အမှတ်ပေးစည်းမျဉ်း
တက္ကသိုလ်ကဲ့သို့သော အဆင့်မြင့်ပညာတန်းများတွင် အမှတ်ပေးစည်းမျဉ်းဟူ၍ မရှိရပါ။ လွတ်လပ်စွာ တွေးကြံဆမှုနှင့် ကျယ်ပြန့်စွာလေ့လာမှုတို့ကို အားပေးရမည့် ထိုအဆင့်တွင် အမှတ်ပေးစည်းမျဉ်း သတ်မှတ်စေလျှင် ထိုတက္ကသိုလ်၏ ပညာရည်အဆင့်သည် ရေစုန်မျောပြီဖြစ်သည်။ ပညာရေးဆွေး နွေးပွဲတစ်ခုတွင် တက္ကသိုလ်ပညာရေး အဆင့်မြှင့်ရန်ကိစ္စနှင့် ပတ်သက်ပြီး ဤအချက်ကို ကျွန်တော် တင်ပြဖူးသည်။ တွေ့နေကြုံနေရသည်မှာ သင်ကြားသူတို့က မှတ်စုရိုက်ရောင်း (အတော်ကြီးဆိုးရွား သော တက္ကသိုလ်တစ်ခုတွင် ပါမောက္ခက သင်ပုန်းပေါ်မှာ မြေဖြူဖြင့်ရေးပေးသည်ကို လိုက်ကူးကြရ)၊ စာမေးပွဲစစ်သောအခါ ထိုမှတ်စုအတိုင်း ဖြေနိုင်လျှင် ဂုဏ်ထူးပေးခြင်းမျိုးဖြစ် သည်။ ကျောင်းသား တစ်ဦးမှာ ဖြန့်ကျက်လေ့လာရန် ဝါသနာပါသူဖြစ်၍ ပညာရပ်ဆိုင်ရာ ဂျာနယ်များလည်း ဖတ်သည်။ အင်တာနက်မှလည်း ရသမျှစုသည်။ စာမေးပွဲဖြေတော့ ၅၇ မှတ်ပဲရသည့်အပြင် ပါမောက္ခကခေါ်တွေ့ ပြီးဘာလဲမင်းက ငါပေးတဲ့ Notes တွေကိုမလုံလောက်ဘူးထင်သလားဟု ကြိမ်းမောင်းခြင်းပါခံရသည်။ သူပေးသမျှ အလွတ်ကျက်ဖြေသူက တစ်နေရာတွင် a နှင့် The လွဲသွားသောကြောင့် ၉၇ မှတ်ရ သည်။ ဤလိုတက္ကသိုလ်မျိုး၏ ရှေ့ရေးကို တွေ့ကြည်နိုင်ပါသည်။
တလောက ရုပ်မြင်သံကြားဆွေးနွေးပွဲတစ်ခုတွင် အထက်တန်းပြဆရာမတစ်ယောက်က ဖွင့်ချလိုက် သည်ကို ကြည့်လိုက်ရသေး၏။ ပထဝီပြဋ္ဌာန်းစာအုပ်တွင် ရှမ်းကုန်းပြင်မြင့်ကို တစ်နေရာ၌ ရှမ်းကုန်း မြင့်၊ နောက်တစ်နေရာ၌ ရှမ်းကုန်းပြင်မြင့်၊ နောက်တစ်နေရာ၌ ရှမ်းမြေမြင့် စသည်ဖြင့် အလဲလဲ အလှယ်လှယ်ရေးထားသည်။ အမှတ်ပေးစည်းမျဉ်းက ပြဋ္ဌာန်းစာအုပ်ကို အခြေခံရလေရာ စာအုပ်ထဲ ကအတိုင်း မှန်ကန်စွာရေးနိုင်မှ အမှတ်ပြည့်ပေးရသည်။ ရှမ်းကုန်းမြင့်ဆိုသောနေရာတွင် ရှမ်းကုန်းမြင့် မြင့်ဟု ဖြေမိလျှင်တစ်မှတ်မှမရ။ အမှတ်ပေးစည်းမျဉ်းနှင့် မကိုက်ညီ၍အမှတ်ပေးလို့မရဟု ဆိုပါသည်။ တကယ့်ထူးထွေတည့် အံ့ရောသောဝ်ပါပဲ။
