ဝေဟင်ပေါ်မှာ သွားရင်း လာရင်း သတိလစ်မလို ဖြစ်တဲ့အခါ၊( လေယာဉ်ခရီးစဉ်အမှတ် QR012)

စာရေးသူနဲ့ဇနီးတို့ မွေးရပ်မြန်မာပြည်ကို ပြန်ဖို့အတွက် ကာတာလေယာဉ်လိုင်း၊ လေယာဉ်ခရီးစဉ်အမှတ် QR012 နဲ့ လန်ဒန်ကတဆင့် ဝေဟင်မှာ ခရီးဆန့်ခဲ့ပါတယ်။ ကာတာလေကြောင်းက ကာတာနိုင်ငံ ရဲ့ မြို့တော် ဒိုဟာမြို့ကတစ်ဆင့် ဆိုတော့ ခရီးတစ်ဝက်စီကို ၆ နာရီလောက်ပဲ ကြာတာမို့လို့ အဆင်ပြေပါ တယ်။ စာရေးသူတို့က အင်္ဂလန်နိုင်ငံ မြောက်ပိုင်းမှာ နေတာဆိုတော့ လန်ဒန်ကို မိုင် ၃၀၀ လောက် ကားမောင်းပြီး ဆင်းရပါတယ်။ လေယာဉ်ပေါ်ရောက်ရောက်ချင်း မကြာခင်ပဲ စာရေးသူလည်း မောမောနဲ့ အိပ်ပျော်သွားပါတယ်။

လန်ဒန်က ထွက်လာပြီး ၅ နာရီလောက် ရောက်တဲ့ အခါမှာ စာရေးသူရဲ့ ဇနီးက စာရေးသူကို ရုတ်တရက် လှုပ်ပြီးနှိုးပါတယ်။ “ကိုရေ…လူနာတစ်ယောက် နေမကောင်းလို့တဲ့…။ သွားပြီး ကြည့်ပေးရင် ကောင်းမယ်ထင်တယ်..။”
ဆရာဝန်ချင်း အတူတူ မိမိကို ရှေ့တန်းတင်လိုက်တဲ့ ဇနီးသည်ကြောင့် အိပ်ချင်မူးတူးဖြစ်နေတဲ့ စာရေးသူ က လေယာဉ်မယ်ရဲ့ ကြေငြာသံကို နားစွင့်လိုက် မိပါတယ်။

“ခရီးသည်များရှင်…၊ လေယာဉ်ခရီးသည် ၂ ဦး နေမကောင်းဖြစ်နေ ပါသဖြင့် ခရီးသည်များထဲမှာ ဆရာဝန် ပါလျှင် လေယာဉ်ခရူးကို သတင်းပေးပို့ စေလိုပါတယ်”

ချီတုံချတုံဖြစ်နေတဲ့ စာရေးသူလည်း အနားလာတဲ့ လေယာဉ်မယ်ကို လက်လှမ်းပြပြီး ပြောလိုက်ပါတယ်။

“ကျနော် ဆရာဝန်ပါ”

လေယာဉ်မယ်က မယုံတစ်ဝက် ယုံတစ်ဝက်ဖြင့် စာရေးသူကိုကြည့်ပြီး
“ရှင့်မှာ ဆရာဝန်မှတ်ပုံတင် ပါပါသလား”

ဘုရားရေ..။ အင်္ဂလန်မှာ ဆရာဝန်မှတ်ပုံတင် ကိုင်စရာမလိုဘူးဆိုတာ သူမ သိပုံမရ။ ဘယ်လို ရှင်းပြရပါ့မလည်းလို့တွေးမိတယ်။ ပြီးတော့မှ ပညာရှိ ဇနီးသည်က အိမ်မှ ထွက်ကာနီး “လိုရမယ်ရ ဆေးရုံကဒ်ယူခဲ့ပါ”ဆိုလို့ ယူခဲ့တဲ့ ကဒ်ကို သတိရမိတယ်။

