မအိုဆေးများ ဖောဖောသီသီ သောက်ကြသည်
အခန်းတံခါးက သံကြိုးတန်းလန်းဖြင့် သော့ခတ်ထားသည်။ ပြတင်းပေါက် အားလုံးတွင်လည်း သံတိုင် များကို လေးလက်မခန့်စီ ခြား၍ စိုက်ထားသည်။ အခန်း ၅ ခန်း ပါရှိသည့် ယင်းအဆောင်တွင် ထိုအခန်း သည် နံပါတ် ၅ ဖြစ်ပြီး အခန်းတံခါးကို သံကြိုးဖြင့် သော့ခတ်ပိတ်ခံထားရသည့် တစ်ခုတည်းသော အခန်း လည်း ဖြစ်သည်။
“ဒီအခန်းက ထွက်ပြေးတဲ့ သူတွေကို ထားတာ၊ ပြီးတော့ နည်းနည်းကြမ်းတဲ့၊ ကြောင်တဲ့သူတွေပေါ့၊ သူတို့က ဆေးအရှိန်နဲ့ မှိန်းနေကြတာဗျ” ဟု အိပ်စက် နေကြသူတွေဆီသို့ လက်ညှိုးညွှန်ရင်း ဦးစိုးခိုင် (အမည်လွှဲ) က ဆိုသည်။
သူ့ပုံစံက စကားပြောဖော် မရှိသည့်အတွက် ပျင်းရိနေပုံမျိုး။ အခန်းရှေ့မှ လူတစ်ယောက်တလေ ဖြတ်သန်း သွားသည်ကို မြင်တိုင်း အမိအရ လှမ်းနှုတ်ဆက်သေးသည်။ အထဲတွင် လူ ၁၅ ယောက်ခန့်၊ အများစု ကတော့ ခုတင်များပေါ်တွင် လဲလျောင်းနေကြသည်။ တစ်ယောက်ကတော့ အားလုံးကို ကျောပေး ထားပြီး နောက်ဖေးဘက် ပြတင်းပေါက်ဆီသို့ ငြိမ်သက်စွာ ငေးကြည့်နေသည်။
ရန်ကုန်မြို့တော်၊ ရွာသာကြီးရှိ စိတ်ကျန်းမာရေးဆေးရုံ၊ အရက်စွဲ ကုသဆောင်တွင် ဖြစ်သည်။ ဦးစိုးခိုင် သည်လည်း အခြားလူနာများ ကဲ့သို့ပင် အရက်စွဲ လာရောက်ကုသသည့် လူနာတစ်ဦး ဖြစ်ပြီး ထိုအခန်း နံပါတ် ၅ တွင် ထည့်သွင်းခြင်း ခံရသူတစ်ဦး ဖြစ်သည်။
မည်သည့် အတွက်ကြောင့် အရက်သောက်ရသနည်းဟု မေးမြန်းကြည့်မည် ဆိုပါက ကြီးကြီးငယ်ငယ် ရွယ်ရွယ်သော သူတို့ထံမှ အကြောင်းပြချက် အမျိုးမျိုး ထွက်လာပေလိမ့်မည်။ မိတ်ဖြစ်ဆွေဖြစ်၊ အမှတ်တရ အဖြစ်၊ အလုပ်ပင်ပန်းသဖြင့်၊ စိတ်ညစ်သဖြင့်၊ ရာသီဥတုအေးသဖြင့် စသည်ဖြင့်။
မြန်မာနိုင်ငံတွင် ယခုနှစ်များအတွင်း အရက်သောက်သုံးမှုနှုန်း မြင့်တက် လာနေကြောင်းကို လူမှုပတ်ဝန်း ကျင်တွင် တွေ့မြင်နေရသလို လွှတ်တော် အတွင်းထိ မေးခွန်းထုတ်စရာ အခြေအနေ ဖြစ်လာနေ သည်။ ယောက်ျားလေးများပင် မကတော့ မြို့ပြနေအမျိုး သမီးငယ်အချို့ပင် အရက်ကို သောက်သုံး တတ်လာသည် အထိပင်။
