နှလုံးသွေးကြော မကျဉ်းပါစေနဲ့ (၂)



“ကြက် အဆီပြန်
ဝက် အသားနီလန်
မအီအောင် ချဉ်ပေါင်ခံ…………“

ငယ်ငယ်ကကြားဘူးတဲ့ ဒေါ်မြင့်မြင့်ခင်ရဲ့ သီချင်းသံကို အမြဲလိုလိုကြားယောင်မိပါတယ်။ “အသားမှာဝက် အသီးမှာသရက်”ဆိုတဲ့ စကားအတိုင်း မြန်မာလူမျိုးများက ၀က်သားကို နှစ်နှစ်ခြိုက်ခြိုက် စားသုံးကြ တာ ရှေးကတည်းက မဟုတ်လား။ ၀က်သားတောင်မှ သုံးထပ်သားမှ၊ ပြီးရင်ဆီပြန်နေအောင် ချက်ကြ၊ စားကြ၊ ဆွေမျိုးမိတ်သင်္ဂဟတွေကိုတောင် မျှဝေလေ့ ရှိကြတာ ကျွန်တော်တို့ မြန်မာ လူမျိုးပါ ပဲ။ မြန်မာပြည်မှာနေတဲ့ ကျနော့အမေဆိုရင်တောင် သုံးထပ်သားကိုကြိက်လှသမို့ မစားပါနဲ့လို့ အတန်တန်ပြောထားပေမယ့် ညီမဖြစ်သူဆီက “အမေက ပြောလို့မရဘူး” ဆိုတဲ့ တိုင်တောသံကို မကြာခဏ ကြားရပါတယ်။

ငယ်ငယ်တုန်းကတော့ အမှတ်တမဲ့နဲ့ မစဉ်းစားမိပါဘူး ကြီးလာတော့မှ စဉ်းစားမိတာပါ။ ၀က်သားဟင်းကို ချဉ်ပေါင်ခံပြီးစားတော့ အအီပြေပြီး ပိုလို့များများစားမိနိုင်သလားပေါ့။ ၀က်ရဲ့ အသားက တခြား အသားတွေနဲ့ သိပ်မကွာပေမယ့် ၀က်အဆီနဲ့ သူ့ထဲကို ထည့်ချက်တဲ့ စားဆီတွေကလူကို အန္တရာယ်ပေးတာ ပါ။ ငယ်ငယ်က ညဈေးတန်းသွားပြီး ၀က်နားရွက်သုပ်၊ ၀က်ခေါင်းသုပ်၊ ၀က်လျှာသုပ်တွေဝယ်ပြီး စာသုံးလေ့ရှိတာ သတိရမိပါတယ်။ အသုပ်ကတော့ ဆီပြန်ဟင်းထက်စာရင် တော်သေးတာပေါ့။ အခုတော့ မြန်မာပြည်မှာ အသုပ်တွေကို လက်အိပ်စွပ်ပြီး သုပ်တဲ့ ဈေးရောင်းသူ တချို့ကို တွေ့ရတော့ တိုးတက်မှုတော့ မြင်နေရပြီလို့ အောက်မေ့ပါတယ်။ တချို့ကလည်း အသုပ်ထဲကို ဆီထပ်ပြီး ထည့်လိုက်သေးရဲ့။

ဝက်ဆီဖတ်ကတော့ အဆီဓာတ် များပါတယ်။ အခေါက်ကတော့အဆီမပါတဲ့ အပိုင်းဆိုရင် တော်ပါသေး တယ်။ စာရေးသူလည်း တရုတ်ဆူပါမားကက်တွေမှာ ၀ယ်လို့ရတဲ့ ၀က်ခေါက်ထုပ်တွေကို ဇနီးသည်ရဲ့ လက်ရာ ရှမ်းခေါက်ဆွဲနဲ့ တွဲပြီး စားရတာ ကြိုက်နှစ်သက်ပါတယ်။ အခေါက်ထုပ် ရွေးတဲ့အခါ အဆီနည်းတဲ့ တံဆိပ်ကို မှတ်ထားပြီးဝယ်လေ့ ရှိပါတယ်။ အခုဆိုရင် အင်္ဂလန်မှာ တရုတ်ဆိုင်တွေတင်မကဘူး ဆူပါမားကက် တော်တော်များများမှာ အခေါက်ထုတ်တွေ ၀ယ်လို့ရပါတယ်။ မရှောင်နိုင်တဲ့ အဆုံး လျှော့စားတယ်ဆိုပြီး စိတ်ဖြေရတာပေါ့။ ရှောင်နိုင်ရင်တော့ အကောင်းဆုံးပါ။

