ဗိုလ်ချုပ်အောင်ဆန်းပြောခဲ့တဲ့ ပညာရေးသဘောတရား
အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းဟာ ငယ်စဉ်က အသက် (၈) နှစ်အရွယ်ရောက်မှ နတ်မောက်မြို့ ဒီပင်္ကရာကျောင်း၊ ဆရာတော် ဘကြီးဘုန်းကြီး ဦးသောဘိတရဲ့ မြန်မာစာ စာသင် ကျောင်းမှာ ပညာစတင်သင်ကြားခဲ့ရတာပါ။ အသက် (၁၃) နှစ်အရွယ်မှာတော့ အစ်ကိုကြီးဖြစ်သူ ဦးဘဝင်း (အာဇာနည်ခေါင်းဆောင်ကြီး) ရှိရာ ရေနံချောင်းအမျိုးသား အထက်တန်းကျောင်းကို ပြောင်း ရွှေ့ ပညာသင်ခဲ့ရတယ်လို့ ဆိုပါတယ်။ ဘုန်းတော်ကြီးသင်ပညာရေးနဲ့ စတင်ခဲ့သူ ဗိုလ်ချုပ်အောင်ဆန်း ဟာလေးနက်တဲ့ ပညာရေးသဘောတရားကို စဉ်းစားဆင်ခြင်ခဲ့သူတစ်ဦးဖြစ်ကြောင်း တွေ့ရပါတယ်။
ဗိုလ်ချုပ်အောင်ဆန်းက တိုးတက်မှုအတွက် ပြောင်းလဲမှုလိုအပ်တယ်လို့ ပြောခဲ့ပါတယ်။ “တိုးတက်မှု” ဟာ “ပြောင်းလဲမှု” ကသာ ပေါက်ဖွားလာနိုင်တယ်။ အပြောင်းအလဲမရှိတဲ့နေရာ၊ တစ်နည်းအားဖြင့် သမားရိုးကျအတိုင်းသာရှိနေတဲ့နေရာမှာ “တိုးတက်မှု” ကိုတွေ့နိုင်မှာ မဟုတ်ဘူးလို့ဆိုပါတယ်။ ဒါကြောင့်ပညာဆိုသည်မှာ လူ၏အသိဉာဏ်ကို တိုးပွားရန်သာမဟုတ်၊ လူ၏စိတ်နေစိတ်ထား၊ အတွေး အခေါ်အယူအဆများကို တိုးတက်မှုဘက်သို့ ရှေးရှုကာ ပြောင်းလဲပေးတဲ့အ ရာလည်းဖြစ်တယ် လို့ ပြောခဲ့ပါတယ်။
ဒါ့အပြင် ပညာဆိုတာ စာအုပ်စာတမ်းဖတ်လို့ သိလာရတဲ့စာသိထက်ပိုလွန်ပြီး အတိုင်းအဆမရှိ အလွန်ကျယ်ပြောနက်ရှိုင်းကြောင်း ပြောခဲ့ပါတယ်။ လူသားတိုင်းဟာ ပညာတည်းဟူသော လောက ပြင်ကျယ်ကြီးအတွင်းမှာ ပုခက်တွင်းမှ သုသာန်ရောက်သည်အထိ ပညာသင်များဖြစ်ကြတယ်လို့ ဆိုပါ တယ်။ ဒါကြောင့်ပညာသင်ကြားမှုဖြစ်စဉ် (Learning Process) ဟာ အမှန်စင်စစ်အားဖြင့် တစ်သက် လုံး ကုန်ဆုံးသွားတယ်ရယ်လို့ မရှိနိုင်ကြောင်း ထင်ထင်ရှားရှား တင်ပြခဲ့ပါတယ်။
