နာမကျန်း ဖြစ်နေသည့် မြစ်

ချင်းတွင်းမြစ်၏ ရေပြင်ပေါ်တွင် တရိပ်ရိပ်မြန်ဆန်စွာ ခုတ်မောင်းနေသော အမြန်မော်တော် ရေယာဉ်သည် ရုတ်တရက် ရပ်တန့်သွားသည်။ ခရီးသည်များ၏ မျက်နှာများက မော်တော် ရပ်သွားသည်နှင့် ညှိုးကျသွား သည်။

“ချင်းတွင်းမြစ်ထဲမှာ အရင်ကလို ခရီးသွားရတာ မကောင်းတော့ဘူး” ဟု ခရီးသည်တစ်ဦးဖြစ်သူ ဦးအေးမောင်က လေပူတစ်ချက် မှုတ်ထုတ်ရင်း စိတ်ပျက်လက်ပျက် ညည်းညူလိုက်သည်။ မြစ် အတွင်း ရေစူးတိမ်လာပြီး သဲသောင်ပေါ် မော်တော်တင်သဖြင့် ရှေ့ဆက်မသွားနိုင်ခြင်းမှာ ယခုအကြိမ် ဆိုလျှင် သုံးကြိမ်ရှိပြီဟု ဦးအေးမောင်က ညည်းတွားသည်။



ယခင်က စာပေကဗျာများတွင် ရေတသွင်သွင် စီးဆင်းသော ချင်းတွင်းမြစ်နှင့် ပတ်သက်၍ ရေးသားဖွဲ့ဆိုမှု များ ရှိခဲ့သော်လည်း ယခုအခါ ချင်းတွင်းမြစ်နှင့် ပတ်သက်၍ အများဆုံး တွေ့ရှိရသည်က “ချင်းတွင်းမြစ်ရေ တိမ်လာသည်”၊ “ချင်းတွင်းမြစ်၏ သဘာဝပတ်ဝန်းကျင် ပျက်စီးနေပြီ” ဆိုသော အနုတ် လက္ခဏာ ဆောင်သော သတင်းများကိုသာ အဓိက တွေ့ရှိရသည်။ အညှာအတာ ကင်းမဲ့သော လူသားတို့၏ မဆင်မခြင် ဖျက်ဆီးမှုများကြောင့် ချင်းတွင်းမြစ်၏ အခြေအနေမှာ ယခင်ကဲ့သို့ မလှပနိုင်တော့ချေပြီ။

ချင်းတွင်းမြစ်ရိုး တစ်လျှောက်တွင် မြို့ ၁၀ မြို့နီးပါး တည်ရှိပြီး ရွာငယ် ရာပေါင်းများစွာဖြင့် လူဦးရေ ထူထပ်စွာ နေထိုင်ကြသည်။ ချင်းတွင်းကို အမှီပြု၍ စီးပွားရှာသူ များစွာရှိပြီး ရွှေလုပ်ငန်း ကျောက် လုပ်ငန်းနှင့် သဲတူးသည့် လုပ်ငန်းကဲ့သို့သော ချင်းတွင်းမြစ်၏ သဘာဝပတ်ဝန်းကျင်ကို ထိခိုက်သော လုပ်ငန်းများစွာကြောင့် ချင်းတွင်းမြစ် ပျက်စီးခဲ့ရသည်။

ချင်းတွင်းမြစ်သည် အိန္ဒိယ-မြန်မာ နယ်စပ်အနီးရှိ ပတ်ကွိုင်တောင်တန်းနှင့် ကူးမွန်တောင်တန်းများမှ စတင်မြစ်ဖျားခံပြီး အိန္ဒိယနိုင်ငံ မဏိပူရပြည်နယ်တွင် နိုးထိမြစ်ဟု ခေါ်ဆိုကာ မြန်မာနိုင်ငံတွင် ချင်းတွင်းမြစ်ဟု ခေါ်သည်။

ကချင်ပြည်နယ်ရှိ ဟူးကောင်းချိုင့်ဝှမ်း လွင်ပြင်မှတစ်ဆင့် တနိုင်း၊ တဗြဲ၊ တဝမ်၊ တရွန်မြစ်များ စုပေါင်းကာ ချင်းတွင်းမြစ်အဖြစ် ခန္တီး၊ ထမံသီ၊ ဟုမ္မလင်း၊ မော်လိုက်၊ ဖောင်းပြင်၊ ကလေးဝ၊ မင်းကင်းနှင့် မုံရွာမြို့များ ကို ဖြတ်သန်းကာ ပခုက္ကူမြို့အထက်တွင် ဧရာဝတီမြစ်နှင့် ပေါင်းဆုံသည်။ မြစ်အရှည်မှာ ၇၅၀ မိုင် (၁၂၀၇ ကီလိုမီတာ) ရှိပြီး မြစ်လက်တက်များမှာ ဥရုမြစ်၊ ယုမြစ်၊ မြစ်သာမြစ်တို့ ဖြစ်သည်။