လူတစ်ယောက် ဗိုက်ရွှဲတယ်ဆိုရင် ဗိုက်ခေါက်တင်မကပါဘူး။ ဗိုက်ထဲက ကလီစာတွေမှာပါ အဆီ စုနေပါတယ်။ ဗိုက်အတွင်းကိုသာ လှန်ကြည့်လို့ရရင် အဆီတ၀င်းဝင်းမြင်ရမှာပါ။ သရက်ရွက်မှာ အဆီစုနေရင် ဆီးချို သွေးချိုရောဂါ ဖြစ်နိုင်ပါတယ်။ ကိုယ်ခန္တာမှာ အဆီများရင် အင်ဆူလင်ဓာတ်က ပုံမှန် အလုပ်မလုပ်တော့ပဲဆီးချိုသွေးချို ရောဂါရတာပါ။ ဗိုက်မှာ အဆီတွေ စုနေရင် နှလုံးကိုလည်း အဆီတွေ ၀န်းရံနေမယ်ဆိုတာ သေချာပါတယ်။ ဗိုက် တစ်လက်မတက်ရင် အသက်တစ်နှစ် တိုတယ်လို့ နှလုံးသွင်းပြီး အဆီလျှော့ရင် မကောင်းဘူးလား။

မြန်မာလူမျိုးတွေက ဘာကြောင့် ၀ကြသလည်းဆိုရင် အကြောင်းအမျိုးမျိုးရှိနိုင်ပါတယ်။ အသက်လေး နည်းနည်းရလာတော့ တစ်သက်လုံးချွေတာပြီး မစားပဲ ထားတဲ့အရာတွေကို စားနိုင်လာလို့ လား တွေးမိပါတယ်။ စားရေးသူရဲ့ မိတ်ဆွေ တစ်ဦးကတော့ သူ့ကိုယ်သူ “ ပြိတာလိုပဲ” လို့ ပြောပါတယ်။ အသက်ရလာပြီး ငွေရေးကြေးရေးလေး နည်းနည်းပြေလည် လာတော့ ကျန်းမာရေးကြောင့် ဟိုရှောင် သည်ရှောင် လုပ်ရတာနဲ့ စားနိုင်တဲ့အခြေအနေ ရှိသော်လည်းပဲ မစားနိုင်တော့ဘူး။ အမျိုးတစ်ယောက် ကတာ့ အရမ်းဝနေလို့ အစားလျှော့စားဖို့ တရားချတာ ဘာပြန်ပြောတယ် ထင်သလည်း။ “လူဖြစ်ရကျိုးလေးနပ်အောင် စားချင်တာ စားလိုက်ဦးမယ်…“တဲ့။ “ကဲ.... ဘာပြောဦးမလည်း။” မရှိတာထက် မသိတာက ခက်သကိုး။

စာရေးသူတို့မြန်မာလုမျိုးက သူများလူမျိုးထက် စားဆီကို အားရပါးရ သုံးလေ့ရှိပါတယ်။ စာရေးသူ အလုပ်လုပ်တဲ့ ဆေးရုံစားသောက်ဆိုင်မှာ တခါတော့ ပါမောက္ခဒေးဗစ်နဲ့ ဆုံပါတယ်။ ဒေးဗစ်က ကင်းဘရစ်ခ်ျကဘွဲ့ရပြီး စာရေးသူနဲ့ အလုပ်တွဲလုပ်ပါတယ်။ သူက ကင်တင်းကနေ ငါးကြော်ကို မှာပြီးစားပါတယ်။ ငါးကြော်ကို စားတဲ့အခါမှာ ငါးပေါ်ကမုန့်နှစ်နဲ့ ကြော်ထားလို့ ကြွပ်နေတဲ့ အပိုင်းကို သေသေချာချာခွာပြီး ဘာလုပ်မလည်း ကြည့်တော့ မစားပဲ ခွာထားတဲ့ မုန့်နှစ်အကြွပ်တွေကို လွှင့်ပစ်ပါတယ်။ စာရေးသူငယ်ငယ်က အဖွားကအကြော်ဝယ်ခိုင်းတဲ့အခါ အကြော်ဆိုင်က အကျေကြွပ်ကြွပ်ကို အပိုရရင် အရမ်းပျော်ပါတယ်။ အခုတော့ အကြော်အကျေတွေ ခမျာလည်း ရေသန့်ဘူး နဲ့ လက်ဆက်လိုက်ရတယ် ထင်ရဲ့။