ဗိုလ်ချုပ်အောင်ဆန်းရဲ့ ပညာရေးသဘောတရားအရ ပညာတတ်တစ်ဦးဟာ အရာရာကိုဆင်ခြင်သုံး သပ်နိုင်စွမ်းရှိတဲ့ ဉာဏစွမ်းအားပိုင်ရှင်ဖြစ်ပြီး မိမိဉာဏ်အမြင်ရှိသလောက် သူ့ရဲ့စိတ်ဓာတ်ကိုလည်း ပြုပြင်စီမံနိုင်သူဖြစ်ရမယ်လို့ ဆိုပါတယ်။ ဒါ့အပြင်ပညာဟာ စာအုပ်ထဲမှာသာ ရှိသည်မဟုတ်၊ စာအုပ် ကိုကျော်လွန်ပြီး မြင်နိုင်စွမ်းရှိရမည်။ ပညာဟာလူရဲ့အသိဉာဏ်ကို တိုးပွားစေရုံသာမက၊ စိတ်နေစိတ် ထား၊ အတွေးအခေါ်အယူအဆများကိုလည်း တိုးတက်စေရမယ်။ လူထုရဲ့ဆန္ဒလား၊ လူထုရဲ့လုပ်အား ကိုလည်း နူးညွတ်လာအောင် စည်းရုံးနိုင်ရမယ်လို့ ပြောပါတယ်။ ပညာဖြင့်ရာဇဝင် (သမိုင်း) ကိုသိရုံ သာမဟုတ် ရာဇဝင်ဖန်တီးနိုင်ရမယ်။ လောကအကြောင်းကို နားလည်ရုံသာမဟုတ်၊ ဒီထက်ပိုကောင်း တဲ့လောကမျိုးကို ဖန်တီးတည်ဆောက်နိုင်ရမယ်လို့ လမ်းညွှန်ခဲ့ပါတယ်။ မှန်ကန်ပြည့်စုံတဲ့ပညာရေး စနစ်နဲ့တိုးတက်ကောင်းမွန်တဲ့လောကသစ်ကို ဖန်တီးနိုင်တယ်လို့ ဗိုလ်ချုပ်က မျှော်လင့်ယုံကြည်ခဲ့ပုံ ရပါတယ်။
ဗိုလ်ချုပ်အောင်ဆန်းဟာ သူယုံကြည်လက်ခံခဲ့တဲ့ ပညာရေးသဘောတရားတိုင်း သူ့ဘဝပုံရိပ်ကို ထုဆစ်ပုံဖော်နိုင်ခဲ့သူပါ။ သမိုင်းကို သိရုံသာမဟုတ်၊ သမိုင်းကိုထဲထဲဝင်ဝင် နားလည်ဖန်တီးသူတစ်ဦး အဖြစ်နဲ့လည်း သူ့ခေတ်ရဲ့ကမ္ဘာ့သမိုင်းပုံရိပ်ကို အထင်အရှားမီးမောင်းထိုးပြနိုင်ခဲ့သူဖြစ်ပါတယ်။ ပညာရဲ့နက်နဲတဲ့သဘောတရားကို ရှုမြင်သုံးသပ်နိုင်သူဖြစ်ပြီး ပညာကိုထိထိရောက်ရောက် အသုံးချ နိုင်သူဖြစ်ကြောင်းကိုလည်း သက်သေထူခဲ့ပါတယ်။
မျက်မှောက်ခေတ် ပညာနယ်ပယ်မှာ ပညာရေးကိုဆန်းစစ်လေ့လာနေကြတဲ့ ပညာရှင်များ၊ ပညာရေး ဆိုင်ရာတာဝန်ရှိသူများအနေနဲ့ ခေတ်သစ်ပညာရေးစနစ်ကို အကောင်အထည်ဖော်နိုင်ဖို့အတွက် ဗိုလ်ချုပ်အောင်ဆန်းပြောခဲ့တဲ့ ပညာရေးသဘောတရားထဲက ကောင်းနိုးရာရာ အယူအဆတွေ ကို ရွေးထုတ်ပြီးလက်တွေ့ကျင့်သုံးကြဖို့ လိုအပ်ကြောင်းအကြံပြုလိုပါတယ်။ အထူးအားဖြင့် လူငယ်လူ ရွယ်တို့ရဲ့ ပညာရေးဟာ ကျောင်းသင်မှတ်စုစာအုပ်ထဲမှာသာ ကျင်လည်နေရုံနဲ့ မပြီးနိုင်ဘဲ လူ့လောက သမုဒ်ပြင်ကျယ်က ရနိုင်တဲ့တကယ့်ပညာအနှစ်တွေကို ဆည်းပူးလေ့လာနိုင်ဖို့အတွက်ပါ ကျယ်ကျယ် ပြန့်ပြန့်လမ်းဖွင့်ပေးသင့်ပါတယ်။