ယမကာကို ဈေးပေါပေါနှင့် ခပ်လွယ်လွယ် မည်သို့ ရနေသနည်း။ ဆိုးပြစ်များက အဘယ်သို့နည်း။ အရက် ကို ရရှိနိုင်သည့် နေရာများက ရန်ကုန်မြို့တော် အပါအဝင် မြို့အသီးသီးတွင် ရပ်ကွက်တိုင်း၊ လမ်းတိုင်း နီးပါးတွင် ရှိနေသည်။ ပြီးတော့ နယ်ဒေသ၊ ကျေးလက်၊ တောရွာမကျန်။ မီးရထားလမ်း၊ ကားလမ်းသာ မပေါက်၊ လျှပ်စစ်မီး မရောက်သည်သာ ရှိမည်။ ထိုအရက်ကတော့ ရှိနေတတ်သည်။ အချိန်တိုင်းလည်း ရနေသည်။
“ဘာကြောင့် သောက်တယ်ပဲ ပြောပြော နောက်ဆုံးတော့ ကြိုက်လို့ သောက်တယ် ဆိုတာက အမှန်ဆုံးပဲ” ဟု အသက် ၅၀ ကျော်အထိ အရက်ကို စွဲစွဲမြဲမြဲ သောက်သုံးသူ ဦးမျိုးက ဆိုသည်။
သာမန် လက်ဖက်ရည် တစ်ခွက်လျှင် ငွေကျပ်သုံးရာကျပ် ရှိနေသည့် ယနေ့ အချိန်အခါတွင် အရက် တစ်ပု လင်းကိုလည်း ထိုမျှသော ငွေကြေးဖြင့် ဈေးနှုန်း ချိုသာလွန်းစွာ အလွယ်တကူ ဝယ်ယူ ရရှိနိုင်သည်ကိုတော့ စဉ်းစားဖို့လည်း ကောင်းနေသည်။ အချို့ဒေသများတွင် ၂၀၀ ကျပ်ဖြင့်ပင် ရောင်းချနေသည်လည်း ရှိနေ သည်။
ယင်းသို့ အရက်ကို ဈေးနှုန်းချိုသာစွာနှင့် လွယ်ကူစွာ ဝယ်ယူရရှိနိုင်ခြင်းက အရက် သောက်သုံးမှု များပြား လာခြင်း၏ အခြေခံ အကြောင်းရင်းတစ်ရပ် ဖြစ်ကြောင်း လွှတ်တော် ကိုယ်စားလှယ်များနှင့် ဆရာဝန် အသိုင်းအဝိုင်းက ထောက်ပြ ပြောဆိုသည်။
အဆိုပါ တန်ဖိုးနည်း အရက်ကို ပုံမှန် သောက်သုံးသူများမှာ ဝင်ငွေနည်း လက်လုပ်လက်စား၊ အခြေခံ လူတန်းစားများသာ ဖြစ်နေတတ်သည်။ အရက်တစ်ပိုင်းလျှင် ၁၅၀ ကျပ်၊ အမြည်း တစ်ပွဲလျှင် ၁၀၀ ကျပ်၊ ငွေကျပ် ၂၅၀ ခန့် ရှိလျှင် ထိုလူတန်းစားများအတွက် ပြီးပြည့်စုံသည့် ညနေခင်းများကို ပိုင်ဆိုင် နိုင် သည့် နေရာများကလည်း ရန်ကုန်မြို့၏ ဆင်ခြေဖုံး မြို့နယ်များတွင် အဆင်သင့် ရှိနေသည်။
“မနက်စောစော ဆိုက်ကား မထွက်ခင် နှစ်ရာဖိုးသောက်တယ်၊ မသောက်ရင် ခေါင်းက မကြည်ဘူးလေ၊ အရှိန်ကျသွားရင် တစ်ခါနှစ်ရာဖိုးပေါ့၊ မနက်ပိုင်း ထမင်းမစားခင် လေးခါလောက် ရောက်ချင် ရောက်သွား တာ” ဟု ရန်ကုန်မြို့ သာကေတမြို့နယ်၊ အနော်မာ ရပ်ကွက်နေ အနှေးယာဉ်လုပ်သား အသက် ၃၀ အရွယ် ကိုကုလားက ဆိုသည်။