“ဆေးရုံက ကဒ်ပြားတော့ ပါပါတယ်..။အိတ်ထဲမှာ ရောက်နေတယ်”

လေယာဉ်မယ်က ခဏ တွေနေပြီးမှ

“ရှင်က ဘာဆရာဝန်လည်း”

စာရေးသူလည်း စိတ်ထဲမှ “ခေါ်လည်း ခေါ်သေးတယ်” ဟု ကျွဲမြီးတိုသွားပြီး..
“နှလုံးရောဂါ အထူးကုပါ”ဟု ပြောလိုက်ပါတယ်။

လေယာဉ်မယ်က လူမမာများရှိရာသို့ စာရေးသူကို ခေါ်သွားပါတယ်။ လူမမာတွေရှိရာခုံရောက်တော့မှ လူမမာရဲ့ ဘေးကခုံက စာရေးသူထိုင်ရမဲ့ခုံ ဖြစ်နေပါတယ်။ တော်ပါသေးရဲ့ လို့စိတ်ထဲက တွေးမိသလို လိုဖြစ်ပြီးမှ မဟုတ်သေးပါဘူးလို့ တွေးလိုက်မိတယ်။ ဒီလိုပါ....၊စာရေးသူတို့ ဇနီးမောင်နှံနဲ့အတူ အင်္ဂလန်ကို ဆေးလာစစ်တဲ့သူ မိတ်ဆွေတစ်ဦးရဲ့ မိခင်ပါ လေယာဉ်ပေါ်မှာ ပါလာပါတယ်။ အစတုန်း ကတော့ အန်တီက ခုံသပ်သပ် တစ်ယောက်တည်းဖြစ်နေလို့ စာရေးသူက ခုံနံပါတ်ချင်းလဲပြီး အန်တီထိုင်ရမယ့်ခုံမှာ သွားထိုင်ပါတယ်။ နောက်မှ ဇနီးသည်ဘေးကလူက ခုံလဲပေးလို့ နောက်ပြန်ရောက် သွားပါတယ်။ အခုတော့ အဲဒီခုံကို ပြန်ပြီး ရောက်လာရပြန်ပါတယ်။ အဲဒီခုံက အစွန်မှာပါ။ လူမမာက အတွင်းထဲမှာဆိုတော့ အဲဒီခရီးသည်ကို အားနာနာနဲ့ပဲ ဖယ်ခိုင်းရပါတယ်။ အားနာတာက ကိုယ်ထိုင်ရမယ့် ခုံမှာ သူထိုင်လို့ပါ။

လေယာဉ်မယ်တစ်ဦးက
“အမျိုးသားက နေလို့မကောင်းဘူး..။အန်ထားတယ်။ သူ့သွေးပေါင်ချိန်က တိုင်းလို့ မရဘူး။ သူ့ဘေးက သူ့သမီးက နည်းနည်းအန်ချင်သလို ဖြစ်နေတယ်”

လူမမာ အမျိုးသားကို ကြည့်တော့ အိန္ဒိယလူမျိုး အသက် ၆၀ ၀န်းကျင်လောက်ရှိပါ တယ်။ လေယာဉ်အ တွင်း အလင်းရောင်မှောင်မှောင်နဲ့တောင် သူ့ကိုကြည့်ရတာ ဖြူပတ်ဖြူလျော် ဖြစ်နေပါတယ်။

သူမမာက မျက်စေ့ဖွင့်ထားပေမဲ့ ငြိမ်နေပါတယ်။ တရိပ်ရိပ်နဲ့ ခေါင်မူးနေတယ်လို့ ပြောပါတယ်။

“နေလို့ ဘယ်လိုနေသလည်း။ ရင်ဘတ်တွေဘာတွေ အောင့်သေးလား” လူနာကို မေးလည်းမေး လက်ကောက်ဝတ်၂ ဘက်ကိုသွေးခုန်နှုန်း စမ်းလည်းစမ်းလုပ်လိုက်ပါတယ်။