အထူးပြောလိုတာကတော့ ကျောင်းတိုင်းမှာ ကျောင်းစာကြည့်တိုက်များကို ထိထိရောက်ရောက် အသုံး ချနိုင်အောင် ဆောင်ရွက်ပေးခြင်း၊ လူငယ်ဖွံ့ဖြိုးရေးသင်တန်းများ၊ လူငယ်အားကစားသင်တန်းများ ဖွင့်လှစ်၍ လူငယ်လူရွယ်တို့ရဲ့ ကာယ၊ ဉာဏစွမ်းအားများတိုးတက်အောင် ဆောင်ရွက်စေခြင်း၊ ယခု အခါစမ်းသပ်အကောင်အထည်ဖော်နေတဲ့ ကင်းထောက်သင်တန်းများလိုလူငယ်သင်တန်းများ ဖွင့်လှစ် ပေးခြင်းဖြင့် လူငယ်တို့ရဲ့ ပညာရေးနှင့်အတူ ဘက်စုံ၊ ကဏ္ဍစုံ ဖွံ့ဖြိုးတိုးတက်ရေးကို ဦးတည်ဆောင် ရွက်ပေးသင့်ကြောင်း အကြံပြုလိုပါတယ်။
ဗိုလ်ချုပ်အောင်ဆန်းရဲ့ ပြောစကားထဲမှာ လူဆိုတာ မမှားဖူးတဲ့သူမရှိဆိုတဲ့အချက်လည်း ပါဝင်ပါ တယ်။ ပထမဆုံးတစ်ကြိမ်မှာ အမှားကိုအမှားမှန်းမသိသေးပေမယ့် နောက်တစ်ကြိမ်အမှားလုပ်မိရင် တော့ အမှားထဲကအမှန်ကို တွေ့လာလိမ့်မယ်လို့ဆိုပါတယ်။ ဒီလိုအချိန်မျိုးမှာ အမှားကနေ အမှန်ကို ပြောင်းလဲပြင်ဆင်နိုင်ဖို့ကတော့ ကာယကံရှင်ရဲ့ စိတ်ဓာတ် (Mind-Set) အပေါ်မှာလုံးဝမူတည်နေပါ တယ်။ မှားမှန်းသိရင် ပြင်ရမယ်ဆိုတာ ပညာသိရဲ့အနှစ်သာရပါပဲ။ မှားမှန်းသိလျက်နဲ့ မပြင်ချင်ဘူးဆို ရင်တော့ အမှန်ပဲပညာမတတ်သူလား၊ ပညာရဲ့အနှစ်သာရကို နားမလည်အသုံးမချတတ်သူလားဆို တာဝေဖန်ဆန်းစစ်ရတော့မှာ ဖြစ်ပါတယ်။ လှေနံဓားထစ် အလုပ်၊ အပြော၊ အတွေးတို့ကတော့ ပညာရဲ့အဓိပ္ပာယ်နဲ့ လုံးလုံးလျားလျားကြီးကို ဆန့်ကျင်ဘက်ဖြစ်ကြောင်း အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းက လမ်းညွှန်မိန့်ကြားခဲ့ကြောင်းပါဗျာ။ ။
7Day News Journal
Vol.13, No.6, April.9, 2014