ထိုကဲ့သို့ ဈေးသက်သာလွန်းသည့် အရက်အမျိုးအစားသည် မည်ကဲ့သို့ အရက် ဖြစ်သနည်း။ မည်သည် တို့ဖြင့် ထည့်သွင်း ရောချက်ထားသဖြင့် ထိုသို့ ဈေးနှုန်းအဆမတန် ချိုသာနေသနည်း ဆိုသည်ကမူ မေးခွန်း ထုတ်စရာ အခြေအနေပင်။
မအိုဆေးဟု အရက်သမား လောကအတွင်း လူသိများပြီး ယခင် မြန်မာ့စီးပွားရေး အရက်ချက်လုပ်ငန်း Burma Economic Distillery Corporation (BEDC) ကထုတ်သည့် ဘီအီး (BE) ဟု လွယ်လွယ် ခေါ်ဆို ခဲ့သည့် အရက်ဖြူပင် ဖြစ်သည်။
သို့သော် ယနေ့ ရောင်းချနေသည့် ဘီအီးသည် ယခင် မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်ခေတ်ကကဲ့သို့ အသင့်ဖျော်စပ်ပြီးသား မဟုတ်။ ပုဂ္ဂလိက စက်ရုံကချက် လုပ်သည့် အရက်အဆီကို ရောင်းချသည့် ဆိုင်ရောက်မှ သင့်သလို ဖျော်စပ်ရောင်းချခြင်း ဖြစ်သည်။ အရက်ပါဝင်မှု နှုန်းထားနှင့် သောက်သုံးရသည့် အရသာကတော့ စံချိန်မမှန်တတ်။ ဆိုင်အလိုက်၊ နေရာအလိုက်၊ သောက်သုံးသူ အကြိုက်အလိုက် အမျိုးမျိုး ဖြစ်နေတတ်သည်။
အနံ့၊ အရသာက ပုံမှန်မရှိ၊ ရေချိန်ကလည်း ပုံမှန်မရှိသော အရက်များကို ခပ်ပေါပေါ ရနိုင်တတ်သည်။
“စံချိန်တော့ သိပ်ပြီးမမှန်ဘူး” ဟု လက်ရှိ ရန်ကုန်မြို့တွင် မြေအောက်ရေပိုက် ပြင်ဆင်လုပ်ငန်း လုပ်ကိုင်နေ သူ ဦးတင်ရွှေက ဆိုသည်။
အဆိုပါ အရက်ကို သောက်သုံးပါက အသက်ရှည်ကြာစွာ မနေရဘဲ ငယ်ရွယ်စဉ်မှာပင် သေဆုံး သွားစေ တတ်သောကြောင့် မအိုဆေးဟု အမည်ပြောင်ပေးလေ့ ရှိသည်။
အရက် သောက်သုံးသူများအနက် ချက်အရက်ကို သောက်သုံးသူ ၄၀ မှ ၄၅ ရာခိုင်နှုန်းရှိပြီး အရက်လုံးဝ စွဲနေသူ လူတစ်ထောင်လျှင် ၂၃ ယောက်ဝန်းကျင် ရှိနေကြောင်း ဒေသန္တရ စစ်တမ်းတစ်ခု အရ စိတ်ကျန်း မာရေး ဆရာဝန်တစ်ဦး၏ ပြောဆိုမှုကို မီဒီယာတစ်ခုတွင် ဖော်ပြဖူးသည်။
ဝီစကီ၊ ရမ်၊ ဂျင်၊ ဗော့ဒ်ကာ၊ ဝိုင်၊ ဘီယာ၊ အရက် စသည်ဖြင့် အရက်အုပ်စု အမျိုးမျိုးရှိပြီး နိုင်ငံတကာတွင် ဆန်၊ ဂျုံ၊ ဘာလီ၊ ပြောင်းနှင့် စပျစ်၊ နာနတ်ကဲ့သို့သော သစ်သီးဝလံများဖြင့် စံချိန်စံညွှန်းများအတိုင်း ထုတ် လုပ်ကာ အရက်အမျိုးအစား အလိုက် အရက် (Alcohol) ပါဝင်မှု ရာခိုင်နှုန်းများ သတ်မှတ်ထားသည်။ ဘီအီးကိုလည်း ကြံဖြင့်သကြား ချက်လုပ်ရာမှ ထွက်ရှိသည့် တင်လဲ (သကာ) ရည်မှ ထုတ်လုပ်ခြင်း ဖြစ်ကြောင်း ရောင်းချသူများထံမှ သိရသည်။