လူနာရဲ့ သွေးကြောက စမ်းလို့မရပါဘူး။ ဒီလူနာ ဒီအတိုင်းသာဆိုရင်တော့ နောက်ထပ် မိနစ် အနည်းငယ် ဆိုရင်တော့ သတိလစ်တော့မယ်ဆိုတာကို စာရေးသူရဲ့ အတွေ့အကြုံအရ သိနေပါတယ်။

အဲဒါနဲ့ လူမမာကို ချက်ခြင်းပဲ “လှဲပြီးနေလိုက်ပါ” လို့ ပြောလိုက်ပါတယ်။ သူလှဲပြီး စက္ကန့်ပိုင်းအတွင်းမှာပဲ သူရဲ့ သွေးကြောမှာ သွေးကစတိုးလာတာကို စမ်းလို့ရပြီး ချက်ခြင်းလိုလို အားကောင်းလာပါတယ်။ လူနာရဲ့ မျက်နှာကလည်း သွေးရောင် ပြန်ပြီး လွှမ်းလာပုံရပါတယ်။

“ဘယ်လို နေသေးလည်း” လို့ မေးရင်း သွေးပေါင်ချိန်တိုင်းဖို့ လုပ်နေတဲ့ စာရေးသူက လူမမာကို မေးလိုက်ပါတယ်။

“သက်သာပါတယ်” လို့လူမမာရဲ့ အဖြေကို စာရေးသူက သူမပြောခင်ကတည်းက မျှော်လင့်ပြီးသားပါ။

“သွေးပေါင်ချိန် ဘယ်လောက် ရှိပါသလည်း”
လူမမာရဲ့ သမီးက စိုးရိမ်တကြီးနဲ့ မေးလိုက်ပါတယ်။ သူတို့က ပါကစ္စတန်ကဖြစ်ပြီး သူမက ကျောင်းပြီးကာစ ဆရာဝန်တစ်ဥိးဖြစ်တယ်လို့ ပြောပါတယ်။ သူ့အဖေက ခရီးပန်းပြီး ကောင်းကောင်းမအိပ်မစား မသောက်နိုင်တာ ၂ ရက်ရှိပြီတဲ့။

“သွေးပေါင်ချိန်က ၁၂၀/၆၀ ရှိပါတယ်”

”စိတ်မပူပါနဲ့ ဗေဆိုဗေးဂယ်လ် ဆငိကိုပီ (Vasovagal Syncope) ဖြစ်တယ် ထင်ပါတယ်” လို့ စာရေးသူက သမီးဖြစ်သူကိုအားပေးရင်း လေယာဉ်ဝန်ထမ်းတွေကို လူမမာကို လေယာဉ်ဆိုက်တဲ့အထိ လှဲနေဖို့ အကြံဥာဏ် ပေးလိုက်ပါတယ်။

စာရေးသူကို စိတ်မချလို့ နောက်ကလိုက်လာတဲ့ ဇနီးသည်ကိုတွေ့တော့

“သူလည်း ဆရာဝန်ပါပဲ...”စာရေးသူက လေယာဉ်မယ်ကို ပြောလိုက်ပါတယ်။
စာရေးသူက သူ့ကိုလည်း လူနာကြည့်ခိုင်းဦးလေ ဆိုတဲ့ သဘောနဲ့ ပြောလိုက်တာပါ။

“နှစ်ယောက်စလုံး ဆရာဝန်ဆိုတော့ တော်တာပေါ့“
လေယာဉ်မယ်ရဲ့ ချီးကြူးစကားကြောင့် ဝေဟင်ထဲမှာ ထပ်ပြီးတောင် မြောက်တောက်တောက် ခံစားလိုက်ရသလို ဘ၀င်မြင့်မြင့် ဖြစ်သွားပါတယ်။