“ဆီကိုရေချိုး ဆေးရိုးမီးလှုံ” ဆိုပြီး တိုင်းပြည်စီးပွားတိုးတက်တဲ့ခေတ်ကို တင်စားလေ့ ရှိပါတယ် မဟုတ်ပါလား။ အခုလက်ရှိခေတ်ကလည်း တိုင်းပြည် တိုးတက်စပြုလာပြီဆိုတော့ ဆီကို ပေါပါသီသီ သုံးကြမှာပေါ့။ မြန်မာနိုင်ငံအတွင်းကို တင်ပို့တဲ့ စားအုန်းဆီက ၂၀၁၂ ခုနှစ်မှာ ယူအက်စ်ဒေါ်လာ သန်း ၃၀၀ တန်ဖိုး ရှိပါတယ်။ မြန်မာနိုင်ငံအတွင်းကို စားအုန်းဆီတွေ သွင်းလာတာ ဆယ်စုနှစ်မကရှိပါပြီ။ ဆရာဝန်တွေမက ကျန်းမာရေး ဗဟုသုတရှိသူတွေကပါ စားအုန်းဆီရဲ့ အန္တရာယ်ကို သိကြပါတ ယ်။ ပြသနာက ဒီလောက်များတဲ့ ဆီတွေက တမျိုးသားလုံးကို အန္တရာယ်ပေးနေပါတယ်။ သိရက်နဲ့ ဘာမှမလုပ်နိုင်ပဲ စားသုံးနေကြရတာ လည်စင်းပေးရသလိုပဲလားလို့ တွေးကြည့်မိရတယ်။

တတ်နိုင်သူတွေ၊ ဗဟုသုတရှိသူတွေကတော့ ကျန်းမာရေးအတွက် ထိခိုက်မှုနည်းတဲ့ နှမ်းဆီ၊ မြေပဲ ဆီ၊ နေကြာဆီတွေကို ရွေးပြီး သုံးကြပါတယ်။ မြန်မာပြည်က နာမည်ကြီး စားသောက်ဆိုင် ပိုင်ရှင်တစ်ဦး ကလည်း သူ့ဆိုင်တွေမှာ ဂျာမဏီကလာတဲ့ နေကြာဆီကိုပဲ သုံးကြောင်း စာရေးသူကို ပြောဘူးပါ တယ်။ ပြသနာကတော့ ပြည်တွင်းမှာ နှမ်းဆီ၊ မြေပဲဆီ၊ နေကြာဆီ ဆိုတာတွေကရော ဘယ်လောက် စစ်ပါသလည်း။ စားအုန်းဆီတွေကို တခြားဆီတွေဆိုပြီး အတု လုပ်ရောင်းကြတာကိုလည်း သတင်းတွေထဲ မှာ ရေးထားကြတာကို ဖတ်ရ၊ ကြားရပါတယ်။ ၀ိသမလောဘသားများကတော့ ကွာလတီကွတ်ထိုးလ် အားနည်းတာကို အခွင့်ကောင်းယူကြပါတယ်။

စာရေးသူ မကြာမီက မြန်မာပြည်ကို အလည်အပတ်ရောက်တော့ ဘုရားအနီးအနားက လမ်းဘေး အကြော်ဆိုင်မှာ တို့ဟူးကြော်နဲ့ တိုးဟူးခြောက်ကြော်စားရင်း ဆီပုံးကိုကြည့်လိုက်တဲ့အခါမှာ ဟင်းသီးဟင်းရွက်ဆီ ဆိုတာပဲ အင်္ဂလိပ်လို ရေးထားပါတယ်။ ကျန်တဲ့စာတွေကတော့ တရုတ်လိုပဲရေးထား တာမို့လို့ စာရေးသူလည်း မဖတ်တတ်ပါဘူး။ ရေးထားတာ ဖတ်တတ်ရင်ကော ပစ္စည်းက ဘယ်လောက်မှန် မှာလည်း လို့ ပြောချင်ရင် ပြောနိုင်ပါတယ်။ အခုတော့ မြန်မာနဲ့ အင်္ဂလိပ်လို မရေးထားရင် ပြည်တွင်းကို တင်သွင်းခွင့် မပေးဘူးတဲ့။ အဲဒါ ကောင်းပါတယ်။