သို့သော် အချိုရည် ဈေးနှုန်းကဲ့သို့ ထိုမျှ အဖိုးချိုသာသော နှုန်းထားဖြင့် ရောင်းချနေသည်မှာ အရက် အရည် အသွေးကို သံသယဖြစ်ဖွယ် အနေအထား ဖြစ်ကြောင်း ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်စန္ဒာမင်း က ပြောဆိုသည်။
“နဂိုကတည်းက ကျန်းမာရေးအတွက် ဆိုးကျိုးဖြစ်စေတဲ့ အရက်ကို ဒီဈေးနှုန်းတွေနဲ့ ရောင်းနေတာ အမှန်ပဲ ဆိုရင်တော့ ကျွန်မတို့ တိုင်းပြည်မှာ အရက်နဲ့ ပတ်သက်တဲ့ ရောဂါတွေက မတွေးရဲ လောက်အောင်ပဲ။ သေ ချာတယ် ဆေးဝါး တင်သွင်းတဲ့ ကုမ္ပဏီတွေပဲ ပိုပြီးချမ်းသာဖို့ ရှိတယ်” ဟု ၎င်းက မှတ်ချက်ပြုသည်။
မိမိစိတ်ကြိုက် အရောင်၊ အနံ့၊ အရသာကို ရရှိစေနိုင်သည့် ဓာတုပစ္စည်းများကို ဈေးကွက်အတွင်း အလွယ် တကူ ရရှိနေသည့် ယနေ့ခေတ်တွင် ထိုမှတ်ချက်သည်လည်း အလေးအနက် စဉ်းစားဖွယ် ဖြစ်သည်။ ယင်းကို နိုင်ငံခြားဖြစ် အရက်တစ်ပုလင်းလျှင် အနိမ့်ဆုံး ကျပ်သောင်းဂဏန်း ဝန်းကျင်မှ ကျပ်သိန်းဆယ်ချီ အထိ တန်ကြေး ရှိနေခြင်းကို ထောက်ရှုနိုင်ပေသည်။
ဝမ်းစာ အာဟာရကိုပင် ပြည့်ဝစွာ စားသောက်နိုင်ရန် မလွယ်ကူသည့် အခြေခံ လူတန်းစားများအတွက် ထိုနိုင်ငံခြားဖြစ် အရက်များကို သောက်သုံးနိုင်ဖို့ ဆိုသည်မှာ အိပ်မက်တစ်ခုသာ။ ဝင်ငွေ ရွှင်သည့် အခါမျိုး တွင်ပင် အများဆုံးမှန်း နိုင်သည်က တစ်ပုလင်းလျှင် ကျပ် ၂၀၀၀ ဝန်းကျင်ရှိသည့် ပြည်တွင်းထုတ် နာမည်ကြီး အမှတ်တံဆိပ်ထက်မပို၊ အများအားဖြင့် ကျပ် ၆၀၀ ဝန်းကျင်ရှိ ‘ဇေ’ ကဲ့သို့ သော အသင့်ဖျော် စပ်ပြီးသား အမှတ်တံဆိပ်တစ်ခုကို ရောင်းအားကောင်းကြောင်း အရက်ဆိုင် ပိုင်ရှင်များက ဆိုသည်။
ယခင်ကာလ များကတော့ ကျေးလက်ဒေသများ အပါအဝင် မြို့ပေါ် ရပ်ကွက်များတွင် ကျန်းမာရေး ထိခိုက် မှုကို အတော်အသင့် လျော့နည်းစေသည့် ထန်းလျက် သို့မဟုတ် ဆန်တို့ဖြင့် စိမ်ရည် ဖောက်ပြီး ပေါင်းခံ ချက်လုပ်သည့် တောအရက် (ထွေးညို၊ ဂျန်းဂဲလ် ဆိုသည်) များ ပေါပေါများများ ရှိခဲ့သည်။ သို့သော် ချက် လုပ်ရာတွင် အသုံးပြုသည့် ထင်း၊ မီးသွေး ရှားပါးလာခြင်းနှင့်အတူ ချက်လုပ်စရိတ် ကြီးမြင့်သည့် အတွက် ဈေးနှုန်း ချိုသာသည့်အပြင် ရောင်းချရ လွယ်ကူသည့် အဆီစပ်ဘီအီးကိုသာ ပြောင်းလဲ ရောင်း ချလာကြောင်း ဆိုင်ရှင်များက ဆိုသည်။