ယခင် စစ်အစိုးရလက်ထက် ချင်းတွင်းမြစ်ပေါ်တွင် ထမံသီဆည်၊ မော်လိုက်ဆည်၊ ရွှေစာရေးဆည်တို့ တည်ဆောက်သွားမည်ဟု သတင်းထုတ်ပြန်ခဲ့ပြီး ယခုအခါ ထမံသီဆည် တည်ဆောက်မည့် အစီအစဉ်အား သဘာဝပတ်ဝန်းကျင် ထိခိုက်မှုများသဖြင့် ရပ်ဆိုင်းခဲ့သည်။ ယခုကာလတွင်ပင် သဘာဝပတ်ဝန်းကျင် အလွန်ပျက်စီးနေသော ချင်းတွင်းမြစ်ပေါ်တွင် ရေလှောင်တမံများ တည်ဆောက်ပါက ချင်းတွင်းမြစ်၏ အနာဂတ် မတွေးဝံ့စရာပင်။

လူသန်းပေါင်းများစွာ အမှီအခို ပြုနေရသော ချင်းတွင်းမြစ်ရေမှာ တစ်နှစ်ထက်တစ်နှစ် ပိုမို နောက်ကျိ လာသည်ဟု ဒေသခံများက ဆိုကြသည်။ နွေ၊ မိုး၊ ဆောင်း သုံးရာသီပတ်လုံးတွင် မြစ်ရေ သည် ကော်ဖီကြမ်း၏ အရောင်အတိုင်း ဖြစ်နေပြီး ယခင်က ချင်းတွင်းမြစ်ရေသည် မြစ်ကြမ်းပြင် မှ ကျောက်စရစ်ခဲလေးများကိုပင် မြင်ရသည်အထိ ကြည်လင်ခဲ့ဖူးသော်လည်း ယခုအခါ လူတို့၏ လောဘတက်သော စီးပွားရေး လုပ်ငန်းများကြောင့် မြစ်ရေ မကြည်နိုင်တော့ပြီ။

“ချင်းတွင်းအထက် ဟုမ္မလင်းနဲ့ ခန္တီးကြားက ရွှေမှော်တွေဆီကို ၂၀၁၁ ခုနှစ်က သွားခဲ့ဖူးတယ်။ လက်ဆွဲ ရေစုပ်စက်ကလေး တစ်လုံးနဲ့ ရေပိုက်ဝယ်၊ လူအင်အား လေးဦးလောက်နဲ့ ရွှေတူးတဲ့ အလုပ်လုပ်နိုင်တယ်။ မြစ်ကမ်းပါးယံတွေကို ထိုးခွဲလိုက်ပြီးတော့ ရရှိလာတဲ့ အမြတ်အစွန်းတွေက မက်မောစရာပဲ” ဟု ဦးအေးမောင်က ပြောဆိုသည်။

ရွှေတူးသူများ၏ မတော်လောဘ ရွှေရှာမှုများကြောင့် ချင်းတွင်းမြစ် တစ်ခုလုံးတွင် မြေသား အရောင်တို့ဖြင့် နောက်ကျိနေတော့သည်။ ရွှေတူးလုပ်ငန်းများ အခြေစိုက်ပြီး နှစ်ပေါင်း ၂၀ ကျော်အတွင်း ချင်းတွင်းမြစ်၏ သဘာဝပတ်ဝန်းကျင် ပျက်စီးခဲ့ရကာ အချိန်မီ တားဆီမှု မလုပ်ပါက မြန်မာနိုင်ငံမြေပုံတွင် ချင်းတွင်းမြစ်ဆိုသော အမည်ပျောက်ပျက်သွားမည်မှာ သေချာလှသည်။

“ခုချိန်မှာ မကာကွယ်ခဲ့ဘူးဆိုရင် နောက်နှစ်ပေါင်း ငါးဆယ်လောက်မှာ ကိုယ့်သားသမီး မြေးမြစ်တွေ က မြန်မာပြည်မှာ ချင်းတွင်းမြစ်ကြီး စီးဆင်းခဲ့တယ်ဆိုတာ ဟုတ်ပါသလား၊ ဘယ်နေရာမှာ စီးဆင်းခဲ့တာလဲလို့ မေးလာရင် ဘယ်လိုဖြေရမလဲ” ဟု ကလေးဒေသခံ သဘာဝပတ်ဝန်းကျင်အရေး လှုပ်ရှားသူတစ်ဦးက မေးခွန်းထုတ်သည်။