သူများနိုင်ငံတွေမှာ ကောင်းတဲ့ အချက်တစ်ခုကတော့ အရည်အသွေးမှန်မမှန်စစ်ဆေးခြင်းနဲ့ စားသုံးသူတွေကို ကာကွယ်ထားမပါပဲ။ လူတချို့ဟာ ၀ိသမ လောဘသားတွေမို့လို့ အစိုးရအနေနဲ့ မိမိပြည်သူပြည်သားတွေကို အကာအကွယ်ပေးနိုင်မှုဟာ အများကြီး အရေးကြီးပါတယ်။ တလောက တရုတ်နိုင်ငံမှာ မြောင်းတွေထဲက ဆယ်ယူပြီး ပြန်ချက်ထားတဲ့ စားဆီတွေကို တရားမ၀င် ရောင်းချလို့ တရုတ်အစိုးရက အရေးယူတာ ကြားလိုက်ရပါတယ်။ ဒီလူတွေက နောက်ဖေးမြောင်း တွေထဲက အဆီတွေကို လိုက်စုပြီး မီးနဲ့ကျို၊ ဓာတုဗေဒနည်းနဲ့ ဆီတွေကို ကြည်အောင်လုပ်ပြီး ပြန်ရောင်းပါတယ်။ ဒီလူတွေက စီးပွားဖြစ်တော့ တခြားလူတွေကပါ အလွယ်လမ်းကို လိုက်ကြတာပေါ့။ စားရေးသူတို့ နိုင်ငံ ထဲကိုရော မှောင်ခိုလမ်းကတဆင့် အဲဒီလိုဆီတွေ ၀င်မလာဘူးလို့ ဘယ်သူ ပြောနိုင်မှာလည်း။

တိုင်းပြည်တစ်ခုကို ထူထောင်ရာမှာ လုပ်စရာတွေက ထောင့်တိုင်း၊ နေရာတိုင်းမှာ အများကြီးပါ ပဲ။ မြန်မာနိုင်ငံမှာ ဥပဒေတွေ ရှိပေမယ့်လည်း ဥပဒေရဲ့ သက်ရောက်မှုက အားနည်းနေဆဲပါ။ ကျန်းမာရေးနဲ့ပါတ်သက်ရင်တော့ ဥပဒေရဲ့ သက်ရောက်မှု အားကောင်းလာဖို့ လိုပါတယ်။ ပြောရမယ် ဆိုရင်တော့ အများကြီးပါပဲ။ စားသုံးဆီတွေရဲ့ အမျိုးအစား၊အရည်အသွေးတွေကို စစ်ဆေးဖို့ တာဝန်က ကြီးပါတယ်။ူတိုင်းလိုလို သိပြီးသားဖြစ်တဲ့ စားအုန်းဆီရဲ့ အန္တရာယ်ကို ဘယ်လိုလုပ်ပြီး ကာကွယ်နိုင်ပါ သလည်း။ စားသုံးသူတွေ ရှိနေသမျှ ပစ္စည်းတစ်ခုဟာ ရောင်းတမ်းဝင်နေမှာပါပဲ။ ဥပဒေပြုသူများ အနေနဲ့ ပြည်သူလူထုကို ဘယ်လို ကာကွယ်နိုင်သလည်းဆိုတာတွေ အဖြေရှာသင့်ပါတယ်။

“ကလေးပါမကျန်၊ ခွေးပါမကျန်
မီးခိုးပိတ် သိပ်ကြရန်……..
……………………........၊
ဝက်သားတုံးကြီး လက်သီးဆုပ်သဏ္ဍန်……
နိပ်ဟ”

စားအုန်းဆီတွေကို အားရပါးရ စိမ်ပြီးနေတဲ့ အဲဒီ လက်သီးဆုပ်တွေက မြန်မာလူမျိုးတွေရဲ့ နှလုံးတွေကိုများ ထုထောင်းနေရော့သလား စာရေးသူ တွေးမိပါတယ်။ နှလုံးသွေးကြော မကျဉ်းချင်ရင်တော့ဖြင့် စားအုန်းဆီ နဲ့ အဆီတွေကို ကိုယ်တတ်နိုင်သမျှ ရှောင်ကြပါလို့ အကြံပေးလိုပါတယ်။ ။

မြန်မာနှလုံးဖောင်ဒေးရှင်း

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...