နိုင်ငံတကာမှာကဲ့သို့ အရက်ချက် စက်ရုံများကို အရည်အသွေးနှင့် အရေအတွက်ကို ထိန်းချုပ် ကန့်သတ် သည့်အပြင် အရက်လုပ်ငန်းများထံမှ အခွန်၊ အခများကို ပိုမိုတိုးမြှင့် ကောက်ခံသင့်ကြောင်း ဥပဒေများ ပြ ဋ္ဌာန်းရန်လိုပြီး ပြဋ္ဌာန်းထားသည့် ဥပဒေအတိုင်း အရေးယူ ဆောင်ရွက်နိုင်ရန် လိုကြောင်း ဒေါ်စန္ဒာမင်းက အကြံပြု ပြောဆိုသည်။
နိုင်ငံတကာတွင် အရက်ရောင်းချရမည့် အချိန်သတ်မှတ်ထားခြင်း၊ အခွန်ကြီးမြင့်စွာ ကောက်ခံခြင်း၊ အရေအတွက် ပမာဏ ကန့်သတ်ထားခြင်း၊ အသက် ၁၈ နှစ်အောက် လူငယ်များကို လုံးဝမရောင်းချခြင်း စသည့်ဥပဒေများ ပြဋ္ဌာန်းထားသည်။
“ရုရှားနိုင်ငံမှာလို ဗော့ဒ်ကာအရက် သောက်သုံးမှုတွေ များပြားလာလို့ အစိုးရကနေ ထိန်းချုပ် လိုက်ရသလို မျိုးပေါ့၊ ဒီလိုသာ ဆက်သွားမယ်ဆိုရင် တစ်ချိန်က ဘိန်းကျွေးပြီး ကျွန်ပြုသလို ကျွန်မတို့ နိုင်ငံမှာလည်း အရက်ရဲ့ ကျေးကျွန်တွေ ဖြစ်ကုန်မယ်၊ ထိုင်းနိုင်ငံမှာဆိုရင် အလုပ်ချိန် အတွင်းမှာ ရောင်းချခွင့် မပြုတာ မျိုးတွေ ရှိတယ်” ဟု ဒေါ်စန္ဒာမင်းက ဆိုသည်။
ထိုင်းနိုင်ငံတွင်မူ ညနေငါးနာရီမှ ည ၁၁ အထိသာ ယမကာ ဝယ်ယူခွင့်ပြုသည်။
ယစ်မျိုးလိုင်စင် ရယူ၍ ရောင်းချသူ များကလည်း ယစ်မျိုးလိုင်စင် ကတ်ပြားပါ စည်းကမ်းချက်များနှင့် အညီ ရောင်းချရပြီး ဖောက်ဖျက် ကျူးလွန်ပါက အရေးယူ ဆောင်ရွက်လျက်ရှိပြီး အခါအားလျော်စွာ စစ်ဆေးရေး အဖွဲ့များဖြင့် ဝင်ရောက် စစ်ဆေးအရေးယူကြောင်း ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်၊ လူမှုရေးဝန်ကြီး ဒေါက်တာမြင့်သိန်းက လွှတ်တော်အတွင်းတွင် ဖြေဆိုထားသည်။
သို့သော် တရားမဝင် ရောင်းချခြင်းများက ရှိနေဆဲပင် ဖြစ်သည်။ အရွယ် မရောက်သေးသည့် ကလေး သူငယ်များကို အရက် အဝယ်ခိုင်းခြင်းများလည်း ရှိနေဆဲပင်။