(၂)
ရာထူးတိုးပေးရန်ရှိလျှင် ရထိုက်ရခွင့်ရှိသူများ၏ အကဲဖြတ်မှတ်တမ်းကို ဌာနမှူးက ပြုစုရသည်။ အမျိုး သားတစ်ဦးမှာ ရာထူးကံကောင်းလှသည်ဟု ဆိုရမည်။ သူ့ကို A ဌာနတွင် ခန့်ချင်သော်လည်း နေရာ မလပ်၍ B ဌာနတွင် (ရထိုက်သူကို မရွေးဘဲ) ဆွဲခန့်ထားသည်။ နောက်တစ်ဆင့်ရာထူးတက်ရန် A ဌာနတွင်ကြုံသောအခါ B ဌာနမှ ထိုအမျိုးသားကိုပါပုံစံဖြည့်စေသည်။ ဤနေရာမှပင် မတရားမှုကဝင် လာပြီဖြစ်သည်။ သူ့ကို B ဌာနတွင်ခန့်ထားသည်ဖြစ်ရာ တစ်ဆင့်မြင့်ရာထူးအတွက် B မှာ စာရင်းဝင် နေသောသူ့ကို ပုံစံဖြည့်စေလျှင် B မှအဆင့်တူဝန်ထမ်းများအားလုံးကိုလည်း ပုံစံဖြည့်ခိုင်းရမည်ဖြစ် သည်။ သူက B တွင် စာရင်းဝင်နေသော်လည်း A ဌာနမှာပဲ အလုပ်လုပ်ရသည့်အတွက်ဟု အကြောင်း ပြသည်။
A တွင်သူနှင့်လုပ်သက်တူ အမျိုးသမီးတစ်ဦးရှိသည်။ သို့သော်ဌာနမှူးနှင့် ပနံမစားလှ။ ထို့ကြောင့် အမှတ်တွေလျှော့ပေးသည်။ တကယ်တော့ အမျိုးသမီးက အခြားဌာနတစ်ခုတွင် တစ်နှစ်ထမ်းဆောင် ခဲ့ဖူးသည်။ ထိုအချက်ကိုလုံးဝဖျောက်ပြီး မျက်နှာရှိရာဟင်းဖတ်ပါလုပ်လိုက်လေရာ ထိုအမျိုးသားကပဲ ရာထူးတက်ပြီး ကြီးပွားသွားပါ၏။ အထက်လူကြီးက ဘက်လိုက်လိုလျှင် အရုပ်ဆိုးတတ်သည်။ အမျိုး သမီးကသိသွား၍ တိုင်မည်တော့မည်လုပ်သောအခါ မတရားလုပ်သူတစ်စုမှာ မျက်လုံးအပြူြးုကီးပြူးပြီး ထိုအမျိုးသမီးကို နိုင်ငံခြားပညာသင်ဆုလုပ်ပေးလိုက်ရပါသည်။
(၃)
အစိုးရဌာနများတွင် ရယ်စရာကောင်းသောမူ တစ်ခုရှိ၏။ ရာထူးတိုးရန်အတွက် ဝဖဟုခေါ်သော ပုံစံဖြည့်ပြီး အကြီးအကဲက အမှတ်ပေးရာတွင် တွေ့နိုင်၏။ တစ်ခါကရာထူးအတွက် အပြိုင်သုံးယောက် ကိုအမှတ်ပေးရသောအခါ ဌာနမှူးကမှတ်တမ်းဟောင်းများပြန်လှန်ပြီး