ချင်းတွင်းမြစ်တွင် ၂၀၁၂ ခုနှစ်က စတင်ဖြစ်ပေါ်ခဲ့သော မင်းကင်းမြို့အနီး ကြီးမားသော သဲသောင်ပြင် ဖြစ်ထွန်းမှုသည် ၁၉၈၂ ခုနှစ်မှ စတင်လျှင် နှစ်သုံးဆယ်အတွင်း အကြီးမားဆုံး သဲသောင်ထွန်းမှု ဖြစ်ကြောင်း မင်းကင်း ဒေသခံများက ပြောဆိုသည်။ ယင်းသဲသောင်ထွန်းမှုကြောင့် မင်းကင်းမြို့တွင် အမြန်ယာဉ်များ ဆိုက်ကပ်၍ မရဘဲ လေးမိုင်ခန့် ဝေးသော တောင်ယာတော ကျေးရွာတွင် ဆိုက်ကပ်ကြရသည်။

ချင်းတွင်းမြစ် အထက်ပိုင်းတစ်လျှောက် မြေပြိုကျနေသော မြစ်ကမ်းပါး များစွာရှိပြီး မြစ်ကမ်းပြိုမှု သည် ရွှေတူးဖော်သူများ ရွှေရှာဖွေခဲ့သော နေရာများ ဖြစ်သည်ဟု ဒေသခံများက ဆိုကြသည်။

ချင်းတွင်းမြစ်ကမ်း အချို့နေရာများတွင် ကျောက်စရစ်ပုံကြီးများ ရှိပြီး ယင်းကျောက်စရစ်များ သည် ရွှေရှာရန် မြစ်ကြမ်းပြင်မှ စုပ်ယူလိုက်သော မြေသားများမှ ထွက်လာသော ကျောက်စရစ်များ ဖြစ် သည်။ မြစ်ကြမ်းပြင် ပျက်စီးမှု၊ ရေစီးကြောင်း ပြောင်းလဲမှုများကြောင့် ရေစူးတိမ်လာခြင်း၊ ကမ်းပြိုခြင်း များ ဖြစ်လာပြီး မြစ်ရေသည် ရွှံ့ရေနှင့်မခြား အသွင်ပြောင်းသွားသည်။ မြစ်ကမ်းဘေး တစ်လျှောက် သစ်ဝါးခုတ်ထွင်မှုများကြောင့် မြေဆီလွှာ ထိန်းချုပ်ထားနိုင်သည့် သစ်ကြီးဝါးကြီးများ မရှိခြင်းကလည်း ကမ်းပါးကို အလွယ်တကူ ပြိုကျလာစေသည်။ ထိုမျှမက မြစ်အတွင်း အမှိုက်သရိုက်ပေါင်းစုံ စွန့်ပစ်နေမှုများကလည်း မြစ်ရေ တိမ်ကောလာမှုအတွက် အဓိကအကျဆုံး အချက်များ ဖြစ်သည်။

ချင်းတွင်းမြစ်တွင်း ရေတိုးချိန် မိုးရာသီကာလတွင် မုံရွာ-ခန္တီး တိုက်ရိုက် ခရီးစဉ်ရှိပြီး ရေနည်းပါးချိန်တွင်မူ သင်္ဘောများသည် ဟုမ္မလင်းထိသာ ရောက်နိုင်တော့သည်။ ချင်းတွင်းမြစ်ကို အမှီပြု နေထိုင်ကြသူများသည် ချင်းတွင်းမြစ်၏ ပျက်စီးလာမှုကို သတိမထားမိကြ၊ ချင်းတွင်းမှ ငါးဖမ်းဆီးရရှိမှု နည်းပါးလာသည်ကို သတိမမူကြ၊ ချင်းတွင်းမြစ်ရေ တစ်နှစ်ထက်တစ်နှစ် နောက်ကျိလာခြင်းကို မျက်ကွယ်ပြုနေကြသည်။ နီးလွန်း၍ မှုန်နေကြသည်အလား။

“ချင်းတွင်းသူ၊ ချင်းတွင်းသားတွေဟာ အနီးမှုန်ရောဂါ ဖြစ်နေကြပါပြီ” ဟု ကလေးဝမြို့ ဒေသခံတစ်ဦးက ဆိုသည်။

အမြန်သင်္ဘော သောင်တင်နေသည်မှာ နာရီဝက်ခန့် ရှိလာပြီ ဖြစ်သော်လည်း အမြန်ရေယာဉ် မှာ သောင်ပေါ်မှ တွန်းမချနိုင်သေးသဖြင့် မူလနေရာတွင်ပင် ဆက်လက် သောင်တင်နေဆဲဖြစ်သည်။ မုံရွာမြို့မှ ကလေးမြို့ဆီသို့ ပြန်ရန်အတွက် ရေကြောင်းခရီးကို ရွေးချယ်ခဲ့မိသည်မှာ မှားယွင်းသွားပြီဟု ခရီးသည် ဦးအေးမောင်က ရေရွတ်လိုက်သည်။

The Voice Weekly

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...