“လိုင်စင်က အဖြူလိုင်စင်ပဲ။ ဒါပေမဲ့ တစ်မျိုးတည်းဆိုတော့ အဆင်မပြေဘူးလေ၊ သူ့အကြိုက်နဲ့သူမို့ ဝီစကီလည်း ရောင်းတယ်” ဟု စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်ရှိ အရက်ဆိုင် လုပ်ငန်းရှင်တစ်ဦးက ဆိုသည်။
“ပိုက်ဆံတော့ ကြည့်ပေးနေရတယ်” ဟု သူဆက်ပြောလိုက်သည်က ယင်းဈေးကွက် အလုပ်ဖြစ်ရေး၊ ခပ်လွယ်လွယ် အရောင်းတွင်ရေး ဒေသဆိုင်ရာ အာဏာပိုင်များကပါ အမြစ်တွယ် ပါဝင်နေကြောင်း ထင်ရှားနေသည်။
တရားမဝင် ချက်လုပ် ရောင်းချသည်ဖြစ်စေ၊ တရားဝင်ဖြစ်စေ၊ စနစ်တကျ ချက်လုပ်ထားခြင်း မရှိ သည့် ပြည်တွင်းဖြစ် အရက်ညံ့ဖြစ်စေ၊ စံချိန်စံညွှန်းနှင့်အညီ စနစ်တကျ ချက်လုပ်ထားသည့် နိုင်ငံခြားဖြစ် အရက် သောက်သုံးခြင်းကြောင့် ကျန်းမာရေး ထိခိုက်စေကြောင်းကို ကမ္ဘာ့ကျန်းမာရေး အဖွဲ့ကြီး၏ ထုတ်ပြန်ချက်က သက်သေခံနေသည်။
မြန်မာနိုင်ငံတွင် စာရင်းဇယားပေါက် အရက်သောက်နှုန်း မည်မျှရှိသည်၊ နေ့စဉ်ရက်ဆက် မည်မျှတိုးနေ သည်ကို တိတိကျကျတော့ မသိနိုင်။ သို့သော် ပြည်တွင်းတွင် ယမကာ ထုတ်လုပ်သည့် နာမည်ကျော် ကုမ္ပဏီတစ်ခုဖြစ်သော Myanmar Brewery Ltd. ၏ အမှုဆောင် အရာရှိချုပ် ဦးမြင့်ဇော်၏ အစည်းအဝေး တစ်ခုတွင် ထုတ်ဖော်ခဲ့သော အောက်ပါ အပြောအရ ‘မြန်မာ့ သောက်နှုန်း’ က အတက်ဘက်တွင်သာ ရှိနေကြောင်း ရှင်းနေသည်။
“နှစ်တိုင်း ဈေးကွက် ကြီးထွားနှုန်းက တော်တော့ကို သိသိသာသာပါပဲ”
အသောက်ကြောင့် လူမှုရေးထိမည်၊ စီးပွားရေးထိမည်၊ ကျန်းမာရေး ဆက်ထိမည်၊ တစ်ပြည်လုံး အတိုင်း အတာ လူ့စွမ်းအား အရင်းအမြစ် ထိမည်။ ဆေးကုသစရိတ်၊ လူမှုရေးဆိုင်ရာ အကုန်အကျ များက တိုင်းပြည်ဝင်ငွေတွင် အနုတ်ပြသည့်အပြင် သုံးငွေတွင် ပိုကုန်လာလိမ့် မည်။ ယင်းသည်ပင် တိုင်းပြည်၏ အဘက်ဘက်မှ ယိုပေါက်များကို ဖန်တီးနေသည်။
ယင်းကို အနှေးယာဉ်လုပ်သား ကိုကုလား၏ အောက်ပါအဆိုက ထောက်ခံသည်။
“မသောက်ရင် ပုံမှန်ထက် ပိုရှာနိုင်တယ်။ ဘာလို့လဲဆိုတော့ အနံ့နံရင် လူတွေက မစီးချင်ကြဘူး”