သင့်သလိုအမှတ်ပေးလိုက် သည်။ အုပ်ချုပ်ရေးမှကန့်ကွက်စာရောက်လာသည်။ ဝန်ထမ်းတစ်ဦးကို အကဲဖြတ်ရာတွင် အမှတ် ၅၀ ထက်မလျော့ရပါတဲ့။ ထိုဝန်ထမ်းငယ်က ၃၈ မှတ်လားပဲရသည်။ ဌာနမှူးက သတိပေးစာများ အရေးယူ ရခြင်းများ တာဝန်မလေးစားခြင်းများကို မှတ်တမ်းဖြင့်ပြပြီး ကျွန်တော်အပေးနိုင်ဆုံးပေးလိုက်တာပါဟု ရှင်းပြရတော့သည်။ ဝန်ထမ်းစည်းကမ်းအရ ဤသို့အမှတ် ၅၀ အောက်ရောက်လျှင် ဌာနဆိုင်ရာအရေး ယူမှုပြုလုပ်ရသည်။ ထုတ်ပစ်သင့်ထုတ်ပစ်ရသည်။ ထိုဝန်ထမ်းမှာ မိုးကျရွှေကိုယ်ဖြစ်နေ၍ ဘယ် လောက်စာတင်တင် အထက်ကအရေးမယူ။
ဝန်ထမ်းကို အကဲဖြတ်ရာတွ် အရည်အသွေးတစ်မျိုး (ဥပမာ-ရုံးတွင်စည်းကမ်းလိုက်နာမှု) တွင် ၁၀ မှတ်ပေးရလေရာ အုပ်ချုပ်ရေး၏ အလိုအရ ၅ မှတ်တော့ပေးရမလိုဖြစ်နေသည်။ ရုံးကိုလာချင်မှလာ၊ အလုပ်ခိုင်းတော့ လုပ်ချင်မှလုပ်၊ ပြန်ချင်သည့်အချိန်ပြန်ဆိုသော ဝန်ထမ်းမျိုးကို ၅ မှတ်ပေးသင့်ပါသ လား။
(၄)
နောက်တစ်ခုကတော့ အနုပညာပြိုင်ပွဲတစ်ခုတွင် ဖြစ်သည်။ ကျွန်တော့်ကို ဒိုင်လုပ်ဖို့ပြောထားသည်။ တကယ်ခေါ်တော့ နောက်ဆုံးပွဲကျမှခေါ်သည်။ ပုံမှန်ဒိုင်တစ်ဦး၏အဖွဲ့ကပါ ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ် ရာ သူ့နေရာတွင် ခေတ္တဆောင်ရွက်ပေးရန်သာ စေခိုင်းခြင်းဖြစ်ကြောင်းကိုရောက်မှ သိရသည်။ အမှတ်ပေးပုံစံနှင့် စည်းမျဉ်းများပါပေးသည်။ အရည်အသွေးတစ်မျိုးအတွက် ၁၀ မှတ်ပေးရန် သတ်မှတ်ရာတွင် သုည သို့မဟုတ် ၅ သို့မဟုတ် ၁၀ သာပေးရမည်ဟုဆိုသည်။ ကျွန်တော်မကြိုက် ပေ။ အဝတ်အစားဆိုပါစို့။ ဘာမှဝတ်မလာဘဲ တက်ပြိုင်လျှင်တော့ သုညပေးလိုက်လို့ရသည်။ ဝင်ပြိုင် သူက သင့်တင့်စွာတော့ ဝတ်ဆင်လာမည်ဖြစ်ရာ အနည်းဆုံးတော့ ၅ မှတ်ပေးရတော့မည်။ သို့သော် သူသည် ၇ မှတ်လောက် ရထိုက်သူဖြစ်နေနိုင်သည်။ ထို့အတူပင် လုပ်ရမည့်အလုပ်နှင့် လိုက်ဖက်စွာ ဝတ်စားလာသဖြင့် ၁၀ မှတ်အပြည့်ပေးရန်ဆိုရာ၌ ၈ မှတ်လောက်ပဲ ပေးထိုက်သူဖြစ်နေနိုင်သည်။ သံစဉ်၊ သီချင်းစာသား၊ အက၊ အဖွဲ့လိုက်ညီညွတ်မှုစသည်များကို အမှတ်ပေးရာတွင် ဤသို့ သုည၊ ၅၊ ၁၀ သတ်မှတ်ခြင်းသည် ဘယ်လိုမှ အလုပ်မဖြစ်နိုင်ကြောင်း ကျွန်တော်ဆွေးနွေးပါသည်။ အရင် ၄ ရက်ကလည်း ဤမူနှင့်ပင်လုပ်လာခဲ့ပြီဟုဆိုသောကြောင့် ကျွန်တော့်လို အစားထိုးဆွဲခန့်ဒိုင်က ဘာမှ ပြောနေစရာမရှိတော့ပေ။
ထိုနေ့ကပြိုင်သော အဖွဲ့တစ်ဖွဲ့ကို ကျွန်တော်အမှတ် ၆၀ အပြည့်ပေးလိုက်သည်။ အပြစ်အနည်းအပါး မှလွဲ၍ ဘာမှပြောစရာမရှိအောင် ကောင်းနေသည်ဟု ကျွန်တော်ယူဆ၍ဖြစ်သည်။ ကျွန်တော့်မူအရ သာအမှတ်ပေးရလျှင်တော့ ဟိုနားနည်းနည်းလျော့ ဒီနားနည်းနည်းလျော့ဖြင့် ၈ မှတ်တွေ ၉ မှတ်တွေ ပါကာ ၅၄ မှတ်လောက်ပဲရမည်။ အမှတ် ၅၅ ဖြင့် ဒုတိယရသော အဖွဲ့သည်လည်း ၄၃ မှတ်လောက် သာရမည်။ အမှတ် ၅၀ ဖြင့် တတိယရသောအဖွဲ့ကတော့ ၃၆ မှတ်လောက်ပဲရမည်။
ဤပြိုင်ပွဲမှာ နေ့စဉ်ပြိုင်ပွဲဖြစ်ရာ ယခင်နေ့များတွင် ပထမ၊ ဒုတိယ၊ တတိယရခဲ့သော အဖွဲ့များလည်းရှိ မည်။ ထို့ကြောင့်ရမှတ်အားလုံးပေါင်းပြီး အကောင်းဆုံးငါးသင်းကို နောက်ဆုံးအဆင့်အဖြစ် ယှဉ်ပြိုင် စေသည်ဟု ကြားလိုက်ရ၏။ ကြားလိုက်ရ၏ဟု သုံးရခြင်းမှာကျွန်တော်မပါတော့သောကြောင့်ဖြစ် သည်။ ခေါ်မည်ပြောပြီး မခေါ်ကြတော့။
သူတို့၏အမှတ်ပေးစည်းမျဉ်းကြီးက အလုပ်မဖြစ်နိုင်ကြောင်းကိုတော့ ကျွန်တော်တရားဝင်ပြောခဲ့ပါ သည်။ ဖိုင်နယ်မှာပြင်မပြင် ကျွန်တော်မသိပါ။ ဘယ်အဖွဲ့တွေဆုရသွားသည်ကိုကြည့်ပြီး စည်းမျဉ်းကို ပြင်ကြပုံ မရဟု ကျွန်တော်မှန်းမိသည်။
သေးသေးမွှားမွှားကိစ္စမှ အစကြီးကြီးမားမားကိစ္စတွေအထိမှာ နှပ်ကြောင်းပြအမှတ်ပေးစည်းမျဉ်းတွေ ရှိနေတတ်သည်ကိုတော့ ကျွန်တော်မြင်လိုက်ပါ၏။
Democracy Today Daily
အတွဲ(၁)၊ အမှတ်(၄၀)၊ ဧပြီလ(၉) ရက်၊ ၂၀၁၄ ခုနှစ်