လေယာဉ်မယ်တွေက ကျေးဇူးတင်ကြောင်းကို လက်ခံစကားပြောပြီး စာရေးသူလည်း မိမိခုံကို ပြန်သွားကာ ဇနီးသည်ကို စစ်အောင်လာသူအပြုံးမျိုးနဲ့ ပြုံးပြလိုက်ပါတယ်။ သိပ်မကြာခင် ဒိုဟာလေဆိပ်ကို ဆင်းတော့မှာမို့လို့ အသင့်ပြင်ရတော့ပါတယ်။

များမကြာမီ လေယာဉ်မောင်တစ်ဦးက စာရေးသူဆီလာပြီး လိပ်စာနဲ့ အီးမေးလ်တောင်းပါတယ်။ သူကကျေးဇူးတင်စကားဆိုပြီး..

“ကာတာ လေယာဉ်လိုင်းက လက်ဆောင် ပစ္စည်း တစ်ခုခုကို ပို့ပေးပါလိမ့်မယ်”
သူ့လက်ဆောင်က ဘယ်နားနေမယ်မှန်း မသိပေမယ့် လူမမာ နေကောင်းသွားလို့ စာရေးသူအနေနဲ့ အတော် ၀မ်းသာရပါတယ်။

ဗေဆိုဗေးဂဲလ် ဆင်ကိုပီ (Vasovagal Syncope) ဆိုတာ လူတော်တော်များများမှာ ဖြစ်တတ်ပါတယ်။ ကိုယ်ထဲမှာ ဗေးဂတ်စ်အာရုံကြောကြီး(Vagus Nerve) တစ်ခုရှိပါတယ်။ အဲဒီအာရုံကြော ကို နှိုးဆွခံရ ရင် နှလုံးခုန်အရမ်းနှေးသွားပြီး သွေေးပေါင်ချိန် အရမ်းကျသွားတတ်ပါတယ်။ သွေးပေါင်ချိန်ကျသွားလို့ ဦးဏှောက်ကို သွေးမရောက်ရင် ဦးဏှောက်က အောက်စီဂျင်မရလို့ သတိလစ်မလို ဖြစ်လေ့ရှိပါတယ်။ မိနစ်အတော်ကြာသွားရင်တော့ သတိလစ်သွားလေ့ ရှိပါတယ်။ ခရီးရှည်ကြီးတွေကို မတ်မတ်ကြီး ကာ၊ ရထား၊ လေယာဉ်တွေစီရတဲ့အခါ၊ အန်တဲ့အခါ၊ အရမ်းကြောက်တဲ့အခါ၊ ကိုထဲမှာရေဓာတ် ခန်းခြောက်တဲ့ အခါတွေမှာ ဗေးဂပ်စ်အာရုံကြောကို နှိုးဆွနိုင်ပါတယ်။ အခြားအခြေအနေတွေကြောင့် လည်း ဗေဆိုဗေးဂဲလ်င်ေကိုပီ (Vasovagal Syncope) ရတတ်ပါတယ်။

အရေးအကြီးဆုံးကတော့ သတိလစ်မလို ဖြစ်တဲ့အခါ လူမမာကို လဲလျောင်းထာဖို့ပါပဲ လိုအပ်ရင် လဲလျောင်းရင်းနဲ့ ခြေထောက်တွေကို မြှောက်ထားရပါတယ်။ဖြစ်စေတဲ့ အခြေအနေကို ရှောင်ရှားနိုင် ရင်တော့ ကောင်းပါတယ်။ ခဏခဏဖြစ်ပြီး လိုအပ်ရင်တော့ ဆရာဝန်နဲ့ ပြသင့်ပါတယ်။

