဦး
Irrawaddy Blog

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...