ကမ္ဘာပေါ်တွင် အရက်သောက်သုံးမှုကြောင့် နှစ်စဉ် လူ ၃ ဒသမ ၃ သန်း သေဆုံးလျက်ရှိပြီး အဆိုပါ ကိန်းဂဏန်း အရ ၁၀ စက္ကန့်လျှင် လူတစ်ဦးနှုန်း အရက်ကြောင့် သေဆုံးနေကြောင်း ကမ္ဘာ့ကျန်းမာရေး အဖွဲ့ကြီး၏ ထုတ်ပြန် ချက်ကို ပြည်ပသတင်း တစ်ပုဒ်တွင် ဖော်ပြထားသည်။ အဆိုပါ အရေအတွက် သည် အေအိုင်ဒီအက်စ်၊ တီဘီနှင့် တိုက်ခိုက် ခံရမှုကြောင့် သေဆုံးသူ စုစုပေါင်းထက် ပိုမိုများပြားကြောင်း အဆိုပါသတင်းက ဆိုသည်။
ယင်းကဲ့သို့ အသက် မသေဆုံးသော်လည်း ဦးစိုးခိုင်ကဲ့သို့ စိတ်ကျန်းမာရေး ဆေးရုံရောက်သည့် လူဦးရေ မှာလည်း များစွာပင် ရှိမည်ဖြစ်သည်။ လက်ရှိ ရန်ကုန် စိတ်ကျန်းမာရေး ဆေးရုံတွင် အရက်စွဲလူနာ ၁၅၀ မှ ၂၀၀ ၀န်းကျင် နေ့စဉ် ဆေးကုသလျက် ရှိနေကြောင်း အဆိုပါ ဆေးရုံ၏ အရက်စွဲကုဆောင်နှင့် သုတေသန ဌာနမှ ဆရာဝန်တစ်ဦးက ပြောဆိုသည်။
“ဘယ်လိုအရက်ပဲ သောက်သောက် ကြာလာရင်တော့ ဦးနှောက်ကို ထိခိုက်မှာပဲ။ ဒီမှာ ဆရာတို့ ဆေး ကုပေးတယ် ဆိုတာက ထာဝရ အရက်ပြတ်အောင်တော့ လုပ်မပေးနိုင်ဘူး။ အရက်ဖြတ်တဲ့အခါ ဝေဒနာ မခံစားရအောင်၊ စိတ်ပိုင်းဆိုင်ရာ ဖွံ့ဖြိုးတိုးတက်အောင်၊ ခန္ဓာကိုယ် ကျန်းမာသန်စွမ်းအောင် ကူညီပေးတာပဲ ရှိတယ်၊ လုံးဝပြန်မသောက်ဖို့ ဆိုတာက ကိုယ့်စိတ်အပေါ်မှာပဲ မူတည်တယ်” ဟု ၎င်းကဆိုသည်။
ဆေးရုံတွင် ဆေးကုသမှု ခံယူကာ အရက်ဖြတ်သည့် လူနာအများစုမှာ ဆေးရုံဆင်းသည့် အချိန်တွင် ပြန် လည် သောက်သုံးလေ့ ရှိကြောင်း၊ အချို့လူနာများဆိုလျှင် ဆေးရုံသို့ အကြိမ်များစွာ လာရောက်ဖူးသူများပင် ရှိကြောင်း အဆိုပါ ဆရာဝန်က ပြောဆိုသည်။
အဘယ်ကြောင့် သူ့ကို ထိုအခန်း နံပါတ် ၅ တွင် ထားရသနည်းဟု မေးသောအခါ အခန်းတွင်းသို့ အရက် ခိုးသွင်းခြင်းကြောင့်ဟု အကြိမ် ၄၀ မြောက် အရက်ဖြတ်ပြီး ဖြစ်သည့် ဦးစိုးခိုင်က ပြန်ဖြေသည်။
ဖောဖောသီသီနှင့် ပေါပေါလွယ်လွယ် ရနေသော မအိုဆေးဟု ဆိုလေ့ရှိသည့် အရက်ပြတ်ဖို့ ဦးစိုးခိုင် အတွက် သေချာပြီလား။ ဆေးရုံသို့ ၄၁ ကြိမ်မြောက် အရက်ဖြတ်ခြင်း သံသရာ ပြန်မလည်နိုင်တော့ဘူး လား။ ဆေးရုံကအဆင်း အရက်ပြန်သောက်ဦးမည်လားဟု မေးခွန်းထုတ်တော့ ဦးစိုးခိုင်က အဖြေမပေးဘဲ ခပ်သောသော ရယ်နေလေသည်။
The Voice Journal
-------------------------------------------------
ကိုမျိုး (lwanmapyay.blogspot.com)