စာဖတ်သူတွေ ကိုယ်တိုင်ပဲဖြစ်ဖြစ်၊ ဆွေမျိုးထဲမှာ ဖြစ်ဖြစ် ဗေဆိုဗေးဂဲလ်ဆင်ကိုပီ (Vasovagal Syncope) ဖြစ်ရင် စိတ်မပူပါနဲ့။ လူအများစုမှာတော့ တစ်ခါ နှစ်ခါလောက်ဖြစ်ပြီးရင် ပြန်ဖြစ်လေ့ မရှိတော့ပါဘူး။ ဆေးရုံ၊ ဆေးခန်းတွေမှာတော့ ဒီလိုလူနာမျိုးတွေကို တော်တော်များများတွေ့ရနိုင်ပါတယ်။ လူနာကို သွေးဖေါက်ပြီး သတိလစ်သွားလို့ သွေးပြန်ကြောထဲပိုက်ထည့်ပြီး သတိလစ်သွားလို့ စသဖြင့် ကြားရလေ့ရှိပါတယ်။ စာရေးသူကိုယ်တိုင် နှစ်စ်ခါတောင် ဖြစ်ဘူးပါတယ်။

ပထမတစ်ခါကတော့ စာရေးသူ ဒေသကောလိပ်ပထမနှစ်၊ စာရေးသူရဲ့ဖခင် ရန်ကုန်ဆေးရုံကြီး အသည်းရောဂါကုဌာမှာ တက်တုန်းကပါ။ အဖေ့ရဲ့ အသည်းကို ဆရာဝန်က အပ်ကြီးနဲ့စုပ်တာ မြင်ရတုန်း က ဖြစ်ပါတယ်။ ဆေးတက္ကသိုလ်မရောက်သေးတဲ့ စာရေးသူကို အဖေက “မင်း ဒီလောက်တောင် သွေးကြောင်နေရင် ဆရာဝန် ဘယ်လိုလုပ်မှာလည်း” ဆိုပြီး အဆူခံရပါတယ်။ စာရေးသူကတော့ မျက်နှာငယ်လေးနဲ့ပေါ့။

ဒုတိယ တစ်ခါကတော့ မန္တလေး ဆေးတက္ကလိုလ် မန္တလေးပြည်သူ့ဆေးရုံကြီးရင်ခွဲရုံထဲမှာ ဖြစ်ပါတယ်။ မှုခင်းဆေးပညာဌာနမှာ ဆရာတစ်ယောက်က လူသတ်ခံရတဲ့ အမျိုးသမီးရဲ့ အလောင်းကို ခွဲပြီး စာသင်နေ စဉ် မှာပါ။ ၀မ်းလျှောထားတဲ့ စာရေးသူလည်း စာသင်ခမ်းထဲမှာ ဖြူပတ်ဖြူလျော်ဖြစ်ပြီး သတိလစ်မလို ဖြစ် သွားပါတယ်။ ဆရာက ကိုယ် နေမကောင်းနေတာကို “ဒီလို ကျောင်းသားမျိုး ဆရာဝန် မဖြစ်သင့်ဘူး” ဆိုပြီး အားလုံးရှေ့မှာ ချီးကြူးထောပနာပြုတာ ခံရပါသေးတယ်။ ဘယ်သူကများ ရွေးချယ်လို့ရ ရင် နေမကောင်းဖြစ်ချင်မှာလည်းဗျာ။

ခုတော့ စာရေးသူကိုယ်တိုင်လည်း ဆရာဝန်ရင့်မကြီးတစ်ယောက် ဖြစ်နေပြီ၊ လေယာဉ်ပေါ်မှာတောင် ကိုယ့်လို ဖြစ်တဲ့ လူနာတွေကို ကုပြီးပြီ၊ ဆိုတဲ့အတွေးနဲ့ အဖြစ်ဟောင်းတွေကို တွေးမိရင်း ပြုံးမိပါသေးတော့ တယ်။ ။

အားလုံး ကျန်းမာရွှင်လန်းကြပါစေ။

မြန်မာနှလုံးဖောင်ဒေးရှင်း

ဆက်စပ်ဖတ်ရှုရန် အကြောင်းအရာများ...