အာဆီယံနိုင်ငံများမှ ပူးပေါင်းကျင်းပသည့် SEAMEO Congress သို့ မြန်မာနိုင်ငံမှ အယောက် ၃၀၀ တက်ရောက်မည်
အရှေ့တောင် အာရှနိုင်ငံများ၏ ဒေသဆိုင်ရာ သမိုင်းနှင့်ရိုးရာဓလေ့ဌာနများ ပူးပေါင်းကျင်းပသည့် SEAMEO Congress သို့ တက်ရောက်ရန် မြန်မာနိုင်ငံ သက်ဆိုင်ရာဌာနများမှ အယောက် ၃၀၀ အား ဖိတ်ခေါ် ထားကြောင်း သိရသည်။
ထိုင်းနိုင်ငံ ဘန်ကောက်မြို့တွင် အောက်တိုဘာ ၂၁ ရက်မှ ၂၂ ရက်အထိ ကျင်းပမည့်အရှေ့တောင် အာရှနိုင်ငံများ၏ ပညာရေး၊ သိပ္ပံပညာ၊ ယဉ်ကျေးမှုတို့ကို ဒေသဆိုင်ရာပူးပေါင်းဆောင်ရွက်ရန်အ တွက် အဆိုပါကဏ္ဍများမှ သက်ဆိုင်သူ ၃၀၀ တက်ရောက်ရန် ဖိတ်ကြားခြင်းခံထားရကြောင်း ရန်ကုန် တက္ကသိုလ်သင်တန်းရေးရာဌာနမှ သိရသည်။
“အရှေ့တောင်အာရှမှာရှိတဲ့ အစိုးရအဖွဲ့အစည်းတွေ၊ ပညာရေးနဲ့သက်ဆိုင်တဲ့ အဖွဲ့အစည်းတွေ၊ စက်မှုလက်မှု၊ စီးပွားရေးလုပ်ငန်းတွေ၊ နိုင်ငံတကာနဲ့ ဒေသဆိုင်ရာအဖွဲ့အစည်းတွေ၊ အစိုးရမဟုတ်တဲ့ အဖွဲ့အစည်းတွေ ပူးပေါင်းပြီးတော့ လက်တွေ့လုပ်ဆောင်နိုင်တဲ့ပညာရေးနဲ့ လူ့စွမ်းအားဖွံ့ဖြိုးတိုး တက် ရေးနဲ့ ဆိုင်တဲ့ မူဝါဒတွေ၊ အလေ့အကျင့်တွေကို ရေးဆွဲ အကောင်အထည်ဖော် ဖို့ ဆွေးနွေးကြမှာပါ” ဟု ရန်ကုန်တက္ကသိုလ်သင်တန်းရေးရာဌာနမှူး ဒေါက်တာလှဆွေက ပြောသည်။
ယင်းဆွေးနွေးပွဲတွင် ဖိတ်ကြားခြင်းခံရသဖြင့် ပညာရေး၊ သိပ္ပံပညာ၊ ယဉ်ကျေးမှုတို့နှင့် သက်ဆိုင်သည့် စာတမ်းများကို ပြုစုပြီးစာတမ်းအကျဉ်းချုပ်ကို မတ် ၁ ရက်မှ မေ ၃၁ ရက်နောက်ဆုံးထားပေးပို့ပြီး တက်ရောက်ရန်အွန်လိုင်းဖြင့် မှတ်ပုံတင်ပြသွားရမည်ဖြစ်ကြောင်း သိရသည်။
“သွားရမယ့်သူတွေကို အစိုးရအစီအစဉ်နဲ့ပဲ လွှတ်မလား မသိရသေးဘူး။ အဓိကစပွန်ဆာကတော့ ထိုင်းနိုင်ငံနဲ့ ဗြိတိသျှကောင်စီတို့ပူးပေါင်းပြီး ကျင်းပပေးတာ” ဟု ယင်းကထပ်မံပြောသည်။
ရန်ကုန်တက္ကသိုလ် သီရိဆောင်တွင် SEAMEO ရုံးခွဲတစ်ခု ဖွင့်လှစ်ထားရှိပြီး မြန်မာနိုင်ငံ၏ ယဉ်ကျေးမှု၊ ပညာရေးဆိုင်ရာများနှင့် သိပ္ပံပညာရပ်များကို အရှေ့တောင်အာရှ SEAMEO ရုံးခွဲရှိသည့်နိုင်ငံများနှင့် ပညာရပ်ဖလှယ်ခြင်း၊ ယဉ်ကျေးမှုဖလှယ်ခြင်းတို့ပြုလုပ်ကာ ကျောင်းသား၊ ကျောင်းသူများ နိုင်ငံတိုင်း၏ ပညာရေး၊ ယဉ်ကျေးမှုတို့ကို ကျယ်ပြန့်စွာသိရှိစေရန်ရည်ရွယ်၍ ဖွင့်လှစ်ထားရှိခြင်းဖြစ်ကြောင်း သိရသည်။
“ဒီရုံးခွဲတွေက အရှေ့တောင်အာရှနိုင်ငံတွေမှာ ရှိတယ်။ သူတို့ကအဲဒီလိုဖွင့်ပြီး နိုင်ငံတကာ ပညာရေး တွေကို တစ်နိုင်ငံနဲ့တစ်နိုင်ငံ သိလာအောင်၊ ကျောင်းသားတွေ သင်ယူခွင့်ရအောင် လုပ်ပေးနေကြ တာ။ မြန်မာနိုင်ငံကို ဒီလိုဖိတ်ကြားခြင်းခံရတာက အရမ်းအကျိုးရှိတယ်။ တခြားနိုင်ငံပညာရေးတွေကို မြန်မာကျောင်းသား၊ ကျောင်းသူတွေ သိရှိလာမယ်ဆိုရင် လူ့စွမ်းအားအရင်းအမြစ်တွေက နိုင်ငံ တကာနဲ့ယှဉ်ပြိုင်လာနိုင်မှာပါ” ဟု အဆင့်မြင့်ပညာဦးစီးဌာနမှ ညွှန်ကြားရေးမှူးတစ်ဦးက ပြောသည်။
SEAMEO ရုံးခွဲကို ရန်ကုန်တက္ကသိုလ်တွင် ၂၀၁၃ ခုနှစ် နှစ်ကုန်ပိုင်းတွင် ရန်ကုန်တက္ကသိုလ် သီရိ ဆောင်၌ စတင်ဖွင့်လှစ်ခဲ့ကြောင်းသိရသည်။
Democracy Today Daily
အတွဲ(၁)၊ အမှတ်(၄၂)၊ ဧပြီလ(၁၁) ရက်၊ ၂၀၁၄ ခုနှစ်